Saturday, May 30, 2020

မန္တလေးသို့ လာရောက်သူများ ဇွန်(၁)ရက်မှ စတင်ကာ Quarantine ဝင်ရန်မလိုတော့၊ အဝေးပြေးခရီးသည်တင် ယာဉ်လိုင်းများလည်း ဇွန်(၁)ရက်မှ စတင်ကာ ပြန်လည်ပြေးဆွဲခွင့်ပြုမည်

COVID-19 ရောဂါ ကူးစက်ပြန်ပွားမှု ကာကွယ်ရေး ရောဂါပိုး တွေ့ရှိမှုများသည့် ဒေသများမှ မန္တလေးသို့ လာရောက်သူများ Quarantine (အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း) ဝင်ရန် သတ်မှတ်ထားမှုကို ဇွန်(၁)ရက်မှ စတင်ကာ ပယ်ဖျက်မည် ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရ တာဝန်ရှိသူများက ပြောသည်။
ယမန်နေ့ မေ(၂၉)ရက်တွင် ကျင်းပခဲ့သည့် အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ COVID-19 ရောဂါ ကာကွယ်ရေး ချမှတ်ထားသည့် တားမြစ်ကန့်သတ်ချက် အချို့ကို ပြန်လည်ဖြေလျှော့မည်ဟု မန္တလေးတိုင်းအစိုးရ လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က သတင်းမီဒီယာများအား ပြောသည်။
ရောဂါပိုး တွေ့ရှိမှုများသည့် ဒေသများမှ မန္တလေးသို့ လာရောက်သူများ Quarantine (၂၈)ရက် နေထိုင်ရန် သတ်မှတ်ထားမှုကို ဇွန်(၁)ရက်မှ စတင်ကာ ဖြေလျှော့ပေးမည် ဖြစ်သလို အဝေးပြေခရီးသည်တင် ယာဉ်လိုင်းများကိုလည်း ဇွန်(၁)ရက်မှစတင်ကာ မန္တလေးတိုင်းအတွင်းသို့ ဝင်ရောက်ချိတ်ဆက် ပြေးဆွဲခွင့် ပြုမည်ဟု ၎င်းက ဆိုသည်။
ထို့အပြင် စားသောက်ဆိုင်များ၊ ဟိုတယ်၊မိုတယ်၊ တည်းခိုခန်းများကိုလည်း ဇွန်(၁)ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ် လုပ်ကိုင်ခွင့်ပြုမည်ဟု ဆိုသည်။
“ဖြေလျှော့မှု တချို့ လုပ်ပါမယ်၊ လုပ်လိမ့်မယ်၊ ဥပမာ မော်တော်ယာဉ်လိုင်းတွေကို ပြည်ထောင်စု ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထာတဲ့ စံသတ်မှတ်ချက်တွေနဲ့ အညီ ပြန်လည်ပြေးဆွဲစေတာမျိုး၊ ဒါမျိုးတွေ လုပ်လိမ့်မယ်။ နောက်တစ်ခုကတော့ စားသောက်ဆိုင်တွေပေါ့။ စားသောက်ဆိုင်တွေကို ဆိုင်ထိုင်စနစ်နဲ့ ပြည်ထောင်စု ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်တွေနဲ့အညီ ဆိုင်ထိုင်စနစ် ပြန်လည်ဆောင်ရွက်နိုင်ဖို့ ဒါတွေ ရှိလာမှာပါ။ နောက်တစ်ခုကတော့ ဘာရှိမလဲ၊ နံပတ်သုံး အနေနဲ့က Quarantine ဟာ ပြည်တော်ပြန် အများစုသာလျှင် Quarantine စနစ်တကျ လုပ်ဆောင်ဖို့ပဲ ရှိမှာပေါ့။ ကျန်တဲ့ Entertainment လုပ်ငန်းတွေက ယာယီအားဖြင့် ရပ်ဆိုင်းထားရဦးမှာ ဖြစ်တယ်။ Entertainment ဆိုတော့ အကုန်ပါပြီပေါ့”ဟု ဝန်ကြီး ဦးဇာနည်အောင်က မေ(၂၉)ရက် ညပိုင်းက သတင်းမီဒီယာများအား ပြောသည်။
အထက်ပါအတိုင်း ဖြေလျှော့မည် ဖြစ်သော်လည်း ပြန်လည်ဖွင့်လှစ် လုပ်ကိုင်မည့် လုပ်ငန်းများအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ချမှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီရန် လိုအပ်မည် ဖြစ်ပြီး ဝန်ကြီးဌာနများ၏ သတ်မှတ်ချက်များအတိုင်း စနစ်တကျ ပြင်ဆင်လုပ်ကိုင်ရမည်ဟု ဆိုသည်။
ရောဂါပိုး တွေ့ရှိမှုများသည့် ဒေသများမှ မန္တလေးသို့ လာရောက်သူများ Quarantine နေထိုင်ရမည့် ကန့်သတ်ချက် ပယ်ဖျက်သော်လည်း ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိ လာသူမျာအနေဖြင့်မူ Quarantine နေထိုင်ရမည်ဟု ဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။
မန္တလေးတိုင်းအတွင်းသို့ အဝေးပြေးခရီးသည်တင် ယာဉ်လိုင်များ ဝင်ရောက်ပြေးဆွဲခွင့်ကို ဧပြီ(၇)ရက်မှ စတင်ကာ ပိတ်ပင်ထားခြင်း ဖြစ်ပြီး ရောဂါပိုး တွေ့ရှိမှုများသည့် ဒေသများမှ မန္တလေးသို့ လာရောက်သူများ Facility Quarantine (၂၁)ရက်နှင့် Home Quarantine (၇)ရက် နေထိုင်ရန် ဧပြီ(၂၁)ရက် ကတည်းက သတ်မှတ်ထားခြင်း ဖြစ်သည်။
မန္တလေးတိုင်းအတွင်း ထုတ်ပြန်ထားသည့် COVID-19 ကာကွယ်ရေး တားမြစ်ကန့်သတ်ချက် အမိန့်အချို့မှာ မနက်ဖြန် မေ(၃၁)ရက်တွင် သက်တမ်းကုန်မည် ဖြစ်သည်။
COVID-19 ရောဂါ ကူးက်ပြန့်ပွားမှု ကာကွယ်ရေး ချမှတ်ထားသည့် တားမြစ်ကန့်သတ်ချက် အချို့ကို ဇွန်(၁)ရက်မှ စတင်ကာ ဖြေလျှော့ပေးမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အသိပေးကြေညာထားသည်။ ဖြေလျှော့မှုများမှ လွဲ၍ ကျန်ရှိနေသေးသော ကန့်သတ်ပိတ်ပင်မှုများကိုမူ ဇွန်(၁၅)ရက်အထိ တိုးမြင့်မည်ဟု COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ကြေညာသည်။
COVID-19 ကာကွယ်ရေးအတွက် ကျွဲဆည်ကန်ကားကွင်း ပိတ်သိမ်းထားသည်ကို တွေ့ရစဉ်/ Photo - Aung Kyaw Lin FB.

No comments:

Post a Comment

My Blog List