Tuesday, November 13, 2012

အာဆီယံ-အာရှ လမ်းပိုင်းတခု ကျပ်သန်း ၆,ဝဝဝ ကျော်ဖြင့် ဖောက်လုပ်မည်

ရန်ကုန် (မဇ္ဈိမ) ။        ။ အာဆီယံနှင့် အာရှလမ်းမကြီးအတွင်း ပါဝင်နေသည့် ရှမ်းပြည်နယ် နမ့်ဆန်-ကွမ်ဟိန်း-တာကော်-မိုင်းပြ-ကျိုင်းတုံလမ်းအား ကျပ်သန်းပေါင်း ၆,ဝဝဝ ကျော် အကုန်အကျခံ၍ ဖောက် လုပ်မည်ဖြစ်ကြောင်း သိရသည်။
“နမ့်ဆန်-ကျိုင်းတုံ လမ်းက မိုင် ၂ဝဝ ကျော် အရှည်ရှိပါတယ်။ ဆောက်လုပ်ရေးနဲ့ ကုမ္ပဏီအဖွဲ့ ၁၃ ဖွဲ့က ရရှိတဲ့ ရန်ပုံငွေ ကျပ်သန်း ၆,ဝဝဝ ကျော်နဲ့ ဖောက်လုပ်သွားမှာပါ” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးကပြောကြားသည်။
ထို့အပြင် ၁၁၂ မိုင် အရှည်ရှိ မုံရွာ-ပုလဲ-ဂန့်ဂေါ ကားလမ်းအား ကျပ်သန်း ၂,၇၅ဝ ဖြင့် လည်းကောင်း၊ ၈၃ မိုင်ရှည်လျားသည့် ကလေးဝ-ဂန့်ဂေါလမ်းအား ကျပ်သန်း ၃,၃ဝဝ ကျော်ဖြင့် လည်းကောင်း ပြုပြင်ဖောက် လုပ်သွားမည်ဖြစ်သည်။
“အာဆီယံ လမ်းမကြီးအပိုင်းမှာ ပါတဲ့ အရှည်မိုင် ၆၂ဝ ကျော်ရှိ ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်း လမ်းကို ကျပ်သန်း ၁,၄ဝဝ ကျော်နဲ့ ဖောက်လုပ်နေပါတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောကြားသည်။
ထို့အတူ အင်းမ်စတတ် လမ်းမကြီး အပိုင်းတွင် ပါဝင်သော ပခုက္ကူ-ပေါက်-ဂန့်ဂေါ လမ်းအား ကျပ်သန်း ၃ဝဝ ဖြင့် လည်းကောင်း၊ လီဒို လမ်းမကြီး အပိုင်းတွင် ပါဝင်သော မြစ်ကြီးနား-တနိုင်း-ပန်းတောင်း လမ်းအား ကျပ်သန်း ၂၅ဝ ဖြင့်လည်းကောင်း၊ အာဆီယံလမ်း အပိုင်းတွင်ပါဝင်သော ဘားအံ့ -ကော့ကရိတ် -မြဝတီ လမ်းအား ကျပ်သန်း ၁,ဝဝဝ ဖြင့်လည်းကောင်း ပြင်ဆင်ဖောက်လုပ်လျက် ရှိနေသည်။
၂ဝ၁၁ - ၁၂ ဘဏ္ဍာနှစ်မှ ၂ဝ၁၅ - ၁၆ ဘဏ္ဍနှစ်အထိ ၅ နှစ် စီမံကိန်းဖြင့် ဆောင်ရွက်မည့် လမ်းနှင့် တံတားများကို ဒုတိယနှစ် ဖြစ်သော ယခု ဘဏ္ဍာနှစ်တွင်  ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းများနှင့်   ဆောက်လုပ်ရေး ကုမ္ပဏီအဖွဲ့ ၆၇၉ ဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

My Blog List