Monday, June 03, 2013

မြန်မာတို့နှင့် အိမ်နီးချင်း မိတ်ဆွေများ အကြောင်း။

ရေးမယ်လို့ကြံထားတာ ကြာပါပြီ။ ဟိုချိန်ဒီချိန်နဲ့ နေ့ရွှေ့ညရွှေ့ရွေ့လာတာ အတော်ကြာခဲ့ပြီပေါ။ အခုတော့ တကယ်ရေးဖြစ် ပါပြီ။  ကျွန်တော်  နားလည်မိသလောက်  ကျွန်တော့်အမြင်ကို  တင်ပြချင်း  သတ်သတ်မျှသာဖြစ်ပါတယ်။ယနေ့ကျွန်တော်တို့ မြန်မာပြည်ဟာ  တံခါးပိတ်ဝါဒမှ သည်  တံခါးဖွင့်ချင်းဆီ သို့  ကူးပြောင်းရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။တစ်ချိန်က ပိတ်ခဲ့သမျှရဲ့  ဆိုးကျိုး ဆိုးပြစ်တွေကို  တံခါးဖွင့်မှပဲ  ဟာကနဲ ဟင်ကနဲနှင့် ရင်နင့်အောင် ခံစားလိုက်ရတယ်လို့ဆိုရင်  ကျွန်တော်လွန်လေမလား  မသိပါ။ အဟုတ်ကိုရင်နင့်အောင်ခံစားလိုက်ရပါတယ်။တစ်ချိန်ကတံခါးပိတ်ဝါဒရဲ့အောက်မှာကျွန်တော်တို့ဟာလည်း
မွေးကတည်းက စတေးခံခဲ့ရတဲ့  သားကောင်းတွေလိုပါပဲဗျာ။ တကယ်ကို ဘာမှ မသိခဲ့ပါ။ မသိချင်းမှ စ၍  မတတ်ချင်းဆီသို့ရောက်မှန်းမသိ ရောက်ခဲ့ရပါတယ်။  ကျွန်တော်တို့ တတွေ  အိပ်မောကျခဲ့စဉ်မှာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေဟာ  အပြိုင်အဆိုင်နဲ့  ရှေ့သို့သာဆိုတဲ့မူဝဒများနဲ့ တိုး၍ တိုး၍ သိ ၊ တိုး၍ တိုး၍ တတ် ၊ တိုး၍ တိုး၍ ကြီးပွားချမ်းသာကုန်ကြပါသည်။

အသိပညာ အတတ်ပညာ ကွာခြားချက်က ပို၍ပို၍ ကြီးမား လာလေလေ တွေးခေါ်မျှော်မြင်နိုင်စွမ်း  က ပို၍ ပို၍ ကွာခြားလာလေလေပင်  ဖြစ်နေတာ့သည်။ ကျွန်တော် အပါအ၀င် လူလတ်ပိုင်းသို့ ရောက်နေကြပြီ ဖြစ်သော သူအတော်များများဟာတစ်ချိန်က တံခါးပိတ်ချင်းရဲ့ အောက်မှာ ၀ိုးတ၀ါး အတွေ ၀ိုးတ၀ါး အသိများနှင့်သာ အချိန်အတော်ကြာကြာ ဘ၀ကို ဖြတ်သန်းခဲ့ကြရပါတယ်။ ဆယ်တန်းအောင် အောင်အရင်လုပ် ။ ဆယ်တန်းအောင်ရင် အမှတ်ကောင်းကောင်းရမှနော်။ ဒါမှ အင်ဂျင်နီယာ၊ဆရာဝန် လိုင်းကိုလိုက်။ အင်ဂျင်နီယာ ၊ ဆရာဝန်ဖြစ်မှ ဆိုတဲ့ အတွေးအခေါ်အောက်မှာ နစ်မျောခဲ့ကြရပါ။
 င်ငံတစ်နိုင်ငံ ထူထောင်ဖို့အတွက် အင်ဂျင်နီယာ ၊ ဆရာဝန်မှလား။ မဟုတ်သေးပါ။ အသိပညာရှင်များ အများကြီး လိုပါသည်။ ဒီလိုဆိုရင် မင်းက အင်ဂျင်နီယာ၊ ဆရာဝန်တွေဟာ  အတတ်ပညာရှင် သက်သက်တွေလို့ ပြောတာလားဟု စော်ဒက တက်စရာရှိပါသည်။ တကယ်တော့ ပထ၀ီဟာလည်း အတတ်ပညာတစ်ခုပါ။ သမိုင်းဟာလည်း အတတ်ပညာတစ်ခုပါ။ အင်ဂျင်နီယာပညာဟာလည်း အတတ်ပညာတစ်ခုသာ ဖြစ်ပါတယ်။ ဆရာဝန်ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။
အတတ်ပညာကို ကြိမ်ဖန်များစွာ လေ့လာသင်ယူပြီး အတွေ့အကြုံများနှင့်ပေါင်းစပ်ပါမှ ။ ထိုးထွင်းသိမြင်နိုင်တဲ့အသိပညာ ဖြစ်လာတာပါ။လက်ရှိအနေအထားမှာ ကျွန်တော်တို့အတွက် ပထ၀ီ၊ သမိုင်း ၊ စီးပွားရေး ဘာသာရပ်တွေမှာ ထိုးထွင်းသိမြင်နိုင်တဲ့  အသိပညာရှင် ဘယ်လောက်ရှိ နေပြီလဲ။
ကျွန်တော်တို့ ပတ်ဝန်းကျင် အိမ်နီး ချင်းတွေဆီမှာ ပထ၀ီ၊ သမိုင်း ၊ စီးပွားရေး ဘာသာရပ်တွေကို ထိုးထွင်း သိမြင်တဲ့ပညာရှင်တွေ  ဘယ်လောက်များနေပြီလဲ။
         ကျွန်တော် တွေးမိတာလေး ချရေးကြည့်ပါ့မယ်။
 ကျွန်တော်တို့နိုင်ငံဟာ အိမ်နီးချင်း နိုင်ငံနှင့်  တစ်ချိန်က သဘောတူစာချုပ်ဟုဆိုသော စာချုပ်များစွာ ချုပ်ဆိုခဲ့ပါတယ်။ဘယ်သူတွေ သဘောတူသလဲတော့  ကျွန်တော်မသိပါ။  ကျွန်တော်သိတာလေးတော့  ချရေးပါ့မယ်။  အိမ်နီးချင်နိုင်ငံအကြောင်းပေါ့။
       အဲဒီ အိမ်နီးချင်းနိုင်ငံဟာ ၁၉၉၀ ၀န်းကျင်မှာ အပြောင်းအလဲများစွာ နဲ့ တံခါးစဖွင့်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ စီးပွားရေးလည်း တစ်ဟုန်ထိုးတိုးတက်လာပြီးကမ္ဘာ့စီးပွားရေးဈေးကွက်မှာ အင်အားကြီး အဖြစ်နှင့် ရပ်တည်လာ နိုင်ခဲ့ပါတယ်။ ယခုဆိုလျင်ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံများ  ဖြစ်သော အမေရိကန်၊ ဂျပန်တို့နှင့် အပြိုင်  ဈေးကွက်ကို စိုးမိုးလာခဲ့ပြီ  ဖြစ်ပါတယ်။ဆက်လက်၍လည်း  မိမိ၇ဲ့ ပြိုင်ဘက်များကို အလဲထိုး ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေပါတယ်။ ရေရှည်မှာဈေးကွက်တစ်ခုလုံးကို  စိုးမိုး ထားနိုင်ဖို့ အတွက် နှစ်ရှည် စီမံကိန်းများ  ချမှတ်ကာ ဆောင်ရွက် နေပါတယ်။
 အဆိုပါနိုင်ငံရဲ့  နှစ်ရှည်စီမံကိန်းများထဲမှာ  ကျွန်တော်တို့ချစ်တဲ့ အမိမြေဟာလည်း တစ်စိတ်တစ်ပိုင်း သာမကအဓိက နေရာကနေပါဝင်လာပါတော့သည်။ သို့ဆိုပါလျှင် မြန်မာပြည်ဟာ  ဘယ်လောက်တောင် အရေးပါ လာပါသလဲ။
 ကမ္ဘာ့စီးပွားရေးပြိုင်ဆိုင်မှုမှာ စားသုံးသူအတွက်ဈေးနှုန်းဟာအဓိကဖြစ်လာပါတယ်။ ဒါကြောင့် ထုတ်လုပ် သူများဟာမိမိတို့ရဲ့  ကုန်ပစ္စည်းကိုစားရိတ်စကသက်သာစွာထုတ်လုပ်နိုင်လေလေဈေးကွက်ကို အသာစီး နဲ့ ကြိုးကိုင်နိုင်လေလေဖြစ်ပါတယ်။ ကုန်ပစ္စည်းထုတ်လုပ်မှုမှာအဓိကကျတဲ့ အကြောင်းတစ်ချက်က တော့ စွမ်းအင်ပါပဲ။ ကုန်ထုတ်လုပ်ဖို့အတွက်လိုအပ်တဲ့စွမ်းအင်ကိုကုန်ကျစာရိတ်သက်သက်သာနဲ့ ရရှိလေလေ အမြတ်အစွန်းများလာလေလေပါပဲ။ ယနေ့ကမ္ဘာကြီးမှာ စက်များလည်ပတ်ဖို့အတွက် အဓိက အသုံးပြုနေ တဲ့ လောင်စာစွမ်းအင်ကို ရေနံကနေ အဓိကရရှိပါတယ်။ အခြားသော လျှပ်စစ်စွမ်းအင်စတာတွေလည်း ရှိပါတယ်။ သို့အတွက်ကြောင့် အိမ်နီးချင်းနိုင်ငံဟာ စွမ်းအင် ဖူလုံရေးနှင့် စွမ်းအင် လုံခြုံရေးကို သူနိုင်ငံအ တွက် အမျိုးသား အကျိုးစီးပွားအဖြစ် သတ်မှတ်ပြီး စီမံကိန်းချ ဆောင်ရွက်လာပါတယ်။
အဆိုပါ အိမ်နီးချင်းနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်နေသည်ဆိုသော်လည်း ၁၀၀ % မဟုတ်သေးပါ။ နိုင်ငံရဲ့ အရှေ့ဖက် ကမ်းခြေဒေသ နှင့် အလယ်ပိုင်း၏အရှေ့ဖက် ဒေသ၊ အရှေ့တောင်ဖက်ဒေသ များတွင်သာ ဖွံ့ဖြိုးတိုးတက်မှုရှိနေချင်းသာဖြစ်ပါတယ်။ အနောက်အလယ်ပိုင်းဒေသ၊ အနောက်ဖက်ခြမ်းရှိ ပြည်နယ်များ အားလုံး၊မြောက်ဖက်ကုန်းတွင်းပိတ်ပြည်နယ်များအားလုံးဟာဖွံ့ဖြိုးတိုးတက်မှု  နောက်ကျဆဲမှာပဲ ရှိပါသေး တယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ ဒီဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေဆောင်ရွက် သွားဖို့ ရှိပါတယ်။  ဆယ်စုနှစ် ၂ ခုအတွင်းလောက်မှာ  အဆိုပါဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက်  အပြီး တည်ဆောက်သွားရန် ရည်မှန်းချက် ရှိဟန်တူပါတယ်။ သည်အခါမှာ လောင်စာစွမ်းအင်ဟာ အဓိက နေရာ ကနေ ပါဝင်လာပါတယ်။ သို့အတွက် ကျွန်တော်တို့ ချစ်တဲ့ မြန်မာပြည်ဟာအရေးပါမှန်းမသိပဲ  အရေးပါ လာခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့မသိမဟုတ်၊ သိခဲ့ပါတယ်။ ယောင်ဝါးဝါးသာသိခဲ့ပါတယ်။ တကယ်ဘယ် လိုနေရာကနေ အရေးပါမှန်း မသိခဲ့ပါ။
ယနေ့ အိမ်နီးချင်း နိုင်ငံဟာ  လွန်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်းမှာ  လိုအပ်တဲ့စွမ်းအင်အရင်းအမြစ်များကို  လိုက်လံရှာဖွေခဲ့ပါတယ်။  ကမ္ဘာ့ စွမ်းအင်အရင်းအမြစ်အတော်များများဟာ အရှေ့အလယ်ပိုင်း ဒေသမှာ ရှိနေပါတယ်။အဆိုပါအရင်းအမြစ်များကိုလည်း  အမေရိကန်နှင့် အခြားအနောက် ဥရောပ နိုင်ငံများမှ လွမ်းမိုးချုပ်ကိုင်ထားပြီးသားဖြစ်နေပါတယ်။  သို့အတွက်ကြောင့်  အိမ်နီးချင်းနိုင်ငံဟာ အာဖ၇ိကား တိုက်နှင့် တောင် အမေ ရိကသို့ ရေနံအရင်းအမြစ်ရှာဖွေရေး လုပ်ခဲ့ရပါတယ်။  ရလည်း ရခဲ့ပါတယ်။ သို့ပါသော်လည်း အဆိုပါ ရေနံစွမ်းအင်များကို အမိမြေသို့ သယ်ယူရေးမှာများစွာ အခက်အခဲကြုံနေ ရပါတယ်။ အာဖရိကားမှ  ရေနံများကို သယ်ယူလိုပါက အိန္ဒိယ သမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာ နှစ်ခုကို
အရင်ဖြတ်ပြီး နိုင်ငံ၏အရှေ့ဖက်ဆိပ်ကမ်းများသို့သယ်ရပါမည်။ ထိုမှတဆင့် ကုန်းတွင်း လမ်းကြောင်းများ ဖြင့် နိုင်ငံ၏အလယ်ပိုင်းသိုသယ်ရပါမည်။ ထိုအခါ စွမ်းအင်အတွက်မည်မျှကုန်ကျစာရိတ် မြင့်တက်သွားပါ မည်နည်း။ပိုဆိုးသည်ကမလာကာရေလက်ကြားကိုဖြတ်၍သယ်ယူရသည်မှာလုံခြုံရေးအရများစွာ အန္တရာယ် ရှိပါသည်။ မလာကာရေလက်ကြားကို ပိတ်ဆို့ထားယုံမျှနှင့်  ကိစ္စအားလုံးပြတ်သွားနိုင်ပါသည်။
 သို့ပါသောကြောင့် အိမ်နီချင်း နိုင်ငံဟာ ရေနံစွမ်းအင်ကို အချိန်အတိုဆုံး၊ ကုန်ကျစာရိတ်အသက်သာဆုံး၊ လုံခြုံရေးအရအာမခံချက်အရှိဆုံးလမ်းကြောင်းကို ရွေးချယ်လာပါတယ်။ အဲဒီလမ်းကြောင်းကတော့ မြန်မာ ပြည်ကို ဖြတ်ပြီး သယ်ယူချင်းပါပဲ။ကျောက်ဖြူမှစ၍ မြန်မာပြည်ကို ဖြတ်ကာ ယူနန်နယ်အထိ တိုက်ရိုက် ပိုက်လိုင်းဖြင့် သယ်ယူရန် စီမံကိန်းဟာ အိမ်နီးချင်းတို့အတွက် အသက်တမျှအရေးကြီးသော စီမံကိန်း တစ်ခုဖြစ်လာပါတော့သည်။ အဆိုပါ ပိုက်လိုင်း စီမံကိန်းဟာ ဓါတ်ငွေ့တစ်ခုတည်းကိုသယ်ယူရန်အတွက် သာမဟုတ်ပဲ အာဖရိကားနှင့် တောင်အမေရိကတိုက်မှ သယ်ယူလာသော ရေနံစိမ်းများကိုပါ ကုန်းတွင်းသို့
တိုက်ရိုက်သယ်ယူရေးအတွက် မဟာဗျူဟာမြောက်ရေးဆွဲထားသော စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ဦးတည် ဘွားတို့၏အနာဂတ်ကိုအဆုံးအဖြတ်ပေးနိုင်တဲ့စီမံကိန်းတစ်ခုပါ။ အိမ်နီးချင်းတို့ တိုင်းပြည်အတွက် နေရှင် နယ်အင်းထရက်စ် တစ်ခုပါ။ သိပ်မကြာခင်သောကာလမှာ ရှမ်းကုန်းပြင်မြင့်နှင့် နီးစပ်တဲ့ အိမ်နီးချင်းတို့ရဲ့  ပြည်နယ်တစ်ခုမှာရေနံ၊ဓါတ်ငွေ့စက်ရုံတွေအပြိုင်းအရိုင်းနဲ့ပေါ်ထွက်လာတော့မှာဖြစ်ပါတယ်။အဆိုပါ ရေနံ ချက်စက်ရုံများရဲ့ နောက်ဆက်တွဲ ကောင်းကျိုး၊ ဆိုးကျိုးများကိုတော့ပညာရှင်များက သိပ်မကြာခင်မှာ သုံးသပ်ရေးသား လာမယ်လို့ထင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းအိမ်နီးချင်း တို့အတွက် လောင်စာသယ်ယူစာရိတ် ၅၀% လျော့ကျသွားစေမှာ  ဖြစ်တဲ့အတွက် ဘီလီယံပေါင်းများစွာ အကျိုးများစေမည့်  စီမံကိန်းတစ်ခုဖြစ်ပါတယ်။ တနည်းဆိုသော် အပွန်းအပဲမခံနိုင်သော  အမျိုးသားအကျိုး စီးပွားတစ်ရပ် ဖြစ်ပါတယ်။ကမ္ဘာ့စီးပွားရေး  ဈေးကွက်ကိုလည်း များစွာသက်ရောက်စေတဲ့  စီမံကိန်းတစ်ရပ် ဖြစ်ပါတယ်။
ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ အစိပ်အပိုင်းတစ်ရပ်အနေနှင့်  ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကိုလည်း ပူးတွဲအနေနှင့်ဆောင်ရွက်ခဲ့ပါတယ်။  စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ  တန်ချိန် ၅၀၀၀၀ - ၁၀၀၀၀၀ ရှိသော ရေနံတင်သင်္ဘောများနှင့်ကုန်သေတ္တာတင် သင်္ဘောများ ဆိုက်ကပ်ရန် ရည်ရွယ်ချက် ရှိမည်ဟု ထင်ပါတယ်။  ကျောက်ဖြူတွင် တည်ဆောက်နေသော ရေနံလှောင်ကန်များကို မူတည်ပြီး ဖြစ်ပေါ် လာသော အမြင်များဖြစ်ပါတယ်။ ဓါတ်ငွေ့လှောင်ကန်များဟု စော်ဒကတက်စရာရှိပါတယ်။
ဓါတ်ငွေ့လှောင်ကန်များတည်ဆောက်ပုံနှင့်  ရေနံလှောင်ကန်များ တည်ဆောက်ပုံကို နားလည်သော ပညာရှင် အင်ဂျင်နီယာများမှဝင်ရောက်ဆွေးနွေးပေးပါဟု မေတ္ထာရပ်ခံလိုပါတယ်။
 ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ကုန်သေတ္တာတင်သင်္ဘောများ ဆိပ်ကပ်ရန်ဟု တင်ပြထားခဲ့ ပါတယ်။  တန်ချိန်များစွာရှိတဲ့ ကုန်သေတ္တာတင် သင်္ဘောတွေအတွက် ဟုဆိုပါလျှင် တို့မြန်မာပြည်အတွက် ဒီလို ကုန်သေတ္တာတန်ချိန် သိန်းသန်းချီပြီးကိုင်တွယ်မည့် ဆိပ်ကမ်းကြီးတွေ လိုလို့လားဟုမေးလာစရာ ရှိပါသည်။ လိုပါသည်။ ရှိထားလျှင်ကောင်းပါသည်။ သို့သော် ကျွန်တော်တို့၏ထုပ်လုပ်မှု  စွမ်းအင် သည် နောင် နှစ် ၂၀ အတွင်း မည်သို့မှ သိန်းသန်းချီသော ကုန်ပစ္စည်တင်ပို့သည့်အဆင့်အတန်း သို့ ရောက်မလာနိုင်သေးပါ။ သို့သော် ရရှိလာမည့် စွမ်းအင် အ၇င်းအမြစ်များပေါ်တည်မှီပြီး လူဦးရေ  သန်း ၃၀၀၀ သို့ရောက်လုနီးနေသော  အိမ်နီးချင်းတို့အတွက်သည်ကား  ပြေလည်ရုံ သက်သက်အဆင့် သာ ရှိနေပါလိမ့် အုံးမည်။
လွန်ခဲ့သော နှစ် ၁၀၀ မှစ၍ နောင်လာလတ္တံသော နှစ်များစွာအထိ ကမ္ဘာပေါ်တွင်  အထိရောက်ဆုံး ကုန်စည် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဟာ ရထားလမ်းသာလျှင်ဖြစ်ပါတယ်။  စဦးတည်ဆောက် စားရိတ်မြင့်မားသော်လည်းနှစ်အနည်းငယ်အတွင်း  တည်ဆောက်စားရိတ်ကြေပါသည်။ အဘယ်ကြောင့် ဆိုသော်  ရထားတွဲတစ်တွဲဖြင့်  ကုန်စည်တန်ချိန်များစွာကို  အလျင်အမြန်သယ်ယူနိုင်၍  ဖြစ်ပါသည်။ ထို့အပြင် ရထားတွဲ တစ်တွဲ၏တည်ဆောက်မှု  စာရိတ်သည်သင်္ဘောတစ်စီးတည်ဆောက်စားရိတ်ထက် များစွာ  သက်သာပါသည်။ လောင်စာလိုအပ်ချက်လည်း  များစွာသက်သာပါသည်။
အဆိုပါ အကြောင်းအချက်များကြောင့်  အိမ်နီးချင်းတို့၏ ကုန်းတွင်းပြည်နယ်တစ်ခုမှ ကျောက်ဖြူသို့ ရထားလမ်းစီမံကိန်းဆိုသောစီမံကိန်းတစ်ရပ်ပေါ်ထွက်လာခဲ့ပါသည်။ အဆိုစီမံကိန်းကြောင့်ကုန်းတွင်းပိတ် ပြည်နယ်များမှ  ကုန်စည်များသည်သယ်ယူပို့ဆောင်ရေး  စာရိတ် ၅၀% ထက်မနည်း သက်သာစွာဖြင့်  ကမ္ဘာ့ဈေးကွက်သို့  ရောက်လာပါလိမ့်မည်။ ဘီလီယံပေါင်းများစွာ  အကျိုးအမြတ်ရရှိပါမည်။  မည်သို့မျှ အပွန်း အပဲ မခံနိုင်သော အမျိုးသာ အကျိုးစီးပွားတစ်၇ပ်  ဖြစ်လာပြန်ပါသည်။
စတုတ္ထမြောက် ရည်မှန်းချက် စီမံကိန်းတစ်ခုကတော့ ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း များ ဖြစ်ပါ သည်။ အဘယ်မျှ အကျိုးများပါသနည်း။ ဧရာဝတီ မြစ်ဆုံစီမံကိန်း  ကြောင့် အနည်းစပ်ဆုံး ဦးတည်ဘွား တို့ ပြည်နယ်ကြီးအတွက် စွမ်းအင်ဖူလုံသွားပါမည်။  ကုန်ကျစာရိတ် များစွာ သက်သာသွားပါမည်။ သို့အတွက်ကြောင့် အပွန်းအပဲ့မခံနိုင်သော အမျိုးသား အကျိုးစီးပွားတစ်ရပ်  ဖြစ်လာခဲ့ပါသည်။
သို့သော်လည်း အမှတ်မထင် မြန်မာ့ နိုင်ငံရေး အပြောင်းအလဲတွင်  အိမ်နီးချင်းတို့  အငိုက်မိခဲ့ပါသည်။ မြန်မာပြည်သူအပေါင်းမှ  သဘောမတူလက်မခံသော ဧရာဝတီ မြစ်ဆုံစီမံကိန်းကို သမ္မတဦးသိန်စိန်  အစိုးရမှ မိမိတို့၏သက်တမ်းအတွင်း ရပ်ဆိုင်းထားမည်ဟု  ကြေငြာခဲ့ပါသည်။  အမှတ်မထင်  အငိုက်မိခဲ့ ချင်းဖြစ်ပါသည်။ အတော်လည်း အထိနာခဲ့ရပါသည်။
 ဧရာဝတီမြစ်ဆုံစီမံကိန်းတွင် အငိုက်မိခဲ့သော  အိမ်နီးချင်းတို့သည်ကျန်သောအပွန်းအပဲ့မခံနိုင်သော  အမျိုးသားအကျိုးစီးပွားများကိုကာကွယ်ရန်အတွက်နည်းလမ်းပေါင်းဆုံဖြင့်ကာကွယ်ကြမည်ဆိုသည်ကို  မေး ခွန်းထုတ်စရာပင်လိုမည်မဟုတ်ဟု  ထင်မြင်မိပါသည်။
တဖက်တွင်  ဘီလီယံပေါင်းများစွာ  အကျိုးအမြတ်ရစေမည့်  စီမံကိန်းများအတွက် ကျွန်တော်တို့ မြန်မာပြည်အတွက်လည်း  ထိုက်သင့်သော  အဖိုးအခရရှိရန်လိုအပ်ပါသည်။  ဤစီမံကိန်းများသည်  ကမ္ဘာ့ အခင်းအကျင်းများကိုပါပြောင်းလည်းသွားစေနိုင်သောအကြောင်းအချက်များကြောင့် လိမ္မာပါးနပ်စွာနှင့်  ကိုင်တွယ်ဖြေရှင်းတတ်ရန်လည်းများစွာလိုအပ်ပါသည်။ပန်းပြာပင်ကဲ့သို့မကျင့်မိလျှင်လည်း  ဘေးဒုက္ခရောက် တတ်ပါသည်။  စုဖုရားလတ်ကဲ့သို့ ရာဇမာန်တက်ခဲ့လျင်လည်း  အချုပ်အခြာအာဏာကို  ထိပါးတတ်ပါ သည်။ လိမ္မာပါးနပ်စွာ  ကျင့်ကြံတတ်ဖို့ များစွာလိုပါမည်။
ရာဇ၀င်တွင် သမိန်ဗရမ်းသည် ချိုင်းကြားချပ်ကြိုးပြတ်သည်မှ  ချက်ကြိုးပြတ်ရာကို  လှံနှင့်ထိုး၍  လိုရင်းကို ပြီးစေခဲ့ပါသည်။  အမတ်တိန် က  ရာဇာဓိရာဇ်ကို ဆက်ဆံသကဲ့သို့လည်း  နှုတ်ရေးကြွယ်စွာ သော် လည်းကောင်းအရှည်ကိုကြိုတင်မျှော်၍လိမ္မာပါးနပ်စွာဆက်ဆံတတ်ရန်လိုအပ်  သည်ဟု ထင်မြင်မိပါသည်။
 အနာဂတ်မြန်မာပြည်နှင့်  နောင်လာနောက်သား  သားစဉ်မြေးဆက်တို့  ကောင်းစားရေးအတွက် ပထ၀ီ၊ သမိုင်း၊ စီးပွားရေး ၊ နိုင်ငံရေး ပထ၀ီ၊ လူမှုရေး ပထ၀ီ ၊ ဥပဒေရေးရာ စသည် စသည် ဘာသာရပ်တို့တွင် အတတ်ကို တတ်ယုံသာလျှင်မဟုတ်အသိဥာဏ်တစ်ခု  ဖြစ်လာသည်အထိ တတ်သိလိမ္မာသော  လူငယ် လူရွယ်များ အမြောက်အများ မွေးထုတ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ ယနေ့ခေတ်  အမိမြန်မာပြည် အတွက်  အဓိကလိုအပ်နေသည်မှာ  တော်လှန်ရေးသမားများမဟုတ်ပဲ မည်သို့မည်ပုံ လုပ်ကိုင် ဆောင် ရွက်ရမည်ကို တတ်သိနားလည်ကျွမ်းကျင်သော ထူထောင်ရေးသမားများသာလျင်  လိုအပ်နေပြီဟု ထင်မြင်မိပါသည်။

https://www.facebook.com/notes/win-minthein

No comments:

Post a Comment

My Blog List