လက်ပံတန်းမြို့တွင် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသော ဖမ်းဆီးခံ ကျောင်းသားများ အတွက် ပြုလုပ်သည့် လက်ပတ်ဖြူလှုပ်ရှားမှုကို မတ် ၁၅ ရက် ရန်ကုန်မြို့ ပြည်လမ်း၊ တံတားဖြူမှတ်တိုင်အနီး အင်းလျား ကန်ဘောင်တွင် လှုပ်ရှားမည့် အစီအစဉ်အား တာဝန်ရှိသူများက လာရောက်ဖမ်းဆီးမည့်ဟု ရွှေပြည်သာမြို့
နယ် ၁၉ ရပ် ကွက်မှ အုပ်ချုပ်ရေးမှူးမှတစ်ဆင့် သတိပေးတားမြစ်ခံရကြောင်း ယင်းလှုပ်ရှားမှုအား ဦးဆောင် သူ ကဗျာဆရာ မောင်ဆောင်းခက မဇ္ဈိမသို့ ပြောသည်။
“မနေ့ညက ကျွန်တော်တို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေတစ်ဆင့် အမေ့ကို လာပြောခိုင်းသွားတာ။ လက်ဖြူ လှုပ်ရှားမှုကိုဆက်မလုပ်ဖို့ပါ။ ဆက်လှုပ်ရှား မယ်ဆိုရင် အထက်က လူတွေက လာဖမ်းမယ် ဆိုပြီးပြောသွား တယ် အမေ့ကနေတစ်ဆင့် ကျွန်တော့်ကိုမလုပ်ဖို့တားခိုင်းတာပေါ့။ဒါပေမဲ့ ကျွန်တော် ကတော့ မရပ်ပါ ဘူး။ဆက်လက်လှုပ်ရှားသွားမှာပ” ဟု မောင်ဆောင်းခ ကပြောသည်။
ယင်းလှုပ်ရှားမှုတွင် လူငယ်ငါးယောက်အဖွဲ့ တစ်ဖွဲ့စီခွဲထွက်ကာ အင်းလျားကန်ဘောင်အနီးရှိ ကားဂိတ်၊ ကားပေါ်၊ ငြိမ်းချမ်းရေးကို လိုလားသူများ၊ အစိုးရ၏ အကြမ်းဖက်မှုကို ဆန့်ကျင်လိုသူများ၏ လက်တွင် လက်ပတ်အဖြူများကို လိုက်လံပတ်ပေးမည်သွားဖြစ်ပြီး မတ် ၁၉ ရက်တွင် ရန်ကုန်အပါအ၀င် မန္တလေး ၊ ကျောက်တံတား၊ မော်လမြိုင်၊ ပျဉ်းမနား၊ ပခုက္ကူ၊ ဒိုက်ဦး၊ ဗိုလ်ကလေး၊ ပုသိမ် စသည့်နေရာ တို့တွင် နံနက် ၉ နာရီမှစတင်ကာတစ်ပြိုင်နက်လှုပ်ရှားသွားမည် ဟု ၄င်းက ပြောသည်။
ယင်းလှုပ်ရှားမှုသည် ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော် ကျဆုံးခဲ့သည့် ၂၇နှစ်ပြည့် မတ်လ ၁၃ ရက်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် လူငယ်အင်အား ၂၀ကျော်ဖြင့် နံနက် ၁၀နာရီ မှစတင်ခဲ့ပြီးနောက် လူစည်ကားရာ နေရာများတွင် "We Are Students Respect Our Rights" ဟု ရေးသားထားသည့် အဖြူရောင် လက်ပတ်များကို စတင်လိုက်လံဝေငှခဲ့ဖြစ်သည်။
Mizzima - News in Burmese

No comments:
Post a Comment