Friday, November 16, 2012

အိုဘားမားအတွက် ရန်ကုန်တက္ကသိုလ် ပြန်လည်မွမ်းမံ


အိုဘားမား လာမည်ဆိုသည့် အတွက် ရန်ကုန် တက္ကသိုလ် ၀န်းအတွင်း ပြင်ဆင်မှုများ ပြုလုပ်နေသည်ကို နိုဝင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်
 
လာမည့် နိုဝင်ဘာ ၁၉ ရက်တွင်လာရောက်မည့် အမေရိကန်သမ္မတ ဘားရက်အိုဘားမား မိန့်ခွန်းပြော မည်ဟုသတင်းပြေးနေသည့် ရန်ကုန်တက္ကသိုလ်ဘွဲနှင်းသဘင်၊ တက္ကသိုလ်ဝင်းအတွင်းရှိ  အဓိပတိ လမ်းမနှင့် စာသင်ဆောင်တချို့ကို ပြင်ဆင်မွမ်းမံခြင်းများ ပြုလုပ်နေပြီး လုံခြုံရေးလည်း တင်းကျပ်ထား သည်။

အဆိုပါ အခမ်းအနားသို့ ကန့်သတ်ထားသော ဧည့်သည်အရေအတွက်သာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း လည်း သိရှိရသည်။
တက္ကသိုလ် အာဏာပိုင်များက နိုင်ငံခြားအရေးကြီး ပုဂ္ဂိုလ်တဦးလာရောက်မည်  ဖြစ်သည့်အတွက် ဆရာ ဆရာမများ၊ တက္ကသိုလ်ဝန်ထမ်းများအနေဖြင့် ၀တ်စားဆင်ယင်မှုနှင့် အပြုအမူပိုင်း သတိပြုဆင်ခြင် ရန် ပြောဆိုကြောင်းလည်း သိရသည်။
ဘူမိဗေဒဌာနမှ ကထိကတစ်ဦးက “ ပါချုပ်ကြီး မနေ့ကပြောတာက လာ၏ မလာ၏ ကတော့ မသေချာ ဘူး။ ဒါပေမယ့် လာလာ၊ မလာလာ ဒီမှာက မြှင့်တင်ရမယ့်အပိုင်းကို ပြောတာ။ အခုလာမယ့် အရေးကြီး   နိုင်ငံခြားသားပုဂ္ဂိုလ်ဆိုတာ သမ္မတအိုဘားမားလို့ပဲ သဘောပေါက်လိုက်တယ် ” ဟု ဧရာဝတီ သို့ ပြောဆိုပသည်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းများနှင့် ဆရာဟောင်းများက သမ္မတအိုဘားမားသာ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် လာရောက်ခဲ့မည်ဆိုလျှင် စစ်အစိုးရအဆက်ဆက် လစ်လျူရှုခံရပြီး ပြင်ပနှင့် ဆက်သွယ်မှု ပြတ်တောက်နေသည့်  မြန်မာပညာရေးအတွက် အကျိုးအမြတ် တစုံတရာ ဖြစ်ထွန်းလာ မည်ဟု မျှော်လင့်နေကြသည်။
ရန်ကုန်တက္ကသိုလ် စာကြည်တိုက်မှူး တာဝန်ယူခဲ့သူ ဆရာကြီး ဦးသော်ကောင်းက“ လာမယ်ဆိုရင်တော့ အားတက်စရာပဲ၊ အထောက်အကူကောင်းတခုတော့ ရမှာလေ၊ ပညာသင်ခွင့်တွေရရင် ကောင်းတာပေါ့”ဟု ဆိုသည်။
ယခင်က ရန်ကုန်တက္ကသိုလ်သို့ ယူဂိုစလားဗီးယား သမ္မတ မာရှယ်တီးတိုး၊ အစ္စရေး ၀န်ကြီးချုပ် ဒေးဗစ် ဘင်ဂူရီးယန်တို့ကဲ့သို့ ပုဂ္ဂိုလ်များ လာရောက်ဖူးသည့်အပြင် ဗီယက်နမ်သမ္မတ ဟိုချီမင်းအား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပင် ချီးမြှင့်ဖူးသည့် အစဉ်အလာရှိကြောင်း၊ သမ္မတအိုဘားမား လာရောက် မည်ဆိုလျှင် ကြိုဆိုရမည်ဖြစ်သည်ဟု ဦးသော်ကောင်းကဆိုသည်။
အလားတူ စိတ်ပညာဌာန၌ လူမှုရေးပညာ ဒီပလိုမာသင်တန်းများကို ပို့ချပေးနေသည့်  ပြင်ပ ပညာရှင် ဒေါက်တာ ဦးထိုက်အောင်ကလည်း “ဒီလိုမျိုး နိုင်ငံခေါင်းဆောင် လာလည်လိုက်တာ ပညာရေး အဆင့်အတန်းဟာ ဘယ်လောက် အရေးကြီးတယ် ဆိုတာကို ပြလိုက်တာပဲ” ဟုပြောသည်။
သမ္မတ အိုဘားမားလာရောက်ခြင်းကြောင့် ဦးသိန်းစိန်အစိုးရအနေဖြင့် ပညာရေးဘက်တွင် ပိုမိုအာရုံစိုက် လုပ်ကိုင်မည်ဟု နိုင်ငံရေး အသိုင်းအဝိုင်းကလည်း မျှော်လင့်နေကြသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုဂျင်မီကလည်း ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေးနှင့် ရှင်သန်ဖွံ့ဖြိုးရေးအစီအစဉ်သည် သမ္မတ အိုဘားမား လာရောက်မည်ဆိုပါက များစွာအကျိုးသက်ရောက်လာနိုင်သည်ဟု ဆိုသည်။
“ရန်ကုန်တက္ကသိုလ်ရဲ့သမိုင်းကို အပြည့်အ၀ ထောက်ခံပေးလိုက်တဲ့ သဘောပဲ။ ကြိုဆိုပါတယ်။ ဒါပေမယ့် အိုဘားမားအနေနဲ့ ကျောင်းသားသမဂ္ဂ ကိစ္စကို ပြောဆိုလိမ့်မယ်လို့တော့ မမျှော်လင့်ထားပါဘူး။ ဒီနေရာ ကို ရောက်လာပြီဆိုထဲကိုက သမိုင်းကြောင်းကို သူသိထားပြီးဖြစ်လိမ့်မယ်လို့တော့ ယုံကြည်ပါတယ်”  ဟုကိုဂျင်မီက ပြောသည်။
ရန်ကုန်တက္ကသိုလ်ကို ၁၈၇၈ ခုနှစ် ဗြိတိသျှ ကိုလိုနီအစိုးရက အိန္ဒိယနိုင်ငံ ကာလကတ္တားတက္ကသိုလ် ၏ ကျောင်းခွဲအဖြစ် ရန်ကုန်ကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ရာ ၁၉၂၀ ခုနှစ်တွင် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့သည်။ မြန်မာကျောင်းသားများက ကိုလိုနီပညာရေးကို ၁၉၂၀ ခုနှင့် ၁၉၃၆ ခုနှစ်များတွင် သပိတ်မှောက်ဆန့်ကျင်ခဲ့ဖူးသည်။
သို့သော် ရန်ကုန်တက္ကသိုလ်သည် ကာလကတ္တားနှင့် ဘုံဘေတက္ကသိုလ်ပြီးလျှင် အရှေ့တောင်အာရှတွင် အကောင်းဆုံး တက္ကသိုလ်ဖြစ်ခဲ့ဖူးသည်။
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ရန်ကုန်တက္ကသိုလ်၏ သမိုင်းဝင်  ကျောင်းသား သမဂ္ဂ အဆောက် အဦကို ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ပညာရေးစနစ်များကိုပါ ပြောင်းလဲပစ်ခဲ့ရာ နောက်ပိုင်းတွင် ပညာရေးမှာ တဖြည်းဖြည်းကျဆင်းခဲ့ရသည်။
၁၉၈၈ ခုနှစ် တက္ကသိုလ်ကျောင်းသားများမှစတင်ခဲ့သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တောင်းဆို ဆန္ဒပြပွဲများနှင့် ၎င်း၏ နောက်ဆက်တွဲ ၁၉၉၆ ခုနှစ် ကျောင်းသားဆန္ဒပြပွဲကြောင့် ကျောင်းသားများ လူမ စုစေရန် ရည်ရွယ်၍ ရန်ကုန်မြို့ပြင်ရှိ တက္ကသိုလ်သစ်များသို့ ခွဲထုတ်ခဲ့သည်။ နောက်ပိုင်း ပညာရေးစနစ် အဆင့်အတန်းပါ တရှိန်ထိုး ကျဆင်းလာခဲ့သည်။
၁၉၉၆ ခုနှစ်နောက်ပိုင်းတွင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့များကိုသာ လက်ခံသင်ကြားပေးပြီး ဒီပလိုမာသင်တန်း များကိုသာ  ရန်ကုန်တက္ကသိုလ် ကျောင်းဝင်း အတွင်း ဖွင့်လှစ်သင်ကြားတော့သည်။
ရန်ကုန်တက္ကသိုလ်သည် မြန်မာ့ နိုင်ငံရေးနှင့် လူမှုရေးခေါင်းဆောင်များစွာကို မွေးထုတ်ပေးခဲ့ရာ သခင် ဘသောင်း၊ သခင်အောင်ဆန်း၊ ဗိုလ်လကျာ်၊ သခင်နု၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ ကိုဗဟိန်း၊ မစ္စတာရာရှစ်၊ သိန်းဖေမြင့် စသည့် နိုင်ငံရေး ခေါင်းဆောင်များ အပြင်  ဒေါက်တာလှမြင့်၊ ဒေါက်တာ ထင်အောင် ၊ ဒေါက်တာ သန်းထွန်း၊ မင်းသုဝဏ်၊ ဇော်ဂျီ၊ မောင်ထင်၊ ဒဂုန်တာရာစသည့် ပညာရှင်များ ကိုလည်း မွေး ထုတ်ပေးခဲ့သည်။

No comments:

Post a Comment

My Blog List