Wednesday, October 03, 2012

 မြန်မာနိုင်ငံ၏ ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်းကို နိုင်ငံတကာဘဏ်နှင့် အဖွဲ့အစည်းများ တောင်းယူ လုပ်ငန်းလုပ်ကိုင်ရာတွင် ယုံကြည်ရသည့်လုပ်ငန်းရှင်ဟုတ်၊ မဟုတ်သိရှိရန် တောင်းယူထားခြင်းဖြစ်

 


မြန်မာနိုင်ငံ၏ ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးအား စာအုပ်အဖြစ် ထုတ်ဝေခဲ့ပြီး အဆိုပါ စာရင်းစာအုပ်ကို နိုင်ငံတကာဘဏ်နှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့ကပါ တောင်းယူကြောင်း သတင်းရရှိပါသည်။
တောင်းယူရခြင်း၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတကာမှဘဏ်နှင့် အဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းရှိလုပ်ငန်းရှင်များနှင့် လုပ်ငန်းဆက်စပ်လုပ်ကိုင်ရာတွင် မိမိနှင့်လုပ် ကိုင်မည့်လုပ်ငန်းရှင်မှာ အခွန်ထမ်းဆောင်သည့် လုပ်ငန်းရှင်ဟုတ်၊ မဟုတ်၊ ယုံကြည်ရသည့်လုပ်ငန်းရှင် ဟုတ်၊ မဟုတ် သိရှိနိုင်ရန်အတွက် တောင်းယူထားခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ယခင်နှစ်များက ထိပ်ဆုံးအခွန်ထမ်းဆောင်သူ လုပ်ငန်းရှင် ၁၀ ဦးစာရင်းကိုသာ ထုတ်ပြန်နိုင်ခဲ့သော်လည်း ၂၀၁၁- ၂၀၁၂ ဘဏ္ဍာရေးနှစ်မှစတင်ကာ လုပ်ငန်းရှင် ၁၀၀ ဦးအထိ စာရင်းပြုစုနိုင်ခဲ့သည်။

အဆိုပါ အခွန်ထမ်း ၁၀၀ ဦး စာရင်းအား ယခင်ကကဲ့သို့ စာရင်းပြုစုသည့် အဆင့်မဟုတ်ဘဲ ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦး အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့ကြောင်း၊ အဓိကရည်ရွယ်ချက်မှာ အခွန်ပေးဆောင်သည့် လုပ်ငန်းရှင်များအား ဂုဏ်ပြုကာ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ယခုအခါ အမေရိကန်မှ စီးပွားရေးပိတ်ဆို့ထားမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ထားမှုများကိုပါ ပယ်ဖျက်ပေးတော့မည်ဖြစ်ပြီး နိုင်ငံတကာဖြင့် စီးပွားရေးအရ ဆက်ဆံမှု ပိုမိုပြုလုပ်ရတော့မည့်ကာလသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ နိုင်ငံတကာဘဏ်၊ နိုင်ငံတကာကုမ္ပဏီ၊ နိုင်ငံတကာအဖွဲ့အစည်းများဖြင့် ဆက်ဆံရာတွင် ယုံကြည်ရသည့်လုပ်ငန်းရှင်၊ အခွန်ထမ်းဆောင်သည့် လုပ်ငန်းရှင်များ ဟုတ်၊ မဟုတ် စိစစ်လေ့ရှိကြောင်း သိရပါသည်။

နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနမှတာဝန်ရှိသူတစ်ဦး က"အခွန်ထမ်း ၁၀၀ ဦးစာရင်းကို ဂုဏ်ပြုတဲ့အနေနဲ့ စာအုပ်အဖြစ် ထုတ်ဝေခဲ့တယ်။ ၀န်ကြီးဌာန အားလုံးကို လည်း ဖြန့်ဝေပေးတယ်။ ထူးခြားတာက နိုင်ငံတကာဘဏ်တချို့နဲ့ အဖွဲ့အစည်းတွေပါ အဲဒီစာအုပ်ကို လှမ်းတောင်းတယ်။ စာအုပ်က ဒီနှစ်မှ စထုတ်တာလေ။ ဥပမာ OCBC ဘဏ်ဆို တောင်းတယ်။ အဓိကအချက်က လုပ်ငန်းလုပ်တဲ့အခါ အခွန်ထမ်းဆောင်ထားတဲ့ လုပ်ငန်းရှင် ဟုတ်၊ မဟုတ် သိရအောင်တောင်းတာလို့ သိရတယ်"ဟု ပြောပြခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်က ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်အရပ်ရပ် စုစုပေါင်း ကျပ် ၁၂၂၂ ဒသမ ၈၄၄ ဘီလျံ ရရှိပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၅၃၈ ဒသမ ၇၆၆ ဘီလျံ ရရှိကြောင်း၊ ထို့အတွက် ယခင်နှစ်ကထက် ကျပ် ၃၁၅ ဒသမ ၉၂၂ ဘီလျံ ပိုမိုရရှိခဲ့ကြောင်း သိရှိရပါသည်။
ဝင်ငွေခွန်အများဆုံးပေးဆောင်သည့် ထိပ်ပိုင်း ၁၀၀ ဦးစာရင်း၏ ထိပ်ဆုံး ၁၀ ဦးတွင် ယခင်နှစ်က အတိုင်းပင် Myanmar Brewery Ltd ၊ ကမ္ဘောဇဘဏ်လီမိတက်၊ Myanmar CP Livestock Co.,Ltd စသည့်ကုမ္ပဏီများသာ အများစုပါဝင်ပြီး ထူးထူးခြားခြားအနေဖြင့် Max Myanmar Construction Co.,Ltd၊ Associate of Civil Engineering Construction Group Co.,Ltd နှင့် Information Technology Central Services Co.,Ltd ကုမ္ပဏီသုံးခု အသစ်တိုးလာခြင်းသာရှိခဲ့ပြီး ထိပ်ဆုံး ၁၀ ဦးဝင်သင့်သည့် ကုမ္ပဏီအုပ်စုကြီးအချို့ ကျန်ရှိနေသေးကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List