Monday, March 16, 2015

အစိုးရသတင်းများ မဖော်ပြရန် မြန်မာ ဂျာနယ်လစ်ကွန်ရက် ဆုံးဖြတ်


ကျောင်းသားများ ဆန္ဒပြမှုကို ပြန်ကြားရေး ဝန်ကြီးဌာနက မုသားတစ်ဝက် သတင်းဖေါ်ပြခဲ့သည်ဆိုကာ ရှုတ်ချသောအားဖြင့်  အစိုးရအရာရှိများ၏ လုပ်ဆောင်ချက်သတင်းများကို မိမိတို့၏ သတင်းစာများတွင် မဖေါ်ပြရန် မြန်မာဂျာနယ်လစ် ကွန်ရက်၏ မတ် ၁၄ ရက် ညနေပိုင်းက ဆုံးဖြတ်ချက်အပေါ်  နိုင်ငံပိုင်နှင့် နိုင်ငံ တကာ မီဒီယာများအသုံးပြု၍ ဖော်ပြမည်ဟု ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က တုံ့ပြန်လိုက်သည်။
မြန်မာဂျာနယ်လစ်ကွန်ရက်၏ မတ်လ ၁၄ ရက် ဆုံးဖြတ်ထုတ်ပြန်ချက်ကို ဦးရဲထွဋ်က သူ၏ လူမှုကွန်ရက် စာမျက်နှာ ဖေ့စ်ဘွတ်မှတစ်ဆင့် တုံ့ပြန် လိုက်ခြင်းဖြစ်သည်။ အစိုးရအရာရှိများ၏ သတင်းများ "နိုင်ငံပိုင် မီဒီယာများ အပြင် နိုင်ငံတကာ မီဒီယာများ၊ အင်တာနက်မီဒီယာများ" ကို အသုံးပြု ဖော်ပြ သွားမည်ဟု ဦးရဲထွဋ်က ဆိုသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်၏ ဆုံးဖြတ်ချက်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ တွင်  မတ်လ ၅ ရက်က ဆန္ဒပြသူများကို အရပ်ဝတ် စွမ်းအားရှင်များက ရိုက်နှက်ဖမ်းဆီးခဲ့မှု၊ မတ်လ ၁၀ ရက်တွင် လက်ပံတန်း ရှိ ကျောင်းသား များသပိတ်စခန်းကို အကြမ်းဖက်ဖြိုခွဲကာ ကျောင်းသားများကို ဖမ်းဆီးခဲ့မှုတို့ကို ရည်ညွှန်း ထားသည်။

ထိုသတင်းများကို ဖော်ပြရာတွင် ပြန်ကြားရေးဝန်ကြီးဌာနသည် "ကျောင်းသားဆန္ဒပြမှုများ၌ သတင်းသမား များ ဖြစ် ကြောင်းသိလျက်နှင့် ရိုက်နှက်ထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့ခြင်းအတွက်တာဝန်ရှိသည့် နိုင်ငံတော် သမ္မတ ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ မုသားတစ်ဝက် သတင်းဖော်ပြမှုများ လုပ်ဆောင်ခဲ့" ဟု မြန်မာဂျာနယ်လစ် ကွန်ရက်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ အစိုးရအရာရှိများ၏ လုပ်ဆောင်ချက်သတင်းများကို မိမိတို့၏ သတင်းစာများတွင် မဖော်ပြရန် မတ်လ ၂၇၊ ၂၈နှင့် ၂၉ ရက်အထိ ပြုလုပ် သွားမည် ဖြစ်သည်။

အဆိုပါ လုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး    The Voice သတင်းစာမှ အယ်ဒီတာချုပ်ဦးကျော်မင်းဆွေက “အဲဒီကိစ္စကို အယ်ဒီတာအဖွဲ့က ဆုံးဖြတ်သွားမှာပါ။ ကျွန်တော်တစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး။ သူတို့ MJN က ထုတ်လုပ်တဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော့်အနေနဲ့ ဘာမှမှတ်ချက်ပေးခြင်း မရှိပါဘူး” ဟု ဆိုသည်။

အဆိုပါ MJN ၏ ထုတ်ပြန်ချက်ကို လုပ်ဆောင်မည်၊ မလုပ်ဆောင်မည်နှင့် ပတ်သက်၍  7 Day သတင်းစာမှ အယ်ဒီတာ တစ်ဦးဖြစ်သူ ဦးသီဟက လည်း  “အဲဒါကတော့ ကျွန်တော်တို့အနေနဲ့ ပြောရခက်တယ်ဗျ။ MJN အနေနဲ့တော့ ဖြေရမယ်ဆိုရင် သူတို့ထုတ်ပြန်တာက အခြားတိုက်တွေကို ဘယ်လောက် ကာဗာလုပ်ပေးနိုင် မလဲ၊ ကျွန်တော်တို့ သတင်းသမားတွေအနေ နဲ့ကတော့ သတင်းဖြစ်တယ်ဆိုရင်ထည့်မှာပဲ။ ကောင်းလို့ အများကြီးမထည့် ဘူး။ ဆိုးလို့လည်း နည်းနည်းလေး မထည့် ဘူး။  ရေးရမယ့်အလုပ်က သတင်းသမားအ လုပ်ပါ” ဟု ဆိုသည်။

အလားတူပင် ပြန်ကြားရေးဝန်ကြီး တက်ရောက်ရန်ရှိသည့် ရန်ကုန်မြို့ တွင်ကျင်းပရန်ရှိသော မီဒီယာ ကွန်ဖရင့်သို့ မြန်မာသတင်းသမားများ မတက်ရောက်ရန် စည်းရုံးသွားမည်ဟုလည်း  မြန်မာဂျာနယ်လစ် ကွန်ရက်က ထုတ်ပြန်သည်။

မြန်မာဂျာနယ်လစ်ကွန်ရက်၏ ဆုံးဖြတ်ချက်အပေါ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က တုံ့ပြန်လိုက်မှုကို မြန်မာ ဂျာနယ်လစ်ကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ''ပုဂ္ဂလိကအနေနဲ့ အငြင်းပွားစရာ မရှိဘူး။ မီဒီယာ ကွန်ဖရင့်ကို မတက်ရောက်တာကလည်း ဒီကိစ္စကို နိုင်ငံတကာက သိအောင်လုပ်တာဖြစ်တယ်'' ဟု ပြောသည်။

မီဒီယာကွန်ဖရင့်ကို International Press Institute , IPI က ဦးစီးကျင်းပမည်ဖြစ်ရာ "IPI ဟာ နိုင်ငံတကာမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို မြှင့်တင်ပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းက ဆောင်ရွက် တဲ့ နိုင်ငံတကာ ကွန်ဖရင့်ကို နှစ်စဉ်နိုင်ငံများမှာ လှည့်လည်ကျင်းပပါတယ်။ ဒီနှစ်မှာ မြန်မာနိုင်ငံရဲ့ စာနယ် ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ ကိစ္စများနဲ့ နိုင်ငံတကာ စာနယ်ဇင်း လွတ်လပ်ခွင့်ဆိုင်ရာ အရေးကိစ္စ များကို ဆွေးနွေးနိုင်ဖို့ မြန်မာနိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်" ဟု ဦးရဲထွဋ်က ဖြေရှင်းထားသည်။

အဆိုပါကွန်ဖရင့်ကို သိပတ်မှောက်ခြင်းသည် "အစိုးရနဲ့ဝန်ကြီးဌာနကို နစ်နာစရာ၊ ထိခိုက်စရာ အကြောင်း မရှိပါဘူး" ဟုလည်း ဦးရဲထွဋ်က ဆိုသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီမှ အဖွဲ့ဝင်ဦင်္းသီဟစောကမူ  ''သတင်းတွေထည့်တာမထည့်တာ ကိုယ် သဘောနဲ့ကိုယ်ပဲ။ MJN မှာ ဘယ်သူတွေပါပြီး ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့်လုပ်မလဲ မသိဘူး။ IPI ကနိုင်ငံခြားအဖွဲ့က လုပ်တာ။ နိုင်ငံခြားက အဖွဲ့အစည်းတွေက မီဒီယာနဲ့ပတ်သက်ပြီး ဆွေးနွေးမယ်။ အဲဒီဟာကို ရှိသမျှလူအားလုံး ကန့်ကွက်တာလား၊ MJNက ဘယ်နှစ်ယောက် ကန့်ကွက်မှာလဲ'' ဟု ပြော သည်။

မတ်လ ၅ ရက်မြို့တော်ခန်းမရှေ့ ဆန္ဒပြမှုနှင့် ဆက်စပ်လျက် သတင်းသမားအချို့ ရိုက်နှက် ခံခဲ့ရသည်။ မတ်လ ၁၀ ရက် လက်ပံတန်း သပိတ်စခန်း ဖြိုခွင်းမှုတွင်လည်း သတင်းထောက်အချို့ ရိုက်နှက်ခံခဲ့ရကာ အချို့ ဒဏ်ရာရရှိခဲ့ကြသည်။

အလားတူပင် ဖေဖော်ဝါရီလအတွင်းက ကိုးကန့်ဒေသတွင် ပေါ်ပေါက်ခဲ့သည့် တိုက်ပွဲများတွင်လည်း သတင်းသမားအချို့ ဒဏ်ရာရရှိခဲ့ကြသည်။

Mizzima - News in Burmese



No comments:

Post a Comment

My Blog List