Monday, May 20, 2013

၂၀၁၃ ခုနှစ်အတွင်း စက်ရုံအလုပ်ရုံများမှ လုပ်ငန်းခွင် အဆင်မပြေ မှုများကြောင့် အလုပ်ရှင်နှင့် အလုပ်သမားများ အကြား ပြဿနာများ ဆက်တိုက်ပြန်လည်ဖြစ်ပွား


၂၀၁၃ ခုနှစ်အတွင်း စက်ရုံအလုပ်ရုံများမှ လုပ်ငန်းခွင် အဆင်မပြေမှုများကြောင့် အလုပ်ရှင်နှင့် အလုပ် သမားများကြားပြဿနာများဆက်တိုက်ပြန်လည် ဖြစ်ပွားလာကြောင်း အလုပ်သမား ကိုယ်စားလှယ်များနှင့် အလုပ်သမားအရေးဆောင်ရွက်သူများထံမှ သိရသည်။လှိုင်သာယာ စက်မှုဇုန်ရှိ စံကောင်း ပီနံအိတ်စက်ရုံ၌ အလုပ်သမား ၄၉ ဦးအား အလုပ်မှ ထုတ်ပယ်မှုကြောင့် ပြဿနာများ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် အလုပ်သမား ၁၀၀၀ ကျော်မှ အလုပ်ထုတ်ပယ်ခံရသည့် အလုပ်သမား ၄၉ ဦးအား အလုပ်ပြန်လည် ခန့်ပေးရေးအပါအ၀င်အချက်၄၃ ချက်ကို စုပေါင်းတောင်းဆိုမှုများ ပြုလုပ်လျက်ရှိသည်။အဆိုပါ ပြဿနာကို မြို့နယ်ဖျန်ဖြေရေးရုံးတွင် မေ ၁၅ ရက်က အလုပ်ရှင်နှင့် အလုပ်သမား တွေ့ဆုံကာ ညှိနှိုင်းခဲ့သော် လည်း ပြေလည်မှုမရရှိဘဲ ခုံသမာဓိကောင်စီသို့ လွှဲပြောင်းဖြေရှင်းသွားမည် ဖြစ်သည်ဟုသိရသည်။ ''ကျွန်တော် တို့ အနေနဲ့ ဒီပြဿနာနဲ့ ပတ်သက်လို့ ဘာလုပ်မယ်ဆိုပြီး စဉ်းစားထားတာ မရှိသေးဘူး။ ခုံသမာဓိကောင်စီကိုတက်ပြီး သူရဲ့အဆုံးအဖြတ်ကို ရယူသွားမှာပါ။ ကျွန်တော်တို့ စက်ရုံကို တရားမ၀င်ဘူး လို့ ပြောနေတာလဲ မဟုတ်ပါဘူး'' ဟု စံကောင်း ပီနံအိတ်စက်ရုံမှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအောင်နိုင်ဦးက ပြောပါသည်။လှိုင်သာယာမြို့နယ်ရှိ ဟုတ်စိန်ပီနံအိတ်စက်ရုံမှ တစ်နေ့ အလုပ်ချိန် ၈ နာရီနှုန်းဖြင့် တစ်လလျှင် လုပ်ခလစာ ၈၅၀၀၀ ရရှိရေး၊ အချိန်ပိုကြေး မှန်မှန်ကန်ကန်ပေးရေး၊ တနင်္ဂနွေနေ့မှအပအခြားရက်များကိုလစာဖြတ်တောက်ခြင်းမပြုရန်၊အချိန်ပိုခေါ်ပါကအများစက်ရုံများနည်းတူ နှစ်ဆပေးရန်၊ ထမင်းစားချိန်နာရီအား တိကျစွာပေးရန်နှင့် ထမင်းမစားဘဲအချိန်ပို (OT) ဆင်းရပါက OT ကြေးအား တိကျစွာပေး ရန် စသည့်အချက်များကို အလုပ်သမားဦးရေ ၈၀ မှ မေ ၁၁ ရက်တွင် စုပေါင်းတောင်းဆိုခဲ့ သည်။မေ ၁၄ ရက်တွင် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)ရှိ လပ်ကီးရှူးဖိနပ်စက်ရုံမှ အလုပ်သမား ၃၀၀ ကျော်သည် အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ကို အလုပ်ရှင်မှ ဖောက်ဖျက်မှုကြောင့် စက်ရုံအပြင်ထွက်ကာ စုပေါင်းတောင်းဆိုမှု ပြုလုပ်ခဲ့သည်။
''ကျွန်မတို့ကအဓိကစာချုပ်ချိုးဖောက်မှုကြောင့်အခုလိုစုပေါင်းတောင်းဆိုတာပါ။အလုပ်ရှင်နဲ့ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ အိုတီကြေးပေး၊ ရှားပါးစရိတ်နဲ့လမ်းစရိတ်တွေကို တစ်ခုမှ မဖြတ်ဖို့ သဘောတူထားတယ်။ မေ ၅ ရက်မှာ လစာထုတ်တဲ့အခါ အိုတီတွေ၊ ရှားပါးစရိတ်တွေ၊ ထောက်ပံ့ကြေးတွေ အကုန်လုံးကို ဖြတ်ထားခ တယ်'' ဟု လပ်ကီးရှူးဖိနပ်စက်ရုံ၊ အခြေခံ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မသင်းသင်းချိုက ဆိုသည်။အဆိုပါ လပ်ကီးရှူးဖိနပ်စက်ရုံတွင် အထက်အရာအရှိများ အပါအ၀င် အလုပ်သမား ၄၀၀ ကျော်ရှိပြီး အလုပ်သမား ၃၇၀ မှ အိုတီကြေး၊ ဒေးကြေး၊ ထောက်ပံ့ကြေး၊ ရှားပါးစရိတ်နှင့် လုပ်သက်ကြေး များကို မေ ၁၄ ရက်မှစတင်ကာ စက်ရုံအပြင်သို့ထွက်ပြီး စုပေါင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။အလုပ်သမား ၁၀၀၀ ကျော် အလုပ်လုပ်ကိုင်လျက်ရှိသည့် ရွှေပြည်သာမြို့နယ်ရှိ ချိုချိုဖြူ အထည်ချုပ်စက်ရုံတွင် ဧပြီ ၆ ရက်တွင် လစာဖြတ်တောက်မှုကြောင့် အလုပ်သမား ၈၀၀ ကျော်မှ အလုပ်မဆင်းဘဲ စတင်ဆန္ဒပြခဲ့သည်။
ထို့ပြင် တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန်(၁)မိုးကုတ်လမ်းရှိ Bright June အထည်ချုပ်စက်ရုံမှ အလုပ်သမား ၇၀၀ ကျော်ခန့်သည် မေလ ၅ ရက်နေ့တွင်လစာစနစ်နှင့်ပတ်သက်ကာအလုပ်ရှင်နှင့် အငြင်းပွားမှုဖြစ်ပွား ခဲ့သည်။အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန မှညွှန်ကြားရေးမှူးချုပ်ဒေါက်တာသန်းဝင်းကလည်း''ကျွန်တော်အမြင်အရနှစ်တိုင်းဒီလိုအချိန်ဆို ဖြစ်နေကျပဲ။ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်တာပါပဲ။ အလုပ်ရှင်နဲ့ အလုပ်သမား အငြင်းပွား ဖြစ်ပြီဆိုရင် ပထမအဆင့် စက်ရုံထဲမှာ ဆွေးနွေးတယ်။ မပြေလည်ဘူးဆိုရင် မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံးကို တက်တယ်။ အဲဒါမှ အဆင်မပြေရင် ခုံသမာဓိကောင်စီကို တက်တယ်။ ကျွန်တော်တို့အနေနဲ့ ဒီပြဿနာကို အလုပ်ရှင်နဲ့ အလုပ် သမားအငြင်းပွားမှု ဖြေရှင်းရေး ဥပဒေအရ ဖြေရှင်းပေးနေတယ်။ အနည်းဆုံး အခကြေးငွေ နည်းဥပဒေကို အမြန်ဆုံး ပြဋ္ဌာန်းနိုင်အောင် ကြိုးစားနေတယ်'' ဟု ပြောကြားခဲ့သည်။အလုပ်ရှင်အလုပ်သမား အငြင်းပွား မှုများကို ဖြေရှင်းရာ၌ ဥပဒေ၏ အားနည်းချက်ကြောင့် ခုံသမာဓိကောင်စီမှ ချမှတ်သည့် ဆုံးဖြတ်ချက် များကို အလုပ်ရှင်များ အနေဖြင့် လိုက်နာမှု အားနည်းနေကြောင်း သိရသည်။
အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေဦးဌေးက ''အလုပ်သမားတွေက ဥပဒေမှာ ပါတဲ့အတိုင်း ကိုယ့်ရဲ့ရပိုင်ခွင့်တွေကို တောင်းဆိုနေကြတာပါ။ အဲဒီလို တောင်းဆိုရင်းနဲ့ပဲ အလုပ်ထုတ်ခံရတယ်။ အခုနောက်ပိုင်း အလုပ်သမား ဆန္ဒပြမှုတွေ ပြန်ဖြစ်လာတယ်။ နောက် အလုပ်ထုတ်တာတွေရောပေါ့။ အရင်တုန်းကတော့ဒီလိုမျိုးအလုပ်ထုတ်တာတွေရှိပါတယ်။တစ်ရုံစနှစ်ရုံစပေါ့။အခုကစက်ရုံတွေ တော်တော် များများက အပြိုင်အဆိုင် အလုပ်ထုတ်နေကြတယ်။ နောက် တချို့စက်ရုံဆိုရင် အလုပ်သမားတွေကို တစ်သုတ်ပြီး တစ်သုတ် ဆက်တိုက် ထုတ်တာရှိတယ်'' ဟု ဆိုသည်။
အနိမ့်ဆုံး အခြေခံလစာ အမြန်ဆုံး ပြဋ္ဌာန်းနိုင်ရေးအတွက် အလုပ်သမား အဖွဲ့အစည်း ၆၀ ကျော်နှင့် အလုပ်သမား ၁၀၀၀ ကျော်တို့မှ လက်မှတ်ရေးထိုးကာ သမ္မတနှင့် လွှတ်တော်သို့ ယခုလနောက်ဆုံးထား ၍ တင်ပြသွားမည်ဖြစ်ကြောင်း ဦးဆောင်ပြုလုပ်မည့် အလုပ်သမား ကွန်ရက်ထံမှ သိရသည်။
၂၀၁၂ ခုနှစ် ဇူလိုင် ၄ ရက်က ကျင်းပပြုလုပ်ခဲ့သော စတုတ္ထအကြိမ် ပုံမှန်လွှတ်တော် အစည်းအဝေးတွင် အနိမ့်ဆုံး အခြေခံလစာအား တင်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လွှတ်တော်မှ အတည်ပြုရန်သာ ကျန်ရှိတော့သော်လည်း လက်ရှိအချိန်ထိ အလုပ်သမားများ၏ အခွင့်အရေးနှင့် အခြေခံလစာများ မှာ ပြည့်ဝစွာ မရှိသေးသည့်အတွက် ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ဖြစ်ပေါ်နေရသည့် အတွက်ကြောင့် အခြေခံလစာနှင့် ပတ်သက်သော ဥပဒေတစ်ရပ် အမြန်ဆုံးပြဋ္ဌာန်းနိုင်စေရန် ပြုလုပ်ရခြင်း ဖြစ်သည်ဟု အလုပ်သမား ကိုယ်စားလှယ်များထံမှ သိရသည်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ စ၍ အခြေခံလစာနှင့် အခွင့်အရေးအတွက် အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံ၊ ပီနံအိတ်စက်ရုံ၊ ဆံပင်တုစက်ရုံ၊ ပလတ်စတစ်စက်ရုံ၊ ဇာထိုးပန်းထိုးစက်ရုံ၊ သံမဏိစက်ရုံ၊ ရေလုပ်ငန်း စက်ရုံနှင့် အရက်ချက်စက်ရုံများမှ အလုပ်သမားများ စတင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည့် အတွက် အလုပ် သမား ၀န်ကြီးဌာနမှ ယာယီ အခြေခံလစာအတွက် ကျပ် ၅၆၇၀၀ အားပေးရန် သတ်မှတ်ခဲ့သော်လည်း စက်ရုံလုပ်ငန်းရှင်အများစုမှာလိုက်နာခြင်းမရှိသောကြောင့်ဆန္ဒပြမှုမှာလက်ရှိအချိန်ထိဆက်လက် ဖြစ်ပေါ်နေ သည်။

ယခုနှစ်တွင် ဖြစ်ပွားခဲ့သော အလုပ်သမားဆန္ဒပြမှုအချို့

- ဇန်န၀ါရီ ၇ ရက်တွင် အခြေခံလစာ တိုးမြှင့်ပေးရေးအတွက် အောင်ငွေဦး (ပလတ်စတစ်စက်ရုံ) အလုပ်သမား ၂၀၀၊

- ၁၃ ရက်တွင် အလုပ်သမား အခွင့်အရေးနှင့် လစာငွေ တိုးမြှင့်ပေးရေး ဆုလာဘ်ထက်သာ အထည်ချုပ်စက်ရုံမှ အလုပ်သမား ၃၅၀ ခန့်၊

- ဖေဖော်ဝါရီ ၆ ရက်တွင် Globel Electric (လျှပ်စစ်ပစ္စည်းစက်ရုံ) မှ အလုပ်သမား ၁၀၀ ခန့် လစာငွေ တိုးမြှင့်ပေးရေး၊

- ၂၀ ရက် Esquare (ဖိနပ်ချုပ်) စက်ရုံ လစာငွေတိုးမြှင့်ပေးရေး၊

- မတ် ၁၇ ရက်တွင် New-way (အထည်ချုပ်စက်ရုံ) လစာငွေ တိုးမြှင့်ပေးရေးနှင့် အလုပ်သမား အခွင့်အရေး၊

- ဧပြီ ၄ ရက်တွင် Gallant Ocean (အအေးခန်းစက်ရုံ) အခြေခံလစာ တိုးမြှင့်ပေးရေး၊

- ဧပြီ ၆ ရက်တွင် Snergy (အထည်ချုပ်စက်ရုံ) မှ အလုပ်သမား ၂၀၀ ခန့် အခြေခံလစာ တိုးမြှင့်ပေးရေးနှင့် ချိုချိုဖြူ အထည်ချုပ်မှ အလုပ်သမား ၈၀၀ ကျော်မှ လစာဖြတ်တောက် ခံရမှုကြောင့်၊

- ဧပြီ ၂၄ ရက်တွင် Costec အထည်ချုပ်စက်ရုံမှ အလုပ်သမား ၃၀၀ ခန့် လစာတိုးမြှင့်ပေးရေး၊

- ဧပြီ ၃၀ ရက်နှင့် မေ ၅ ရက်တို့တွင် Bright Jaune အထည်ချုပ်စက်ရုံ အလုပ်သမား ၇၀၀ ခန့် လစာငွေနှင့် အလုပ်သမား အခွင့်အရေးနှင့် မေ ၂ ရက် မြန်မာစိုးစံဝင်း ဖိနပ်စက်ရုံမှ အလုပ်သမား ၃၀၀ ခန့်မှ အခြေခံလစာတိုးမြှင့်ပေးရေး၊

- မေ ၁၁ ရက်တွင် စံကောင်းပီနံအိတ်စက်ရုံ အလုပ်သမား ၁၀၀၀ ကျော်မှ အလုပ်သမား ၄၉ ဦး ထုတ်ပယ်မှုကြောင့်၊

- မေ ၁၄ ရက်တွင် လပ်ကီးရှူးဖိနပ်စက်ရုံ အလုပ်သမား ၃၀၀ ကျော် အလုပ်ရှင်မှ စာချုပ်ချိုးဖောက်မှု၊ ဟုတ်စိန်ပီနံအိတ် စက်ရုံမှ အလုပ်သမား ၁၀၀ ခန့်မှ မေ ၁၁ ရက်တွင် အလုပ်သမား အခွင့်အရေးနှင့် လစာတိုးမြှင့်ရေး၊
- မေ ၁၈ ရက်တွင် သုံးထပ်ကြီး အထည်ချုပ်စက်ရုံမှ အလုပ်သမား ၁၀၀၀ ခန့်မှ လစာတိုးမြှင့်ပေးရေး၊ Yes One အထည်ချုပ်စက်ရုံ အလုပ်သမား ၁၀၀၀ မှ လစာတိုးမြှင့်ရေးနှင့် အလုပ်သမားခံစားခွင့်များရရှိရေး စည်တော်ကြီးစက်ရုံ၊ ထိပ်တန်းမြန်မာစက်ရုံ၊ ဘိုဆန်းစက်ရုံ၊ ခွန်ခိုင်စက်ရုံ၊ အာရုံဦးစက်ရုံတို့တွင်လည်း အလုပ်ရှင်နှင့် အလုပ်သမားအကြား ပြဿနာများ ဖြစ်ပွားခဲ့သည်။

No comments:

Post a Comment

My Blog List