ကိုးကန့် တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရုတ် အစိုးရက မြန်မာဘက်ကို သတိပေးတာ နှစ်ကြိမ်ရှိသွားပါပြီ။ ခု တစ်ကြိမ်တော့ မြန်မာဘက်က တိုက်လေယာဉ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြောင့် တရုတ်ရွာသား ၄ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရတယ်။
ဖြစ်စဉ်စတာကတော့ ၂ဝဝ၉ ခုနှစ်တုန်းက တိုက်ထုတ်ခံလိုက်ရတဲ့ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်းဟာ လူသူပြန်စု ရုံးပြီး သူတို့နယ်မြေ သူတို့ပြန်ဝင်လာ၊ တိုက်ခိုက်ကြတာက အစပြုတာပါ။ အစပိုင်း တပ်မတော် ဘက်က အထိအခိုက် အကျ အဆုံးများပါတယ်။
ဒေသခံတွေ၊ မြန်မာနိုင်ငံထဲကနေ နယ်စပ်သွား အလုပ်လုပ်သူတွေ၊ တစ်ဖက်နိုင်ငံက ဝင်ရောက် အလုပ်လုပ် သူတွေ အားလုံးဒေသထဲကနေ စွန့်ခွာထွက်ပြေးကြရပါတယ်။
နဂို အစိုးရက ဖွဲ့စည်းပေးထားတဲ့ နယ်ခြားစောင့်တပ်ကလည်း ဦးဖုန်ကြားရှင်ရဲ့ ကိုးကန့်တပ်နဲ့ပူးပေါင်းသွား ပြီး အစိုးရ ကိုပြန်တိုက်တဲ့ဆီမှာ ပါဝင်လာပါတယ်။
ပြောရရင် အဲဒီဒေသမှာ အစိုးရတပ်ကတစ်ဖက်၊ ကိုးကန့်၊ အရင်နယ်ခြားစောင့်တပ်၊ ပလောင်တပ်ဖွဲ့ စတာတွေက တစ် ဖက်နယ်မြေစိုးမိုးရေး တိုက်ကြ ခိုက်ကြတာပါ။ (အစိုးရတပ်ဘက်ကတော့ အဲဒီကိုးကန့် ဘက်မှာ ကချင်၊ ရှမ်း၊ ဝနဲ့ ၊ မိုင်းလား တပ်ဖွဲ့တွေပါ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲပါတယ်။)
စစ်ပွဲအစမှာ တရုတ်ပြည်ဘက်က အောက်ခြေက လူနဲ့အဖွဲ့အစည်းတွေဟာ ကိုးကန့်တပ်ဘက်ကို ကူညီကြတယ်၊ ကိုးကန့်တပ်ဘက်ကနေ တရုတ်ကြေးစားတပ်တွေ ဝင်တိုက်ပေးတာရှိတယ်ဆိုပြီး တပ်မတော်ဘက်က စွပ်စွဲတာတွေ ရှိခဲ့ပါတယ်။
တရုတ်အစိုးရဘက်ကတော့ ကြေးစားတပ်တွေ ဝင်ကူတိုက်ပေးတာမျိုးမရှိတဲ့ အကြောင်း၊ တရုတ်နိုင်ငံ ကတော့ တစ်ပါးသူ ပြည်တွင်းရေး ဝင်မစွက်တဲ့မူကို ဆုပ်ကိုင်ထားတဲ့အကြောင်း၊ သူ့ရဲ့နယ်စပ်ကို တည်ငြိမ်စေလိုတဲ့အကြောင်း၊ ဒါကြောင့် ပြဿနာကို စစ်ရေးနည်းနဲ့ ဖြေရှင်းတာမျိုးမဟုတ်ဘဲ တွေ့ဆုံဆွေးနွေး တဲ့နည်းနဲ့ ဖြေရှင်းပါဆိုပြီး တုံ့ပြန်ပါတယ်။
ပထမပိုင်း တပ်မတော်ဘက်က အရာရှိ စစ်သည်အကျအဆုံးများ အထိနာ၊ တာဝန်ရှိသူတွေကိုယ်တိုင် တရုတ်ဘက်က ကြေးစားတွေ ဝင်တိုက်တယ် စွပ်စွဲ၊ တချို့ စစ်ဗိုလ်ဟောင်းတွေကလည်း ဒီစစ်ပွဲဟာ ပြည်ပ ကျူးကျော်မှုဖြစ် သယောင် ဝါဒဖြန့် တာတွေရှိလာတော့ ပြည်သူတွေက တပ်မတော်သားတွေကို စာနာပြီး ငွေ လှူတာတွေ၊ အလှူခံတဲ့ လှုပ်ရှားမှုတွေ ရှိလာခဲ့ပါတယ်။
နောက်ပိုင်း တပ်မတော်ဘက်ကနေ ကိုးကန့်သူပုန်တွေ အဲဒီနယ်မြေထဲ ခြေ ကုတ်မယူနိုင်အောင် အင်အား အလုံးအရင်း နဲ့ ထိုးစစ်ဆင်တာ လုပ်လာပါ တယ်။ ဒီလို နယ်မြေထိန်းချုပ်ရေး လုပ်တဲ့အခါ ဆက်သွယ်ရေး လမ်းကြောင်းတွေ ကို စိုးမိုးထားတဲ့ တောင်ကုန်းတွေကို သိမ်းပိုက်မယ့် စစ်ဆင်ရေးတွေလည်း ပါလာပါ တယ်။
ဒီနေရာမှာ အမြှောက်ပစ်ကူအား၊ လူနဲ့ တက်သိမ်းတဲ့ အားနဲ့မနိုင်တဲ့ အခါ လေကြောင်းပစ်ကူယူတာတွေ လုပ်တာတွေ့ ရပါတယ်။ ဒီလိုနည်းနဲ့ ထုံးစံအတိုင်း လေကြောင်းပစ်ကူ အမြှောက်ကျည်ဆံတွေတစ်ဖက် တရုတ်နိုင်ငံ နယ်နိမိတ်ထဲကျ၊ တစ်ဖက်နဲ့ တစ်ဖက် စကားပြောရတဲ့ အဆင့်အထိ ရောက်လာရတာပါ။
လတ်တလော တရုတ်နိုင်ငံထဲ လူသေ၊ ဒဏ်ရာရဖြစ်ခဲ့တဲ့ အမြှောက်ကျည်ဆံ ကျရောက်ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေ ဘက်ကတော့ သူတို့ကြောင့် မဟုတ်ဘူးလို့ ငြင်းဆိုထားပါ တယ်။ သူတို့အနေနဲ့ လေကြောင်း ပစ်ကူတွေ လုပ်တော့မယ်ဆိုရင်လည်း ဘယ်နေ့ ဘယ်အချိန် ပျံသန်း မလဲဆိုတာကအစ တရုတ်ဘက်က တာဝန်ရှိသူတွေကို အသိပေးပြီးမှ လုပ်ကိုင်နေတဲ့အကြောင်း၊ အခု ပြဿနာမှာလည်း စုံစမ်းမှုတွေလုပ်ဖို့ အပြည့်အဝပူးပေါင်းဆောင်ရွက်မှာ ဖြစ်တဲ့ အကြောင်း ပြောဆိုထားပါ တယ်။
ပြောရရင် မြန်မာနိုင်ငံနဲ့ တပ်မတော်ဟာ ဘယ်အိမ်နီးချင်းနိုင်ငံနဲ့မှ စစ်ရေးပဋိပက္ခဖြစ်ဖို့ အဆင်သင့်မရှိပါဘူး။ လက်ရှိ အစိုးရမှာလည်း အဲဒီလို ပဋိပက္ခဖြစ်လိုစိတ် မတွေ့မမြင်ရပါဘူး။ ဒါပေမဲ့ စစ်ဗိုလ်ဟောင်းတချို့ရဲ့ တိုင်းပြည်ဒုက္ခရောက်စေမယ့် အမျိုးသားရေးယောင်ယောင် သွေးထိုး လှုံ့ဆော်မှုတွေ ရှိနေလေတော့ မထင် မှတ်ထားပဲ ပြဿနာတက်ချင်လည်း တက်လာနိုင်ပါတယ်။
တကယ်တော့ စစ်အာဏာရှင်စနစ် လောင်းရိပ်ကထွက်လာတဲ့ တပ်မတော် ခေါင်းဆောင်တွေနဲ့ အစိုးရ၊ လွှတ်တော်တာဝန်ယူထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရွေးချယ်ရမှာက အရင်ခေတ်ဟောင်းတုန်းကလိုပဲ ဆက်သွားမလား၊ တိုင်းရင်းသားတွေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မလားဆိုတာပါ။
လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရက ဦးဆောင်အကောင်အထည်ဖော်နေတာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးပါ။ ဒါပေမဲ့ အဲဒါတစ်ခုတည်း လုပ်ကိုင်နေရုံနဲ့ ငြိမ်းချမ်းရေးရလာ မှာတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးရဖို့ ဆိုရင် တကယ့်ကိုစစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက် လိုကြောင်း ဖွဲ့စည်းပုံကို ပြင်ဆင်တဲ့နည်းနဲ့ သက်သေပြရ ပါလိမ့်မယ်။နောက်ပြဿနာတစ်ခုက တပ်မတော်ခေါင်းဆောင်တွေရဲ့ အ လွန်ကြီးမားတဲ့၊ မှားယွင်းတဲ့ အတွေးအခေါ်ကို ပြင်ဆင်ဖို့ ကိစ္စပါ။ အရင် စစ်အာဏာရှင်ခေတ်က ကြွေးကြော်ခဲ့တဲ့ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” ဆိုတဲ့ အတွေး အခေါ်ကို လုံးဝပြင်ဖို့ပါ။ တကယ်တော့ တပ်မတော်ကို အင်အားရှိစေချင်ရင် တိုင်းပြည်အင်အားရှိမှ ဖြစ်မှာပါ။
လက်ရှိတိုင်းပြည်က ဆင်းရဲမွဲတေနေတော့ ဘတ်ဂျက်တစ်ခုလုံးရဲ့ ရာခိုင်နှုန်းအများစု စစ်တပ်အတွက် သုံးနေတာ တောင် တပ်မတော်ဟာ အိမ်နီးချင်းနိုင်ငံက တပ်မတော်တွေလောက် အရောင်အသွေး မပြောင်၊ ရုပ်ဝတ္ထုလည်း မပြည့်စုံပါဘူး။ ဒါကြောင့် “တိုင်းပြည် အင်အားရှိမှ တပ်မတော်အင်အားရှိမည်” ဆိုတာ ကို ပြောင်းလဲ ခံယူဖို့ လိုပါတယ်။
တိုင်းပြည်အင်အားရှိဖို့ဆိုတာကလည်း တခြားနည်းလမ်းမရှိပါဘူး။ ကိုယ့်တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း ငြိမ်းချမ်းရေး တည်ဆောက်၊ ပြည်မ မှာလည်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးလုပ်၊ တိုင်းပြည်တည်ငြိမ်မှု ရအောင် အကောင် အထည်ဖော်ပြီး စီးပွားရေး၊ ပညာရေးဖွံ့ဖြိုးတိုး တက်အောင် အာရုံစူးစိုက်လုပ်ကိုင်ဖို့ပဲ ရှိပါတယ်။ ဒါကြောင့် လက်ရှိကိုးကန့် နဲ့ ဖြစ်နေတဲ့ ပြဿနာမှာ လည်း ပြည်တွင်းစစ်လား၊ ကိုယ့်တိုင်းရင်းသား အချင်းချင်း ဖြစ်နေတာလား၊ ပြည်ပကျူးကျော်မှုလား ဆိုတာ အသေအချာ ဝေဖန် သုံးသပ်ပြီး စစ်ပွဲကိုရပ်ဆိုင်း သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
Mizzima - News in Burmese
No comments:
Post a Comment