Tuesday, November 13, 2012

ကလေးစစ်သားနဲ့ အဓမ္မခိုင်းစေမှု နည်းပါးလာသော်လည်း တိုင်ကြားမှု ရှိနေဆဲ

ကလေးစစ်သားအဖြစ် အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရစဉ် ၂၀၀၆ခုနှစ် နိုဝင်ဘာလက အသက် ၁၆နှစ်မပြည့်သေးသော မောင်ဆန်းဦးအား ၂၀၀၇ခုနှစ် ဇူလိုင် ၁၇ရက်က စစ်ဝတ်စုံဖြင့် သေနတ်ထမ်းပြီး ရိုက်ကူးထားသောပုံ
မြန်မာအစိုးရဟာ အဓမ္မလုပ်အား ယူခိုင်းစေတဲ့အလေ့နဲ့ ကလေးစစ်သား စုဆောင်းသုံးစွဲတဲ့အလေ့တွေ အမြန်လျော့ကျသွားအောင် အာဏာသုံးပြီး တားဆီးထားပုံရတယ်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO က မနေ့က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက ကလေးစစ်သားစုဆောင်းမှု တားဆီးကာကွယ်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး ခဲ့ပြီးချိန်ကစလို့ အရွယ်မရောက်သေးတဲ့ ကလေးစစ်သား ၄၂ ယောက် ပြန်လည်လွှတ်မြောက် လာခဲ့
ကြောင်း၊ ဒီနှစ်စပိုင်းကနေ အခုထိ ကလေးစစ်သား ၄၆ ယောက် ပြန်လွှတ်ပေးလိုက်တဲ့အတွက် ဒီသဘောတူစာချုပ်ဟာ ထိထိရောက်ရောက် အလုပ်လုပ်နေပြီလို့ ဆိုရမှာဖြစ်ကြောင်းလည်း ILO က ပြောပါတယ်။
ဒါပေမဲ့ ကလေးစစ်သားနဲ့ အဓမ္မခိုင်းစေခံရတဲ့ အမှုတွေနဲ့ပတ်သက်ပြီး ဒီနှစ် ဇွန်လ ၁ ရက်နေ့ ကနေ အောက်တိုဘာလ ၁ ရက်နေ့အထိ တိုင်ကြားစာ ၁၅၈ စောင်ရရှိခဲ့ပြီး၊  မနှစ်က အလားတူကာလ အတွင်း တိုင်ကြားစာ ၁၄၈ စောင် ILO က ရရှိခဲ့ပါတယ်။ ဒါကြောင့် ရလာဒ်ကောင်းတွေ ရရှိဖို့ အစပျိုး နေပြီဖြစ်ပေမဲ့၊ အရင်က အကျင့်ဟောင်းတွေကတော့  ရှိနေတုန်းပဲ လို့ပြောနိုင်ကြောင်းလည်း ILO က ဆိုပါတယ်။
မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအတွင်း အသက် ၁၈ နှစ်အောက် ကလေးစစ်သား အရေအတွက် ဘယ်လောက်ရှိမယ်ဆိုတာ အတိအကျ မပြောနိုင်ပေမဲ့၊ ထောင်နဲ့ချီပြီးရှိနေတယ်လို့ ယုံကြည်ကြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ကတည်းက ILO ဟာ အဓမ္မ ခိုင်းစေမှု နဲ့ပတ်သက်တဲ့ ပညာပေး လက်ကမ်းစာရွက် တစ်သန်းကျော်ကို ဗမာစာအပါအ၀င် တိုင်းရင်းသားဘာသာ ၇ မျိုး နဲ့ ရိုက်နှိပ်ပြီး ဝေငှခဲ့ပါတယ်။

No comments:

Post a Comment

My Blog List