Tuesday, August 18, 2020

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မှတ်ချက်စကား စစ်အာဏာသိမ်းရန်ခြိမ်းခြောက်နေဟုဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ်လ ၁၄ ရက်နေ့တွင် နိုင်ငံရေးပါတီ ၃၄ ခုမှ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ပြီး နိုင်ငံရေးပါတီတချို့က ရွေးကောက်ပွဲ ကော်မရှင် တရားမျှတမှုမရှိ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း တပ်မတော်က ဆောင်ရွက်ပေးရန် တောင်းဆိုတင်ပြကြသည်။
ဧရာဝတီသတင်းဌာနက တွေ့ဆုံပွဲ တက်ရောက်သူ နိုင်ငံရေးပါတီတစ်ခုမှ ခေါင်းဆောင်တစ်ဦး၏ ပြန်ပြောပြချက်ကို ကိုးကား၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှတ်ချက်စကားကို ပြန်ဖော်ပြခဲ့သည်။
ယင်းဖော်ပြချက်တွင် ဗိုလ်ချုပ်မှူးကြီးက "ကျနော် မလုပ်ရဲတာ ဘာတခုမှ မရှိဘူး၊ အကုန်လုပ်ရဲတယ်တဲ့။ ဒါပေမယ့် တိုင်းပြည် နစ်နာမှာနဲ့ ပြည်သူနစ်နာမှာနဲ့ တပ်မတော်ရဲ့ အနာဂတ် ပျက်စီးမှာတို့ ဘာတို့ပဲ ကျနော် အကုန်လုံးကို စောင့်ပြီး ကြည့်နေတာတဲ့"ဟု ပြောဆိုခဲ့ရာ ယင်းပြောဆိုချက်သည် စစ်အာဏာသိမ်းရန် တပ်မတော်အနေဖြင့် စဉ်းစားချက်ရှိပြီး မြန်မာ့ဒီမိုကရေစီ အရေးအတွက် ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ရှုမြင်ကြသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြည်တွင်းနိုင်ငံရေးသမားများကို ဆက်သွယ်မေးမြန်းထားပါသည်။
ဦးဒေးဗစ်လှမြင့်
ဥက္ကဋ္ဌ၊ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ)
ဒါကတော့ဗျာ မလုပ်ရဲတာ မရှိဘူးဆိုတော့လည်း ခြိမ်းခြောက်တယ်လို့လည်း ပြောလို့ရတာပေါ့ဗျာ။ သဘောကတော့ဗျာ။ သူက လက်နက်ကိုင်တပ်တွေရဲ့ စစ်ဦးစီးချုပ်ပဲဗျာ။ ဒီနေ့နိုင်ငံရေးအခင်းအကျင်းကို သူကြည့်ပြီးတော့ ပြောတာပေါ့ဗျာ။ ပါတီ ၃၄ပါတီနဲ့ တွေ့တဲ့အချိန်မှာ သူက ပါတီတွေအကုန်လုံးလည်း မဖိတ်ဘူးဗျ။ ၃၄ပါတီပဲ ဖိတ်တယ်။
ဖိတ်ပြီးတော့မှ ဆွေးနွေးတယ်ပေါ့။ ဆွေးနွေးပြီးမှ ဒီစကားတွေထုတ်ပြန်တဲ့အခါကျတော့ ကျွန်တော်တို့မြင်တာကတော့ ဒီလိုမျိုး စကားမျိုးတွေ မပြောစေချင်ဘူးပေါ့။ တိုင်းပြည်မှာ ကျွန်တော်တို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုပြီးတော့ တစ်ဖက်နဲ့တစ်ဖက်နဲ့ ငြိမ်းချမ်းရေးတို့ ယုံကြည်မှုတည်ဆောက်တာတို့ ဒါတွေက လုပ်နေကျတဲ့အချိန်မှာ မလုပ်ရဲတာ မရှိဘူးဆိုတဲ့အခါကျတော့ တစ်ဖက်က ကျွန်တော်တို့ အဓိကပြောချင်တာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာသွားပြီးတော့ သက်ရောက်မှုရှိတာပေါ့ဗျာ။
မလုပ်ရဲတာမရှိဘူးဆိုတဲ့အတွက်ကျေတာ့ ကျွန်တော်တို့ ငြိမ်းချမ်းရေးကို အဲဒီလိုမျိုး ပြင်းထန်တဲ့ စကားလုံးမျိုးတွေနဲ့ လက်ရှိတပ်ရဲ့ စစ်ဦးစီးချုပ်တစ်ယောက်အနေနဲ့ ပြောတာကတော့ တစ်ဖက်က ငြိမ်းချမ်းရေးလုပ်တဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းနဲ့ဆို အများကြီး သံသယရှိစရာဖြစ်တာပေါ့။ နောက်တစ်ခုက လက်ရှိတိုင်းပြည်မှာ နိုင်ငံရေးအင်အားစုတွေလည်း အများကြီးရှိတယ်လေ။ ရှိတဲ့အခါကျတော့ ဒီပေါ်မှာလည်း သွားပြီးတော့ ဒီစကားလုံးက သွားသက်ရောက်တာပေါ့။
သဘောက သူဒီလိုစကားပြောတာ ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောတာလဲပေါ့။ ကျွန်တော်တို့က နိုင်ငံရေးအင်အားစုတွေပဲပြောသလား။ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေပဲ ပြောတာလား။ ဘယ်သူ့ကို ရည်ရွယ်ပြီးပြောတာလဲတော့မသိဘူး။ ဒါပေမယ့် ဒီစကားလုံးတွေကတော့ ကျွန်တော့်အနေနဲ့ မသုံးသင့်ဘူးလို့ထင်တယ်။ ဒီနေ့အချိန်မှာ တိုင်းပြည်မှာ ပြဿနာတွေ အများကြီးရှိတဲ့ အချိန်မှာ မလုပ်ရဲတာမရှိဘူးဆိုတဲ့ စကားကတော့ မသုံးသင့်ပါဘူး။
ဦးမျိုးကျော်
အတွင်းရေးမှူး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
ပြောဖို့တော့ ခက်တယ်ပေါ့။ အကုန်လုံးက ထင်မြင်ချက်ပဲဖြစ်ကျမှာလေ။ သူ့ရဲ့ Personal ပိုင်းဆိုင်ရာလည်း ဖြစ်တာပေါ့။ ဒါပေမယ့် တချို့တချို့သော ကိစ္စတွေဟာ သူတို့လို နိုင်ငံတော်မှာ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေက အဲလိုစကားမျိုး ပြောတာကတော့ ခြိမ်းခြောက်ရာရောက်တယ်ပေါ့။ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို ထိခိုက်တာတွေ သက်ရောက်တာတွေရှိတာပေါ့။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံကနေပြီးတော့လွတ်လပ်ရေးရပြီးတဲ့အခါ ကျွန်တော်တို့ ဒီမိုကရေစီအစိုးရအနေနဲ့ သွားတယ်။ ဒါပေမယ့် အဲတာကိုကနေပြီးတော့ အာဏာသိမ်းပြီးတော့ ပထမ တစ်ကြိမ်သိမ်းတယ်။ ကျွန်တော်တို့ ၁၉၅၈မှာ သိမ်းတယ်။ ၁၉၆၀ မှာ ပြန်ပြီးတော့ ရွေးကောက်ပွဲလုပ်တယ်။ ၁၉၆၂ အာဏာသိမ်းလိုက်တာဟာ ပြည်သူရွေးချယ်တဲ့ အစိုးရ ဖြစ်တာ မကြာသေးဘူးပေါ့။
အခုလက်ရှိမှာလည်း ဒီမိုကရေစီသက်တမ်းက ၁ဝနှစ်သားလို့ ပြောရမှာပေါ့။ နှစ်ပေါင်း ၇ဝ ကျွန်တော်တို့ အာဏာသိမ်း စစ်အစိုးရအောက်မှာ တစ်နည်းအားဖြင့်ပြောရင် အာဏာရှင် တစ်ပါတီအောက်မှာနေရတာက ကျွန်တော်တို့ နှစ်ပေါင်း ၆ဝ လူ့သက်တမ်းတစ်ခု ဘဝတစ်လျှောက်ပေါ့ဗျာ။
သက်တမ်းအနေနဲ့ပြောမယ်ဆိုရင် တကယ့်တကယ် အလုပ်လုပ်နိုင်တဲ့ အရွယ်လေးတွေက ဒီဘဝမှာ နှစ် ၂၅၊ ၃ဝပဲရှိတာလေ။ ဒီတော့ သက်တမ်း ၃၊၄ ခုက အလကားဖြစ်သွားခဲ့ပြီလေ။ ခြိမ်းခြောက်ရာရောက်ပါတယ်။
ဦးမင်းဇေယျ
ဒုတိယဥက္ကဋ္ဌ ၊ ပြည်သူ့ပါတီ
ဗီဒီယိုဖိုင်လေးလည်း တက်လာတယ်ပေါ့။ အဲဒီမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေါ့လေ။ ကျွန်တော်တို့ရဲ့ ကာချုပ်ကြီး မပြောခင်မှာ အဲဒီမှာ တက်ရောက်လာတဲ့ နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တချို့ရဲ့ ပြောတဲ့စကားတွေပေါ့။ မေးတဲ့မေးခွန်းတွေလည်းကြားရတယ်ပေါ့။ အဲတာတွေကို ခြုံငုံစဉ်းစားကြည့်လိုက်တဲ့အခါကျတော့ တချို့သော အမေးနဲ့ တချို့သော အဖြေက တမင်ပဲ တိုင်ပင်ကိုက်ပြီးတော့ပဲ ကြိုတင်ညှိပြီးတော့ပဲ အမေးအဖြေလုပ်ထားသလားလို့တောင် ထင်ရလောက်အောင် ခံစားရတယ်ပေါ့။
ဆိုလိုတဲ့သဘောက အဲဒီ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံတဲ့ပွဲမှာ တပ်မတော်ရဲ့ သဘောထားတချို့နဲ့ အဲဒီမှာ တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီ တချို့ရဲ့ သဘောထားတချို့ကိုလည်း ကျွန်တော်တို့ကြားသိလိုက်ရတာပေါ့။ အဲဒီပွဲမှာတက်တဲ့ နိုင်ငံရေးပါတီတချို့ရဲ့ သဘောထားတွေကလည်း တပ်မတော်အပေါ်မှာ တော်တော်လေးကို အရပ်စကားနဲ့ပြောမယ်ဆိုရင်တော့ မြှောက်ထိုးပင့်ကော်ပေါ့။
အဲလိုပြောတယ်လို့ ကျွန်တော်ကတော့ ခံစားရတယ်ဗျ။ ထို့တူပဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း မေးတဲ့မေးခွန်းကို နင်းပြီးတော့ သူကနေပြီးတော့ ကျွန်တော်က ဘာမဆိုလုပ်ရဲတယ်။ လုပ်နိုင်တယ်။ လုပ်တတ်တယ်ဆိုတဲ့ သဘောမျိုး ပြောတာကို ကြားလိုက်တဲ့အခါကျတော့ အတိုင်အဖောက်ကတော့ ညီတဲ့အပြင် အဲဒီအမေးအဖြေရဲ့ သွားရာလမ်းကြောင်းကလည်း ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အခုလက်ရှိသွားနေတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းအေပါ်မှာ ခြိမ်းခြောက်တယ်လို့ ကျွန်တော်တို့က ခံစားမိတယ်။
တကယ်တမ်းပြောမယ်ဆိုရင် ဒီအချိန်က ရွေးကောက်ပွဲလည်း အရမ်းနီးနေတဲ့အချိန် ပြည်သူအားလုံးကလည်း ယခုသွားနေတဲ့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက်ကို စဉ်းစားတွေးတောနေတဲ့အချိန် နောက်ပြီးတော့ ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက်ကို အကူးပြောင်းကာလ ဖြတ်သန်းနေတဲ့အချိန်မှာ ဒီလိုမျိုး ဒီမိုကရေစီကို အန္တရာယ်ရှိစေတဲ့ နောက်ပြီးတော့ ပါတီစုံဒီမိုကရေစီကို အားနည်းစေတဲ့ အပြောအဆို အပြုအမူတွေဟာ ကျွန်တော်တို့နိုင်ငံအတွက်ကော ကျွန်တော်တို့ပြည်သူအတွက်ကော မသင့်တော်ဘူးလို့ ကျွန်တော်ကတော့မြင်တယ်။
ခြုံငုံပြီးတော့ ပြောရမယ်ဆိုရင်တော့ ဒါကလည်း ပထမဦးဆုံးအကြိမ် တွေ့ဆုံပွဲလည်း မဟုတ်ပါဘူး။ အရင်တစ်ခါတုန်းကလည်းတွေ့ခဲ့တယ်။ အဲလိုတွေ့တဲ့အခါမှာ ဒီလိုပဲ အတိုင်အဖောက်ညီညီနဲ့ အမေးအဖြေတွေလုပ်တယ်။ ဒါပေမယ့် ဒီတွေ့ဆုံပဲ ၂ခုလုံးမှာ မှတ်မှတ်ရရ ကျွန်တော် ခြုံငုံသုံးသပ်လိုက်မယ်ဆိုရင်တော့ တပ်မတော်ရဲ့ သဘောထားကော အဲဒီမှာ တက်ရောက်တဲ့ နိုင်ငံရေးပါတီတွေရဲ့ သဘောထားက တကယ်တမ်းပြောမယ်ဆိုရင် စစ်မှန်သော ပါတီစုံဒီမိုကရေစီကို လိုလားတဲ့ ပုံစံမပြဘဲနဲ့ ရှင်းရှင်းပြောမယ်ဆိုရင် အာဏာရှင်ပုံစံမျိုးကိုပဲ ဖိတ်ခေါ်ထားတဲ့ ပုံစံမျိုးလိုလားတဲ့ပုံစံမျိုး အဓိပ္ပာယ် သက်ရောက်နေသလားလို့တောင် ကျွန်တော်ကတွေးမိတယ်။
အဲဒီတွေ့ဆုံပွဲရဲ့ ပြည်သူတွေရခဲ့တဲ့ အသိအမြင်က နိုင်ငံရဲ့ အနာဂတ် နိုင်ငံရေးအတွက်ကော လက်ရှိအကောင်အထည်ဖော်နေတဲ့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းသွားနေတဲ့ကိစ္စပေါ်မှာပါ အကျိုးမရှိဘူးလို့ ကျွန်တော်က အဲလိုပဲမြင်တယ်။
ဦးခွန်ဘီထူး
ဥက္ကဋ္ဌ၊ ကယန်းအမျိုးသားပါတီ
ကျွန်တော်တို့ ဒီစကားကိုပြောတာကတော့ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ပြီးမှ မီဒီယာမှာ ပြန်ရှင်းပြတဲ့ အချိန်မှာကြားရတဲ့ စကားဖြစ်တယ်ပေါ့။ အဲတော့ ကာကွယ်ရေးဦးစီးချုပ်နေနဲ့ ဒါမှမဟုတ်လည်း တပ်မတော်အနေနဲ့ပေါ့။ ဘာမဆိုလုပ်ရဲတယ် ပြည်သူအတွက် ဘာညာအဲလိုမျိုးပြောခဲ့တဲ့ဟာပေါ့။
ခုနပြောတဲ့ နိုင်ငံရေးပါတီ ၃ဝကျော်အနေနဲ့ ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ မသမာမှုတွေ ရွေးကောက်ပွဲမှာ တစ်ပါတီပဲ နိုင်တဲ့ကိစ္စတွေကို မကျေနပ်ပြီးတော့မှ အာဏာသိမ်းမှုကို ဖိတ်ခေါ်တဲ့သဘောရယ်။ နောက်ပြီးတော့ အာဏာသိမ်းရဲတယ် သဘောကိုပြောတယ်လို့တော့ အဓိပ္ပာယ်ရတယ်ပေါ့။
ကျွန်တော်တို့ကတော့ ဒီအပေါ်မှာတော့ ကန့်ကွက်တယ်။ ဒီလို ဒီမိုကရေစီ နုနယ်သေးတဲ့အချိန်မျိုးမှာ အထူးသဖြင့် တပ်ဖက်က ဒီလို ခြိမ်းခြောက်တဲ့ လေသံပါတဲ့ အရာမျိုး ပြောလိုက်ခြင်းကတော့ ကျွန်တော်တို့ စိုးရိမ်တယ်ပေါ့။ ဒီမိုကရေစီ အရဆိုရင် ကျွန်တော်တို့က ဘယ်ပါတီပဲ နိုင်နိုင်ပါ။ ဘယ်သူပဲ အစိုးရတက်တက် ရှိပြီးသား ပေးထားချက် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားချက်တွေဖြစ်သလို ရွေးကောက်ပွဲက လူထုတွေ ဆန္ဒအရဖြစ်တဲ့အတွက် လူထုဆန္ဒကို ကျွန်တော်တို့ လေးစားလိုက်နာရမှာက အဓိကကျတယ်။
တရားဥပဒေ စိုးမိုးရေးနဲ့ ဒီမိုကရေစီထွန်းကားရေးက အဓိကကျတယ်ပေါ့။ သတ္တိရှိတာတွေ လုပ်ရဲကိုင်ရဲတာတွေက ကျွန်တော်ထင်တာက အဓိကမကျဘဲနဲ့ ဥပဒေအတိုင်းရယ်။ ဒီမိုကရေစီကျင့်စဉ်အတိုင်းရယ် နေနိုင်တဲ့ သတ္တိကအရေးကြီးဆုံးလို့ ပြောလိုပါတယ်။
မုံရွာအောင်ရှင်
အတွင်းရေးမှူး ၊ NLDဗဟိုပြန်ကြားရေးကော်မတီ
ကိုယ်ပြောတဲ့ စကားကို ကိုယ်တာဝန်ယူရမှာပေါ့။ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို ထိခိုက်နိုင်လားဆိုတော့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ရမှာပေါ့။
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့သော နိုင်ငံရေးပါတီတချို့မှ ခေါင်းဆောင်တချို့။
Photo Credit - KMT Facebook
By ရန်ကုန်ခေတ်သစ်

No comments:

Post a Comment

My Blog List