Thursday, November 15, 2012

ဆွီဒင်ဝန်ကြီးချုပ် မြန်မာသမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံ

မဇ္ဈိမသတင်းဌာန ။       ။ မြန်မာသမ္မတ ဦးသိန်းစိန်သည် ဆွီဒင်နိုင်ငံ ဝန်ကြီးချုပ် Fredrik Reinfeldt ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော် သမ္မတအိမ်တော်ရှိ သံတမန်ဆောင် ဧည့်ခန်းမတွင် တနလာင်္နေ့ မွန်းလွဲပိုင်း က လက်ခံတွေ့ဆုံခဲ့ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်သည်။
မြန်မာ သမ္မတနှင့် ဆွီဒင်ဝန်ကြီးချုပ်တို့၏ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ဦးတင်နိုင်သိန်း၊ စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်၊ အမျိုးသား စီမံကိန်းနှင့် စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဒေါက်တာကံဇော် နှင့် မြန်မာဌာနဆိုင်ရာ အကြီး အကဲများနှင့်မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင် သံအမတ်ကြီး Klas Molin တို့ တက်ရောက်ကြသည်။
ဆွီဒင် ကုန်သွယ်ရေးဝန်ကြီး Ewa Bjoerling နှင့် ဆွီဒင်ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့တို့လည်း တက်ရောက်ခဲ့ ကြကြောင်း သတင်းဌာနများက ဆိုကြသည်။
သမ္မတရုံးက ဆိုရာတွင် တွေ့ဆုံပွဲတွင် “ဒီမိုကရေစီအရေး လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး ကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးနှင့် ဆွီဒင်နိုင်ငံမှ အကူအညီများ ပိုမိုပေးအပ်နိုင်ရေး၊ မြန်မာနိုင်ငံ ၏ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်ရေး ကိစ္စရပ်များတွင် အစိုးရအချင်းချင်း တိုက်ရိုက်ထိတွေ့ ဆက်ဆံရေးနှင့် ဆွီဒင်နိုင်ငံမှ အတွေ့အကြုံများ မျှဝေပေးရေး၊ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ရာဘာ၊ သစ် ၊ ရေလုပ်ငန်း၊ မွေးမြူရေးကဏ္ဍများတွင်  ဆွီဒင်နိုင်ငံမှ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု
နှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်” ဟု ဆိုထားသည်။
၂ဝ၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ဆွီဒင်နိုင်ငံ၏ အကူအညီပေးမှုမှာ အမေရိကန် ဒေါ်လာ ၁၈ သန်းခန့် ရှိသည်ဟုဆိုကြပြီး အကူအညီအများစုမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် လူ့အခွင့်အရေး
နှင့် ဒီမိုကရေစီကိုမြှင့်တင်ရေးအတွက် ကူညီသည့် ငွေကြေးရန်ပုံငွေများ ဖြစ်သည်။

No comments:

Post a Comment

My Blog List