မြန်မာနိုင်ငံ၏ ရသုံးမှန်းခြေငွေစာရင်း (ဘတ်ဂျက်) ရေးဆွဲမှုများတွင် ရေရှည် အကျိုးဖြစ်မည့် အခြေခံ အဆောက် အအုံ တည်ဆောက်မှုများတွင် သုံးစွဲမှုနည်း ပါးနေခြင်းက ကြီးမားသည့်ပြဿနာတစ်ရပ်ဖြစ်သည်ဟု ဘတ်ဂျက်လေ့လာစောင့် ကြည့်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်တွင် ပညာရေးအသုံးစရိတ်များကို ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်လာသော်လည်း အသုံးစရိတ်အများစုသည် ဝန်ထမ်းလစာတိုးမြှင့်မှုများတွင်သာ အသုံးပြုမှုများနေခဲ့သည်ဟု ၄င်းတို့က ဆိုသည်။ သို့ဖြစ်ရာ ရေရှည်အကျိုးရှိသည့် ကဏ္ဍများတွင် အသုံးပြုရန်လိုအပ်လျက်ရှိသည်ဟု မတ်လ ၆ ရက် က မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ်ရုံး၌ ကျင်းပခဲ့သော ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ ဆွေးနွေးပွဲ တွင် ပြောခဲ့ကြခြင်း ဖြစ်သည်။စီးပွားရေး ပညာရှင် တစ်ဦးဖြစ်ပြီး ဘတ်ဂျက် လေ့လာစောင့်ကြည့်သူ တစ်ဦးဖြစ်သည့် ဦးစောနိုင် (အသုံး ချ ဘောဂဗေဒ)က “ပြီးခဲ့တဲ့နှစ်က ပညာရေး အသုံးစရိတ် တိုးမြှင့်တဲ့အခါမှာ အခြေခံပညာရေး ကျောင်းတွေ ရဲ့ လိုအပ်ချက်ကို မတိုးဘဲနဲ့ မြို့နယ် ပညာရေးမှူးတွေရဲ့ ရာထူးတွေကိုတိုးပြီး လစာတွေ တိုးပစ်လိုက်တယ်။ အဲဒီအတိုင်းသာ သွားနေမယ်ဆိုရင် နောင်လာမယ့်မျိုးဆက်တွေဟာ အခုမျိုးဆက်ထက် ပိုဆိုးရွားတဲ့ ဒဏ်ကို ခံစားရနိုင်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ဘတ်ဂျက်ရေးဆွဲရာတွင် နှစ်စဉ် လိုငွေပြဘတ်ဂျက်များဖြင့်သာ ရှိနေခြင်းဖြစ်သည်။ ယင်းအ နက် ရေရှည်တွင် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေမည့် လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ တည်ဆောက်ခြင်းကဲ့သို့ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းများတွင် အသုံးမှုနည်းပါးနေခြင်းလည်း ဖြစ်သည်ဟု ၎င်းတို့ က ပြောသည်။
ထို့အပြင် ကုန်ထုတ်လုပ်မှု တိုးတက်လာရန်နှင့် ဆင်းရဲမွဲတေမှုပပျောက်ရေး ကဏ္ဍများအတွက် အထောက် အကူဖြစ်စေမည့် ကဏ္ဍများတွင်လည်း အသုံးပြုမှုနည်းပါးနေခြင်းများကို ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည် ဟု ၎င်းတို့က ဆက်လက်ပြောသည်။
ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဦးသန်းလွင်က “ကျေးရွာတွေက ထွက်ကုန်တွေ မြို့ကြီးတွေကို လွယ်လွယ်ကူကူ တင်ပို့နိုင်ရင် ကျေးရွာတွေလည်း တိုးတက်လာမှာပါ။ အခုချိန်ထိ ရွာအတော် များများဟာ နွားသွားတဲ့ လမ်းအဆင့်ပဲရှိနေသေးတယ်။ လွှတ်တော်ကနေ တစ်မြို့နယ်ကို ကျပ် သိန်း ၁,၀၀၀ ချ ပေးခဲ့တုန်းက ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲနဲ့ ဒီအတိုင်းပြီးသွားတယ်” ဟု ပြောသည်။
လက်ရှိအစိုးရ လက်ထက် လေးနှစ်ကျော်ကာလအတွင် နိုင်ငံတော် ဘတ်ဂျက် အသုံးစရိတ်လိုငွေသည် ကျပ်ငွေ ဘီလီယံ ၇,၂၀၀ ကျော်နီးပါးရှိခဲ့ခြင်း ဖြစ် သည်။ သို့ရာတွင် ၎င်းလိုငွေများသည် ရေရှည်ဖွံ့ဖြိုးကဏ္ဍ အသုံးပြုခဲ့ပါ က ကောင်းမွန်သော ဘတ်ဂျက်ရေးဆွဲမှုဟု ထင်မှတ်နိုင်သော်လည်း အမှန်တကယ်တွင် အရင်း အနှီးကဏ္ဍအသုံးပြုမှုများတွင် နည်းပါးခဲ့ခြင်းဖြစ်သည်ဟု စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ ဦးဇော်ဖေ၀င်းက သုံးသပ်သည်။
Mizzima - News in Burmese
No comments:
Post a Comment