Wednesday, June 06, 2012

တပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးနှောက် ခြောက်နေရတဲ့ ဦးပိုင်နဲ့ MEC

 
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဦးပိုင် Holding နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC တို့အပေါ် ဆက်လက်အောင်မြင်အောင် လုပ်ကိုင်ဆောင်ရွက်သွားနိုင်ဖို့ အကြပ်ရိုက်နေကြောင်း စစ်ဖက်နီးစပ်သူများက ဆိုလာပါတယ်။       ဦးပိုင်ဟာ မြန်မာနိုင်ငံ တစ်နိုင်လုံးရဲ့ အရေးကြီးတဲ့ ကျွန်း၊ ကျောက်မျက်၊ စွမ်းအင်၊ လောင်စာဆီ၊ စားအုန်းဆီ၊ သယ်ယူပို့ဆောင်ရေး၊ ဘိလပ်မြေ၊ ယာဉ်ကြီးယာဉ်ငယ် ပြည်ပမှတင်သွင်းခွင့်၊  စတဲ့လုပ်ငန်းကြီးတွေကို ချုပ်ကိုင်ထားခဲ့တာမို့ ယခုအစိုးရ လက်ထက်မှာတော့ တော်တော်များများကို လက်လွှတ်ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။
အရင်းအနှီးစိုက်ထုတ်ရန်မလိုဘဲ အသားတင်အမြတ် ရယူနေတဲ့ ဦးပိုင်လွှမ်းမိုးထားသော သွင်းကုန်၊ ထုတ်ကုန် ပါမစ်လိုင်စင်လိုမျိုး လုပ်ငန်းတွေကိုလည်း လက်လွှတ်ဆုံးရှုံးသွားတော့မှာ ဖြစ်ပါတယ်။ အလားတူ ယခင်က အစိုးရဟာ စစ်တပ်အနေနဲ့ တိုက်ရိုက် အုပ်ချုပ်ခဲ့တာမို့ MEC မှာ တပ်မတော်ရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ ရိက္ခာ၊ စစ်ဝတ်ပစ္စည်း ထုတ်လုပ်ရေးနဲ့ အခြားတပ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ပိုင်ခွင့် အခွင့်အရေး တော်တော်များများ ရခဲ့ပြီးမှ အခုအခါမှာတော့ လက်လွှတ်ဆုံးရှုံးရမယ့် အခြေအနေမှာ ရှိနေပါတယ်။

ဒါ့အပြင် အစိုးရအသစ်အဖွဲ့က တင်ပြထားတဲ့ ကာကွယ်ရေး ဘတ်ဂျက်ကိုလည်း ပညာရေးနှင့် ကျန်းမာရေးအတွက် ဦးစားပေးလိုက်ရလို့ ထက်ဝက်နီးပါး အဖြတ်ခံလိုက်ရပါတယ်။ တပ်မတော်ရဲ့ သက်သာချောင်ချိရေးကို အဓိက ဖြည့်ဆီးဆောင်ရွက်ပေးနေတဲ့ ဦးပိုင်နဲ့ MEC မှာ စာရင်းဇယား မနိုင်နင်းမှု၊ စနစ်တကျ ထိမ်းသိမ်းနိုင်စွမ်း မရှိမှု၊ စာရင်းစစ် စစ်ဆေးမှု မတိကျခြင်း စတဲ့ အားနည်းချက်များကြောင့် ဦးပိုင်နဲ့ MEC ကို အသစ်ကိုင်တွယ်နေရတဲ့ ဗိုလ်ချုပ်များက ပြဿနာဖြစ်ပွားလာမယ့်အရေး ကြိုတင်ကာကွယ်တဲ့အနေနဲ့ တပ်ချုပ်ထံ တင်ပြခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကွန်ပျူတာ သုံးစွဲမှု အိုင်တီနည်းပညာ ဗဟုသုတ ခေါင်းပါးနေကြောင်း MEC ရုံးကို ရောက်ခဲ့တဲ့ ကုန်သည်တစ်ဦးက စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ်သို့ အခုလို ပြောလာပါတယ်။

“ကျွန်တော် MEC ရုံးကိုရောက်တော့ စစ်တပ်က အရာရှိတွေဟာ နိုင်ငံခြားကုမ္ပဏီများနဲ့ ဆက်သွယ်ကြရာမှာ တယ်လီဖုန်း Fax ကိုသာ လွယ်လွယ်ကူကူ အသုံးပြုတာ တွေ့ရတယ်ဗျ။ ကွန်ပျူတာ အီးမေးလ် သုံးနေတဲ့ခေတ်မို့ အွန်လိုင်းပေါ်မှာ conference call ပြောတာမျိုးကို မတွေ့ရဘူးဗျ။ တော်တော်ခေတ်နောက်ကျတာဘဲ။ နောက်ပိုင်းမှာ သုံးရင်တော့မသိဘူး”။

ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဦးပိုင်နဲ့ MEC အား အခြေအနေအရ တစ်ပေါင်းတည်းလုပ်မည် ဒါမှမဟုတ် မူလအတိုင်း သီးခြားစီ ဆက်လက် စခန်းသွားဖို့ဆိုရာမှာ တော်တော်လွယ်ကူတဲ့ ကိစ္စရပ်မဟုတ်ကြောင်း သိရှိရပါတယ်။ ဦးပိုင်ဟာ စစ်တပ်အတွက် ဝင်ငွေရှာပေးသော တပ်ပိုင်ကုမ္ပဏ်ီဖြစ်သည့် အားလျော်စွာ ပုဂ္ဂလိက ကုန်သည်များ၊ ကုမ္ပဏီများအား ယခင်ကလို ဝေစားမျှစား သဘောထားလို့ မရတော့ဘဲ ယှဉ်ပြိုင်ဘက်အနေနဲ့ လုပ်ဆောင်တော့မှာဖြစ်လို့ စီးပွားရေး မလုပ်တတ် မကိုင်တတ် မကျွမ်းကျင်တဲ့ ဗိုလ်ချုပ်များအပေါ် စိန်ခေါ်မှုကြီး တစ်ခုပင် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဖိုးတရုတ်(Blog)

No comments:

Post a Comment

My Blog List