Friday, June 15, 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ILO ညီလာခံ မိန့်ခွန်း

ညီလာခံအ၀င် သတင်းထောက်တွေနဲ့ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - AP)

မြန်မာပြည်ကို တာဝန်သိတဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ လာကြဖို့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ILO ညီလာခံမှာ အခုလေးတင် ပြောကြားလိုက်ပါတယ်။

မြန်မာပြည်မှာ မျှော်လင့်ချက်ကုန်ဆုံးနေတဲ့ အလုပ်လက်မဲ့လူငယ်တွေအတွက် လုပ်ငန်းတွေ လိုအပ်တယ်။

ပြီးခဲ့တဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်းမှာ အစိုးရရဲ့ အလုပ်သမားဆိုင်ရာ တာဝန်ရှိသူတွေ၊ အလုပ်ရှင်ကိုယ်စားလှယ်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေနဲ့ တွေ့ခဲ့တယ်၊ ထိုင်းနိုင်ငံရဲ့ ရွှေ့ပြောင်းလုပ်သားတွေထဲမှာ ၈၀ ရာခိုင်နှုန်းက မြန်မာပြည်သားတွေ ဖြစ်တယ်လို့ ပြောပြီး ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အရေးကိုလည်း အလေးထားကြဖို့ တိုက်တွန်းသွားပါတယ်။

ထိုင်းမှာတွေ့တဲ့ အလုပ်သမားတွေက ကျနော် ကျမတို့ အိမ်ပြန်ချင်တယ်လို့ ပြောကြတယ်၊ သူတို့အတွက် အလုပ်အကိုင်တွေ မြန်မာပြည်မှာ လိုအပ်နေပါတယ် တဲ့။

ပြောသွားတဲ့ထဲမှာ မြန်မာပြည်ရဲ့ အလုပ်သမားဥပဒေ၊ အလုပ်သမား အခွင့်အရေးများအကြောင်းလည်း ပါဝင်ပါတယ်။

မြန်မာပြည်ကသွားတဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များရဲ့ တင်ပြချက်တွေထဲက တချို့ကိုလည်း သူ့မိန့်ခွန်းထဲမှာ ဖော်ပြသွားပါတယ်။

မိန့်ခွန်းအပြည့်အစုံ မကြာခင် အွန်လိုင်းပေါ် အင်္ဂလိပ်ဘာသာနဲ့ ဖတ်ရမယ်လို့ ယူဆရပါတယ်။

အစိုးရအာဏာပိုင်တွေကို တိုက်ခိုက်ပြောဆိုတာ မပါဝင်ပါ။

ဒေါ်အောင်ဆန်းစုကြည်က ကြိုတင်ရေးခဲ့တဲ့ မိန့်ခွန်းကို စာရွက်ကိုင် ဖတ်ပြသွားပါတယ်။ နိဂုံးချုပ်ခါနီးမှာ စာရွက်မကိုင်ဘဲ မြန်မာပြည်အရေးအတွက် မိနစ်အတန်ကြာ ပြောဆိုသွားတာ တွေ့ရပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေ မြန်မာပြည်လာဖို့လည်း ဖိတ်ခေါ်ပါတယ်။ အခွင့်အရေးအတွက်ပဲ မဟုတ်ဘဲ အလုပ်သမားတွေ အရေးကိုလည်း လေ့လာကြပါလို့ တိုက်တွန်းလိုပါတယ် တဲ့။

မြန်မာပြည်က လူငယ် အလုပ်သမားတွေ အခြေခံပညာ နည်းကြတယ်၊ သူတို့အတွက် သင်တန်းတွေ လိုတယ်။ အလုပ်အကိုင်တွေ ဖန်တီးဖို့ လိုတယ်လို့လည်း ပြောသွားပါတယ်။

အခုလေးတင် မိန့်ခွန်းပြီးဆုံးသွားပါပြီ။

ညီလာခံတက်သူအားလုံး မတ်တပ်ရပ်ပြီး အချိန်ကာလအတန်ကြာ လက်ခုပ်တီး အားပေးကြပါတယ်။

ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List