Tuesday, August 18, 2020

ရခိုင်ပြည်နယ်မှ လိုအပ်ချက်ရှိနေသည့် တက္ကသိုလ်တက်မည့် ကျောင်းသား/သူများကို ဒိန်းမတ်နှင့် နော်ဝေတို့ကလစဉ် မြန်မာငွေ ၃သိန်းနီးပါးရှိ USD 200 နှင့်ညီမျှသောကျပ်ငွေကို ပညာသင် ထောက်ပံကြေး အဖြစ် ချီးမြှင့်သွားမည်

တက္ကသိုလ်တက်မည့် ရခိုင်ပြည်နယ်ရှိကျောင်းသား၊သူများကို ဒိန်းမတ်နှင့် နော်ဝေတို့ကပညာသင်ထောက်ပံ့ပေးမည်ဟု ယနေ့တွင်ကြေညာလိုက်သည်။
ရခိုင်ရှိ ကျောင်းသား၊ကျောင်းသူများအတွက် ဒုတိယအကြိမ်မြောက် ပေးအပ်မည့်ပညာသင်ဆုဖြစ်သည်။
နော်ဝေနှင့်ဒိန်းမတ်မှ ပေးမည့်ပညာသင်ဆုနှာ ရခိုင်ပြည်နယ်မှ လိုအပ်ချက်ရှိသည့် ကျောင်းသားများအတွက် ပံ့ပိုးသည့် ပညာသင်ဆု ဖြစ်ကာ လျှောက်လွှာများကို လျှောက် ထားနိုင်ပြီဟု သိရသည်။
အဆိုပါ ပညာသင်ဆုကို ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတ ဖြစ်မှုဆိုင်ရာလေ့လာရေး အဖွဲ့က တာဝန်ယူ ဆောင်ရွက်မည်ဟုလည်းသိရသည်။
(၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက်)
လျှောက်ထားသူများသည်အောက်ပါအချက်များနှင့် ကိုက်ညီရမည်ဟု သံရုံးများကကြေညာထားသည်။
၁။ ရခိုင်ပြည်နယ်ရှိ စာစစ်ဌာနအသီးသီးမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်း စာမေးပွဲ အောင်မြင်သူ ဖြစ်ရမည်။ ထို့အပြင် ရခိုင်ပြည်နယ် အတွင်း၌ အမှန်တကယ် နေထိုင် သူဖြစ်ရမည်။
၂။ ပညာသင် ထောက်ပံကြေးများကို ၂၀၂၀ ခုနှစ်တွင် အခြေခံပညာ အထက်တန်း အောင်မြင်ပြီး၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ အပါအဝင် တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ် အသီးသီးသို့ ဝင်ခွင့်ရရှိထားသော ကျောင်းသူ/ကျောင်းသားများ အားလုံး လျှောက်ထား နိူင်ပါသည်။
၃။ လျှောက်ထားသူသည် စီးပွားရေး (သို့မဟုတ်) လုံခြုံရေး အခြေအနေအရ အခက်အခဲများကို ရင်ဆိုင်နေရသူ ဖြစ်ရပါမည်။ လျှောက်ထားသူနှစ်ဦး၏ အခြေအနေ အရပ်ရပ် ဆင်တူနေခဲ့ပါလျှင် ပညာရေး ပိုမိုထူးချွန်သူကို ဦးစားပေး ရွေးချယ်ပါမည်။
၄။ စာသင်နှစ်တစ်နှစ်စီအတွင်း လစဉ် USD 200 နှင့်ညီမျှသောကျပ်ငွေကို ပညာသင် ထောက်ပံကြေး အဖြစ် ချီးမြှင့်မည်ဖြစ်သည်။ ကျောင်းသူ/ ကျောင်းသား များ အနေဖြင့် စာကြိုးစားပြီး နှစ်စဉ် အတန်း အောင်မြင်ပါက ပညာသင် ထောက်ပံကြေးကို (၄) နှစ်ဆက်တိုက် ခံစားရမည်ဖြစ်သည်။
၅။ အဆင့်မြင့်ပညာ သင်ယူဆည်းပူးပြီးနောက်ပိုင်း ကျောင်းသူကျောင်းသားများ အနေဖြင့် ကွဲပြား ခြားနားမှုနှင့် သဟဇာတဖြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် လည်းကောင်း၊ အကယ်၍လိုအပ်ခဲ့လျှင် ရခိုင် ပြည်နယ်ရှိ မိမိ၏ လူမှုအသိုက် အဝန်း အတွင်းသို့ ပြန်လည်သွားရောက်ကာ တာဝန်ထမ်းဆောင်မည် ဟူသော ကတိကဝတ်ကို ပညာသင်ထောက်ပံကြေး ရွေးချယ်ရေးကော်မတီ ရှေ့မှောက်၌ ခံဝန်ချက် လက်မှတ် ရေးထိုးရမည် ဖြစ်သည်။
၆။ လျှောက်လွှာများကို ကွဲပြားခြားနားမှုနှင့် အမျိုးသားရေးသဟဇာတ ဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) ရုံးများတွင် လည်းကောင်း၊ ရခိုင်ပြည်နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများတွင် လည်းကောင်း ရယူနိုင်ပါသည်။
ထို့အပြင် www.cdnh.org/RakhineScholarships အွန်လိုင်းမှလည်း ရယူနိုင်ပါသည်။
၇။ လျှောက်လွှာများကို သတ်မှတ်ထားသောပုံစံအတိုင်း ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ နှင့်အတူ ဤကြေညာချက် စတင်ပါရှိသည့် နေ့ရက်မှ စတင်ပေးပို့ရမည် ဖြစ်သည်။ (အွန်လိုင်းမှ တစ်ဆင့်လည်း လျှောက်ထားနိုင် ပါသည်)။
လျှောက်လွှာများကို ဖော်ပြပါ CDNH ရုံးများသို့ပေးပို့ရမည် ဖြစ်ပါသည်။
* CDNH ရုံးချုပ်၊ အမှတ် ၁၂၊ ရွှေလီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- ၀၁-၂၃၀၆၃၅၆
* CDNH ရုံးခွဲ၊ အခန်း၄၈၊ တိုက် ၈၊ မင်းဂံရပ်ကွက်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်၊ ဖုန်း- ၀၉-၄၂၀၃၃၀၇၅၉
* CDNH ရုံးခွဲ၊ အမှတ် ၁၄၂၊ ဗန္ဓုလ (မြို့ဝင်လမ်း)၊ မြို့မကညင်တန်းရပ်ကွက်၊ မောင်တောမြို့ ၊ ရခိုင်ပြည်နယ်၊ ဖုန်း- ၀၉-၂၆၂၇၈၃၃၅၁
* CDNH ရုံးခွဲ၊ အမှတ် ၈၀၊ ဘုရင့်နောင်လမ်းမကြီး၊ (၇) ရပ်ကွက်၊ သံတွဲမြို့ ၊ ရခိုင်ပြည်နယ်၊ ဖုန်း- ၀၉-၄၂၀၈၈၇၈၉၆
အွန်လိုင်းမှ ပေးပို့လိုလျှင် အောက်ဖော်ပြပါ အီးမေးလ်လိပ်စာများသို့ ပေးပို့ရမည် ဖြစ်သည်။
rakhinescholarships@cdnh.org, rakhinescholarships@gmail.com
၈။ မှန်ကန်စွာ ဖြည့်သွင်းထားခြင်း မရှိသော လျှောက်လွှာများကို ထည့်သွင်း စဉ်းစား မည် မဟုတ်ပါ။
၉။ အမျိုးသမီးများနှင့် လူမှုပတ်ဝန်းကျင်တွင် ကန့်သတ်ခံအုပ်စုများ လျှောက်ထားသင့် ပါသည်။
၁၀။ ပညာသင်ကာလတွင် စာမေးပွဲကျရှုံးလျှင်သော် လည်းကောင်း၊နိူင်ငံတော်က ပြဌာန်း သတ်မှတ် ထားသောဥပဒေ၊ နည်းဥပဒေများ ချိုးဖောက် ကျုးလွန်ကြောင်း အထင်အရှားတွေ့ရှိရ လျှင်လည်းကောင်း၊ တက္ကသိုလ်ဥပဒေ ပါ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ကျုးလွန်လျှင် သော်လည်းကောင်း ပညာသင် ထောက်ပံကြေးဆု ရပ်စဲပါမည်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List