Thursday, November 15, 2012

ကချင်ဒုက္ခသည်စခန်း အဆုပ်နှင့် AIDS ဝေဒနာရှင်များအတွက် ဆေးဝါးလိုအပ်နေ



ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ မုန်ဂါဇွမ် ဇိုင်းအောင် (Mungga Zup Zai Awng) ဒုက္ခသည် စခန်းတွင် အဆုပ်တီဗီရောဂါနှင့် HIV/AIDS ဝေဒနာခံစားသူ ဒုက္ခသည် အယောက် (၃၀) ကျော်ရှိရာ ပုံမှန်ဆေးများစားသုံးရန်ပြတ်လပ်မှုကြောင့် အခက်အခဲရင်ဆိုင်နေရကြောင်းသိရသည်။

“အစတော့ ကျွန်တော်တို့က နယ်စည်းမခြားဆရာဝန်များအဖွဲ့အစည်း (AZG) အဖွဲ့နဲ့ ညှိပြီး အဆုပ်တီဗီနဲ့ HIV/AIDS ရောဂါတွေစစ်ပြီး ဆေးတွေစားနေတယ်။ နဂိုကတည်းကလည်း AZG ကနေ ဆေးတွေ စားနေတဲ့သူတွေက မြစ်ကြီးနား၊ ဝိုင်းမော်ဒေသကလည်းပါတယ်။ AZG ကလည်း လတိုင်းလာမယ်လို့ ညှိထားတယ်။ ဒါပေမယ့် အခုနောက်ပိုင်း မလာတာ ၄၊ ၅ လ ရှိသွားပြီ။” ဟု ဒုက္ခသည် ကျန်းမာရေး အကူညီပေးနေသူ ဆရာယော်ထုံ KNG ကချင်သတင်းဌာနသို့ပြောသည်။
၎င်းဒုက္ခသည်စခန်းတွင် အဆုပ်တီဗီရောဂါသည် ၂၂ ဦးရှိပြီး AIDS ခုခံအားကျဆင်း ရောဂါဝေဒနာခံစားသူ ၁၃ ဦးရှိကြောင်းသိရသည်။ AZG အဖွဲ့မှ ၎င်းဒုက္ခသည်စခန်းသို့ ၄ ကြိမ် ဆေးဝါးများထောက်ပံ့ပေး ခဲ့ပြီး နောက်ဆုံးလာရောက်စစ်ဆေးပေးချိန်တွင် ကိုယ်ဝန်ဆောင်မိခင် ၄ ဦးတွင် AIDS ခုခံအား ကျဆင်း ရောဂါရှိနေကြောင်းစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ လူနာများအနေဖြင့် ပုံမှန်ဆေးများစားသုံးနိုင်ရန် ၄င်းတို့စခန်းတွင်ဆေးဝါးပြတ်လပ်မှုကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ဗဟိုဌာနချုပ် လိုင်ဇာ (Laiza) ဆေးပေးခန်းသို့ သွားယူရမည် ဖြစ်သော် လည်း မသွားနိုင်ပဲ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလက AIDS ဝေဒနာသည် ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ဒီမှာရှိတဲ့ ကျန်းမားရေးဆေးပေးခန်းမှာလည်း အဓိကကျန်းမာရေးနဲ့ဆိုင်ပြီး ဒုက္ခရောက်နေတာ ၂ ခု ရှိတယ်။ HIV/AIDS သည်တွေနဲ့ အဆုပ်ရောဂါသည်တွေ အဆုပ်ရောဂါသည်အများစုက အိမ်တွေက ဆက်နေတော့ကူးစက်မှုရှိလာမှာ စိုးရိမ်နေတယ်။” ဟုဆက်ဆိုသည်။
အဆိုပါ ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းရှိ ကျန်းမာရေးဆေးခန်းမှ လိုင်ဇာ (Laiza) ရှိ အဆုပ် တီဗီနှင့် HIV/AIDS ရောဂါဆေးပေးခန်းသို့ ဆေးများပြန်လည် စားသုံးနိုင်ရန် ဆက်သွယ်သော်လည်း အခက်အခဲအမျိုးမျိုးရှိနေသောကြောင့် မလာရောက်နိုင်ပဲဖြစ်နေကြောင်းသိရသည်။
မုန်ဂါဇွမ် ဇိုင်းအောင် (Mungga Zup Zai Awng) ဒုက္ခသည် စခန်းတွင် ဒုက္ခသည် ၂၃၀၀ ကျော်နေထိုင်ပြီး ယခုချိန်တွင် အရေပြားရောဂါ၊ နှာစေး၊ ချောင်းဆိုးမှုများနှင့် အဆုပ်တီဗီနှင့် HIV/ AIDS ရောဂါများ ခံစားနေရကာ ဆေးဝါးများလိုအပ်နေကြောင်းသိရသည်။
၎င်းဒုက္ခသည် စခန်းကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အသင်းတော်များမှ အဓိက ကူညီနေကြောင်း သိရသည်။

No comments:

Post a Comment

My Blog List