ကျွန်တော်တို့ ငယ်ငယ်တုန်းကဆို မ.ဆ.လ အစိုးရလက်ထက်တုန်းက အစိုးရကသတင်းစာထဲမှာ ဘတ်ဂျက် ကို ထုတ်ပြန်လိုက်ရင် သူဘာသာလို့ပဲ ထင်ထားခဲ့တယ်။ တကယ်တမ်းမှာ ဘတ်ဂျက်ဆိုတာ အများနဲ့ ဆိုင် တဲ့ ကိစ္စဆိုတာကို သိလာတာ သုံးလေးနှစ်တော့ ရှိလာခဲ့ပြီ။ ဘတ်ဂျက်ဆိုတာ အများနဲ့ဆိုင်တဲ့ကိစ္စဖြစ် ပေ မယ့် အများပြည်သူက ဘယ်လောက်အထိ ပါဝင်ခွင့်ရလဲအချက်မျိုးတွေ သိလာပါပြီ။
စက်မှုလုပ်ငန်းတွေ များလာတယ် ဆိုကတည်းက ထုတ်လုပ်မှုတွေကြောင့် အခွန်က အဲဒီကနေ ရလာနိုင် တယ်။ နောက်ပြီး ဆင်းရဲချမ်းသာ ကွာဟမှုကိုလည်း အခွန်နဲ့ ချိန်ဆနိုင်တဲ့ နည်းလမ်းရှိတယ်ဆိုတာ သိနိုင်တယ်။ အခွန်ကို ကောင်းစွာကိုင်တွယ်နိုင်ရင် ဖွံ့ဖြိုးမှုကို ထိရောက်နိုင်တယ်ဆိုတာလည်းပဲ သိနိုင်တယ်။
တိုင်းပြည်မှာ အခွန်ကောက်တယ်ဆိုတာ မြို့ကြီးတွေမှာတင် ပြီးတာမဟုတ်ဘူး။ နယ်စပ်မှာတွေမှာရှိနေတဲ့ သယံဇာတအသုံးပြုမှုတွေမှာ အခွန်ကောက်လို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အခွန်သွားကောက်လို့ရမှာက ၁၀ သိန်း၊ အခွန်သွားကောက်ဖို့အတွက် ကုန်ကျမယ့်ငွေက ၁၂ သိန်းကုန်မယ်ဆိုရင် ဘာမှထူးမှာမဟုတ်ဘူး။ ဒါကြောင့် နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားတွေလည်း အဆင်ပြေမှ ကျွန်တော်လည်းအခွန်ရမှာဖြစ်ပါတယ် ။ နောက်တစ်ခုက နိုင်ငံတော်ရပ်တည်ဖို့အတွက် ထိန်းကျောင်းပေးနေတဲ့ အရာတွေထဲမှာပါတဲ့ ၀န်ထမ်းတွေ ရဲ့ အသုံးစရိတ်များသည်လည်း အခွန်ကနေရတယ်ဆိုတာကို မြင်တွေ့ရတယ်။ အဲတော့ အခွန်ကိုပို ရလေလေ ၀န်ထမ်းအသုံးစရိတ်တွေကို ပိုပေးနိုင်လေ ဖြစ်ပါတယ်။ အဲဒီတော့ အခွန်ကို ကောင်းစွာရအောင် မလုပ်နိုင်ဘဲ ၀န်ထမ်းလစာတိုးပေးမယ်ဆိုတဲ့ အတိုင်းအတာကျတော့ အရမ်းကို အခက်အခဲရှိပါတယ်။
ဘတ်ဂျက်ကို ပြုပြင်ပြောင်းလဲဖို့ဆိုရင် နိုင်ငံရေးအရ အခွင့်အရေးပေးဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် ဘတ်ဂျက် ကို ထောက်ပြပြောဆိုင်နိုင်အောင် လွှတ်တော်ထဲမှာ လုပ်ခွင့်ပေးလိုက်တာကိုက ထင်ထင်ရှား ရှား ပြုပြင်ပြောင်း လဲမှုလို့ သုံးသပ်လို့ရပါတယ်။ အခုချိန်မှာ အပေါ်က စီမံတဲ့ ဘတ်ဂျက်ထက်
အောက်ခြေကနေ ပါဝင်ဆောင်ရွက်ခွင့်ရတဲ့ ဘတ်ဂျက်ကို သွားနေပြီလို့ ယူဆလို့ရပါတယ်။
ဦးသန်းလွင် (နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ-ငြိမ်း၊ ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေး)
ဘတ်ဂျက်မှာ နားလည်တာကတော့ တစ်နှစ်မှာတစ်ခါ လုပ်တဲ့စနစ်ပေါ့။ ပြီးခဲ့တဲ့နှစ်က ရန်ကုန်တိုင်း ပြည်သူ့ လွှတ်တော် အစည်းအဝေးတစ်ခုမှာ အတွေ့ကြုံတစ်ခုရတယ်။ အဲဒါက ကျောင်းဆောက်ဖို့အတွက် ပုဂ္ဂလိ ကတွေကို တင်ဒါခေါ်တယ်။ တော်တော်များများက မလုပ်ချင်ကြဘူး။ ကျောင်းဆောက်တာက တစ်နှစ် နဲ့ မပြီးနိုင်ဘူး၊ မပြီးရင် ပြန်အပ်ရမှာဆိုတော့ မလုပ်ချင်ကြဘူး။
ဆိုတော့ တစ်နှစ်တစ်ခါလုပ်တဲ့စနစ်နဲ့ သွားတဲ့အခါမှာ တကယ်လုပ်ရမှာတွေ မလုပ်ဖြစ်တော့ဘဲ မဟုတ် တဲ့နေရာမှာ အသုံးချဖြစ်သွားတော့ သုံးသင့်တဲ့နေရာမှာ မသုံးဖြစ်တော့ဘူး။ အဲဒါက တော်တော်အကျိုး သက် ရောက်မှု နည်းတယ်လို့မြင်တယ်။ ဒါကြောင့် ဘတ်ဂျက်ရေးဆွဲတဲ့နေရာမှာ တစ်နှစ်တစ်ခါရေးဆွဲတဲ့ ဘတ်ဂျက် အပြင် ရေရှည်အတွက် ကြိုတင်ရေးဆွဲတဲ့ ဘတ်ဂျက်လည်း ရှိသင့်တယ်လို့ ထင်တယ်။ အဲဒါမှ တစ်နှစ်နဲ့ မပြီးတဲ့ စီမံကိန်းတွေကို နောက်နှစ်တွေမှာ ဆက်ပြီးဆောင်ရွက်သွားနိုင်မှာပါ။
နောက်ပြီး Check and Blance ပေါ့။ အရင်တုန်းကဆိုရင် ဘတ်ဂျက်လိုငွေအတွက် အစိုးရက အာမခံ စာချုပ်တွေရောင်းရင် ဗဟိုဘဏ်က ငွေကြေးပြန်ထုတ်ပေးတယ်။ အဲဒီစနစ်ကို အခုထိရှိတယ်။ ဒါကြီးက automatically system လို ဖြစ်နေတယ်။
အရင်တုန်းက ဒါကို Check and Blance ဘယ်လိုထားလဲဆိုတော့ တိုင်းပြည်ထဲမှာ လည်ပတ်နေတဲ့ နိုင်ငံခြား သုံးငွေနဲ့ ရွှေကို ထားတယ်။ အဲဒါက ဘယ်လိုဆက်စပ်နေလဲဆိုရင် ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံခြား သုံးငွေ နဲ့ ရွှေနဲ့ ပေါင်းတဲ့ပမာဏထက်ရဲ့ ၄၅ ရာခိုင်နှုန်းထက် ကျော်ပြီး ဗဟိုဘဏ် ချေးငွေယူ လို့မရဘူး။ နိုင်ငံခြား သုံးငွေက ဘီလီယံ ၁၀၀ ဆိုရင် ဗဟိုဘဏ်ချေးငွေပမာဏက ၄၀၀ ဘီလီယံထက် မကျော်ရဘူး။ ကျော်လို့ရှိ ရင် ဗဟိုဘဏ်ဥပဒေဟောင်းအရ ဘတ်ဂျက်လိုငွေတွေမှာ ထပ်ပြီး သုံးစွဲခွင့်မရှိတော့ဘူး။ အဲဒီလို အချိန်မှာ အစိုးရက ဗဟိုဘဏ်မှာ ချေးငွေယူတာကို တစ်ခါတည်းရပ်ပစ်လိုက်တယ်။ ဒီလိုဖြစ်လာရင် ဘတ်ဂျက်လိုငွေ တစ်ပိုင်းတစ်စနဲ့ ဖြစ်နေတာကို တခြားနည်းလမ်းတွေနဲ့ ဖြေရှင်းရတယ်။
နံပါတ် (၁)ကတော့ ၀င်ငွေတိုးအောင်ရှာတယ်။ Revenue ဆိုတဲ့ အခွန်ငွေတိုးကောက်တယ်။ နံပါတ် (၂)က သုံးငွေကို လျှော့ချပစ်ရတယ်။ ဒီနှစ်စလုံးကို မလုပ်နိုင်ဘူးဆိုရင်တော့ နံပါတ်သုံးအချက်အရ အစိုးရက ပြည် ပချေးငွေယူရတယ်။ ဒီလိုနည်းနဲ့ Check and Blance လုပ်ထားတယ်။ အခုအဲဒီအပိုဒ်ကလေး ဖြုတ်လိုက် ပြီလို့ပြောတော့ ကျွန်တော်ဆရာက ဘာပြောလဲဆိုရင် အဲဒီလိုလုပ်လိုက်လို့ ပြည်တွင်းငွေကြေးဖောင်းပွ လာရင် ဗဟိုဘဏ်က တရားခံဖြစ်လိမ့်မယ်တဲ့။
နောက်တစ်ချက်ပြောချင်တာက Risk Management ဆိုတဲ့ကိစ္စလေးပေါ့။ အဲဒါကတော့ အန္တရာယ်ဖြစ် စေနိုင် တဲ့ကိစ္စတွေအပေါ်မှာ စီမံခန့်ခွဲမှုအပိုင်းပဲဖြစ်တယ်။ ဒါတွေက ပြည်ပချေးငွေ ပြည်တွင်းချေးငွေ စသဖြင့် ယူတဲ့အခါမှာ ထည့်စဉ်းစားတဲ့ ဘဏ်တွေရဲ့ကိစ္စပေါ့။ အဲဒီတော့ ဒီ budget Process မှာရော Risk Managemet က မလိုဘူးလားဆိုတာ ပြန်စဉ်းစားစရာရှိတယ်။ ( တရုတ်ချေးငွေကိစ္စ) ဒါက အစိုးရဌာနတွေ အနေနဲ့ အကောင်အထည်ဖော်တဲ့အခါမှာ ဒါတွေကို ထည့်သွင်းစဉ်းစားထားဖို့လိုတယ်။
နောက်တစ်ချက်က အသုံးစရိတ်တွေ သုံးတဲ့အခါမှာ ကျေးလက်ဒေသနဲ့ မြို့ပြတွေကိုဆက်သွယ် ပေးမယ့် လမ်းတွေမှာ အသုံးပြုစေချင်တယ် ။ တော်တော်များများကျေးလက်တွေမှာ အခုချိန်ထိ နွားသွားတဲ့ လမ်းပဲ ရှိသေးတယ်။ အဲတော့မှ ကျေးရွာတွေမှာထွက်တဲ့ ပစ္စည်းတွေက မြို့ငယ်လေးတွေရော မြို့ကြီးတွေ ကိုပါ လွယ်လွယ်ကူကူရောက်နိုင်မယ်။ အရေးကြီးတာက ထွက်ကုန်တွေကို ဘယ်လိုပို့ရမလဲ ဘယ်လိုရောင်းရ မလဲ ဆိုတာအရေးကြီးတာ။ လွှတ်တော်ကနေ တစ်မြို့နယ်ကို သိန်းတစ်ထောင် ချပေးတဲ့အခါမှာလည်း ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ အမျိုးမျိုးလုပ်ကြတယ်။
ဦးနှင်းဦး (ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ)
ဘတ်ဂျက်ဆိုတာဟာလည်း အိမ်တစ်အိမ်ရဲ့ မိသားစုအသုံးစရိတ်လိုပါပဲ။ ပိုက်ဆံတွေရတဲ့ အပေါ် မူတည်ပြီး သုံးရတာဖြစ်ပါတယ်။ များများရရင် များများသုံးနိုင်မှာဖြစ်ပါတယ်။ ဘာမှမရရင် ဘာမှမသုံးနိုင်တော့ဘူး။ အဲဒီတော့ များများရဖို့ဆိုရင် စီးပွားရေးတိုးတက်ဖို့ အရေးကြီးပါတယ်။
မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီတက်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် စီးပွားရေး ချွတ်ခြုံ ကျခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးမူဝါဒ မှားခဲ့လို့ဖြစ်ပါတယ်။ နိုင်ငံတိုးတက်ဖို့ရော အနာဂတ် တိုး တက်ဖို့ရော ထပ်ပြီးတိုးတက်အောင် လုပ်ဖို့ရောဆိုတာက စီးပွားရေးစီမံခန့်ခွဲမှုအပေါ်မှာ မူတည် ပြီးတော့လုပ် ရမှာဖြစ်ပါတယ်။ စီးပွားရေးတိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့နေရာမှာ ဥာဏ်မီ သလောက်ပြောရရင် ပထမအရေးကြီးဆုံးက ကုန်သွယ်ရေးဖြစ်ပါတယ်။ ကုန်သွယ်ရေးက နိုင်ငံအတွက် ၀င်ငွေအများကြီးရှာပေးတဲ့ ကဏ္ဍလည်းဖြစ်တယ်။
ကုန်သွယ်မှုကိုကြည့်ရင် လိုငွေက ဒေါ်လာ လေးဘီလီယံကျော်ပြနေတယ်။ လိုနေတဲ့ငွေတွေက ကျွန်တော် တို့ သုံးလိုက်ပြီးသွားပါပြီ။ ပို့ကုန်ကရတဲ့ငွေက ၁၀၀ ဆိုရင် လိုအပ်တာပြန်ဝယ်တာက ၁၀၀ မကဘူးဖြစ်နေ တယ်။ ပြန်ဝယ်ရတာက အပ်ကနေစပြီး အဆောက်အအုံတည်ဆောက်တဲ့ပစ္စည်တွေအထိ အကုန်ပါ တယ်။ အဲဒီတော့ လိုငွေပြတွေဟာလည်း လူတစ်ဦးချင်းစီကို သွားပြီးထိခိုက်မှုရှိပါတယ်။ ကုန်သွယ်မှုလိုငွေပြတာ ကို လျှော့ချတဲ့နေရာမှာ သွင်းကုန်နေရာမှာ ပြည်တွင်းထုတ်လုပ်မှုနဲ့ အစားထိုးနိုင်ရင်လည်း အဆင်ပြေနိုင် ပါတယ်။ တစ်ဖက်မှာ ပို့ကုန်ပစ္စည်းတွေကို သေချာဆောင်ရွက်နိုင်လို့ ပိုက်ဆံပိုရရင်လည်း အဆင်ပြေနိုင်ပါ တယ်။ အဲဒီနှစ်ချက် ဆောင်ရွက်ပြီး လုပ်နိုင်ရင်လည်းရပါတယ်။
ပို့ကုန်ပိုင်းကို ပြောရမယ်ဆိုရင် မြန်မာနိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ဦးစားပေးတာဖြစ်ပါတယ်။ ဒီနေရာမှာ စိုက်ပျိုးရေးရော၊ မွေးမြူရေးနှစ်ခုစလုံးပါတာ ဖြစ်ပါတယ်။ အဲဒီအပိုင်းကို သေသေချာချာလုပ်ပြီး တန်ဖိုးမြင့်ထုတ်ကုန်အနေနဲ့သွားရင် ၀င်ငွေပိုရလာမှာဖြစ်တယ်။ မကြာခင်မှာလည်း AFTA စတော့မယ် ။ နိုင်ငံခြားကုမ္ပဏီတွေ ၀င်လာတော့မယ်။ ပြည်တွင်းကလူတွေ မကာနိုင်ရင် အားလုံးပြုတ်သွားလိမ့်မယ်။ တချို့ က အဲလိုမဖြစ်အောင် နိုင်ငံခြားကုမ္ပဏီတွေကို အခွန်နဲ့ကာဖို့လုပ်မယ်လို့ပြောတယ်။ ဒါက ပိုဆိုးသွား လိမ့်မယ်။ အခွန်အတိုင်း ကုန်ပစ္စည်းကို ဈေးတင်ရင် ပြည်သူတွေ ပိုခံရလိမ့်မယ်။
ဦးဇော်ဖေဝင်း ( စီးပွားရေး တက္ကသိုလ်က သုတေသနဌာနတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အခုတော့ လူသားအရင်းအမြစ် ဖွံ့ဖြိုးမူရေးကျောင်း ပုဂ္ဂလိကလုပ်ငန်း တစ်ခုမှာ သင်တန်းမှူးချုပ်)
ဘတ်ဂျက်ဆိုတဲ့နေရာမှာ သုံးမျိုးရှိတယ်။ တစ်မျိုးကတော့ ရငွေနဲ့ သုံးငွေနှစ်မျိုးစလုံးတူညီတဲ့ ဘတ်ဂျက် ( Blance Budget)။ အဲဒီဘတ်ဂျက်ကတော့ အစိုးရက ရငွေနဲ့ သုံးငွေကိုတူညီအောင် လုပ်ထားတဲ့အ တွက် တိုင်းပြည်မှာလည်ပတ်နေတဲ့ ငွေကြေးပမာဏက ထူးထူးခြားခြားပြောင်းလဲမှုမရှိပါဘူး။ ကုန်ဈေးနှုန်း ပေါ်မှာ ထူးထူးခြားခြားအကျိုးသက်ရောက်မှု မရှိတော့ပါဘူး။
နောက်တစ်မျိုးကတော့ ရငွေကပိုများပြီး အသုံးစရိတ်က နည်းတဲ့ ပိုငွေဘတ်ဂျက်။ အဲဒါကတော့ လူထုထဲမှာ လည်ပတ်သုံးစွဲတဲ့ငွေ နည်းသွားတဲ့အတွက် ကုန်ဈေးနှုန်းကျတတ်ပါတယ်။ အဲဒါကျတော့ တစ်ဖက်က လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းတိုးချဲ့မှုအပိုင်းမှာအခက်အခဲရှိလို့ တချို့အစိုးရက သိပ်မကြိုက်ကြပါဘူး။
နောက်တစ်မျိုးကတော့ ရငွေကနည်းပြီး သုံးငွေကများတဲ့ လိုငွေဘတ်ဂျက်ဖြစ်ပါတယ်။ ဒီဘတ်ဂျက် ကျတော့ အစိုးရကသုံးတာများတဲ့အတွက် ပြည်သူလူထုဆီမှာ ရှိတဲ့ပိုက်ဆံများသွားပါလိမ့်မယ်။ ဒီငွေတွေဟာ အကြောင်းအမျိုးမျိုးကြောင့် လည်ပတ်တဲ့နှုန်းပိုများမယ်ဆိုရင် စုစုပေါင်းငွေများသွားပြီး ကုန်ဈေးနှုန်းတက်လာ တဲ့ ငွေကြေးဖောင်းပွမှု ပြဿနာကို ဆိုးဆိုးရွားရွားရနိုင်ပါတယ်။
အဲဒီတော့ အစိုးရအနေနဲ့ ဒီပေါ်လစီသုံးမျိုးထဲက ဘယ်ပေါ်လစီဟာ ပိုကောင်းမယ်ဆိုတာကို စဉ်းစားပြီး လုပ်ကြရင်ပိုကောင်းမယ်တယ်။ အရင်အစိုးရလက်တုန်းကတော့ မပြောသာလို့ မပြောခဲ့ဘူးပေါ့။ အခု ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ ပြီးခဲ့တဲ့ သုံးနှစ်စလုံးမှာ ဘတ်ဂျက်လိုငွေ ပြခဲ့ပါတယ်။ သုံးနှစ်ပေါင်း ဘတ်ဂျက်လိုငွေ တွေကို ပေါင်းလိုက်မယ်ဆိုရင် မြန်မာကျပ်ငွေ ဘီလီယံပေါင်း ၇,၂၀၀ ကျော်ပါတယ်။ အဲဒီငွေတွေဟာ လူတွေ လက်ထဲရောက်ပြီး လည်ပတ်နှုန်းဟာမြင့်မယ်ဆိုရင် တိုင်းသူပြည်သားများခံရပါပြီ။ အထူးသဖြင့် ပေါ်ပင်ဝင်ငွေ ရတဲ့သူတွေနဲ့ ဆင်းရဲတဲ့သူတွေဟာ ကုန်ဈေးနှုန်းတက်တဲ့ဒဏ် ကို ကောင်းကောင်းကြီးခံစားရတော့မှာပါ။
နောက်တစ်ချက်က ပထမ ဘတ်ဂျက်ကို တင်လိုက်တယ်။ မတ်လမှာ အတည်ပြုလိုက်တယ်။ ဧပြီ ၁ ရက်က စပြီးသုံးတယ်။ အောက်တိုဘာ၊ နိုဝင်ဘာလည်းကျကော ထပ်မံခွင့်ပြုငွေဆိုပြီး သမ္မတကလက်မှတ် ထိုးပြီး ထပ်ကြေညာပြန်တယ်။ ဒါပေမယ့် ရငွေကို ဘယ်လိုထပ်ရှာမလဲဆိုတာ မပါဘဲ သုံးငွေဘယ်လို ထပ်သုံး မယ်ဆိုတာပဲ ပါလာတယ်။ ဒါကြီးက ကျွန်တော်တို့တိုင်းပြည်မှာ အစဉ်အလာကြီလိုဖြစ်နေတယ်။ နှစ်တိုင်းဒီ အတိုင်းပဲ။
ပထမတင်လိုက်တဲ့ ဘတ်ဂျက်မှာကတည်းက လိုငွေက တော်တော်များများဖြစ်ခဲ့တယ်။ အဲဒီကတည်းက ထပ်မံခွင့်ပြုငွေပေးတဲ့အချိန် သုံးမယ့်ပိုက်ဆံတွေကို မတင်ခဲ့ကြဘူးလား။ ကြိုစဉ်းစားထားပြီးဖြစ်ရက်နဲ့ လွှတ်တော်မှာ ဝေဖန်ခံရမှာစိုးလို့ တမင်လျှော့ပြီး ထပ်မံခွင့်ပြုငွေချမယ့်အချိန်ကျတော့မှာ ထပ်တင်ပြကြတာ လား။ ဒါဆိုလို့ရှိရင် တစ်ခုပြောစရာရှိတာက အခု ၂၀၁၄-၁၅ ဘတ်ဂျက်ရဲ့ တရားဝင်လိုငွေသည် ကျပ်ဘီလီ ယံ ၂,၇၉၁ ဘီလီယံရှိပါတယ်။ ထပ်မံခွင့်ပြုငွေ အပိုဆောင်းလိုက်တာ ကျပ်ဘီလီယံ ၁,၀၀၃ ဖြစ်ပါတယ်။ အဲဒါ ကြောင့် ဘာကြောင့်ဖြစ်လဲ ဒီလိုကိစ္စမျိုးတွေကို လွှတ်တော်ထဲမှာ ကြိုတင်ဆွေးနွေးလို့မရနိုင်တော့ ဘူးလား။
နောက်တစ်ချက် ထပ်မံခွင့်ပြုတဲ့ အသုံးစရိတ်များကို ပြန်ပြီးလေ့လာကြည့်လိုက်တဲ့အခါမှာ နိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ်က ၃၁ ဒသမ ၉၇ ရာခိုင်နှုန်းဖြစ်တယ်။ ဆိုတော့ ကာကွယ်ရေးအသုံး စရိတ်များတယ်လို့အော်နေလို့ ပထမတင်ပြတဲ့ ဘတ်ဂျက်မှာလျှော့ပြပြီး ထပ်မံခွင့်ပြုငွေကျတော့မှ တင်ပြတာ လား။ ဒါမှမဟုတ် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းတွေမှာ လိုအပ်ချက်များလာလို့ အစိုးရထပ်ပြီးခွင့်ပြုပေးရ တာလားဆိုတာ ကျွန်တော်တို့လည်း အတိအကျမသိပါဘူး။ ဒီအထဲမှာ ကျန်းမာရေးအသုံးစရိတ်၊ ၇ ဒသမ ၂၇ ရာခိုင်နှုန်းဖြစ်ပြီးတော့ ပညာရေးအသုံးစရိတ် ၂ ရာခိုင်နှုန်း ထပ်ပြီးခွင့်ပြုခဲ့တယ်။ ဒါတွေဟာ ပြန်စဉ်းစားရ မယ့် အချက်တွေလို့ ကျွန်တော်မြင်ပါတယ်။
ဘတ်ဂျက်တွေကို တင်တဲ့အခါမှာလည်း လိုငွေပြဘတ်ဂျက်တွေချည်းဖြစ်နေတာ တမင်ရည်ရွယ်ချက် နဲ့များ ဆွဲဖြစ်တာလား။ ဒါမှမဟုတ် အစဉ်အလာအရ ဆွဲနေတာလားဆိုတကလည်း အခုဦးသိန်းစိန် အစိုးရက သက်တမ်း လေးနှစ်နီးပါး ရှိလာပေမယ့် ပွင့်လင်းမြင်သာမှုက အားနည်းနေပါသေးတယ်။
နောက်ပြီး ရငွေများဆိုတဲ့အပိုင်းကို ကြည့်လိုက်ရင်လည်း တော်တော်များများက နိုင်ငံပိုင်စီးပွားရေး လုပ်ငန်း များက ရငွေများ ဖြစ်နေပါသေးတယ်။ ကျွန်တော်တို့ဟာ ဈေးကွက်စီးပွားရေးစနစ်ကို သွားနေတဲ့အ တွက်ကြောင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများက ရငွေကို အချိုးအစားအားဖြင့် လျှော့ချပြီး ပုဂ္ဂလိက လုပ်ငန်းတွေက ရငွေကို တိုးလာအောင် လုပ်ရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပြည်တွင်းလုပ်ငန်း ရှင်တွေက အခက်အခဲဖြစ် နေတော့ ၀န်ထုပ်ဝန်ပိုး မဖြစ်အောင်လည်း စဉ်းစားဖို့လိုပါမယ်။
အဓိက က အခွန်ကောက်တဲ့နေရာမှာ အခွန်ရနိုင်ခြေရှိတဲ့နေရာကို တိုးချဲ့ရှာဖွေဖို့ဖြစ်ပါတယ်။ ဘယ်နေ ရာတွေမှာ အခွန်ရနိုင်တယ်၊ အဲဒီနေရာတွေမှာ ထပ်ကောက်တာနဲ့ တိုးချဲ့နိုင်တယ်။ အဲဒီလိုတိုးချဲ့သလိုပဲ အခွန် ဖွဲ့စည်းမှု ပုံသဏ္ဍာန်ဖြစ်တဲ့ ဘယ်အဆင့်မှာ ၀င်ငွေ ဘယ်နှရာခိုင်နှုန်းရရင် ဘယ်လောက်ကောက် မယ်ပေါ့။ အဲဒီ မှာ စဉ်းစားစရာတစ်ခုက မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး အခွန်သတ်မှတ်ချက်သည် ၀င်ငွေ၏ ၂၅ ရာခိုင်နှုန်းပဲရှိပါ တယ်။ အဲဒီမှာ ဘီလီယံပေါင်း ဘယ်လောက်ပဲဝင်နေနေ ၂၅ ရာခိုင်နှုန်းပဲ အခွန်ပေးရမှာဖြစ် တယ်။
၁၉၆၂ ခုနှစ်တုန်းက ကောက်ခဲ့တဲ့ အခွန်နှုန်းအရဆိုရင် ၀င်ငွေတိုးလာတဲ့ တစ်ဆင့်ချင်းအပေါ်မှာ အခွန် ကို တိုးကောက်တာဖြစ်ပါတယ်။ အဲဒီလိုအဆင့်အဆင့်သွားတဲ့အခါမှာ နောက်ဆုံးအဆင့်မှာဆိုရင် ၉၈ ရာခိုင်နှုန်း အထိ အခွန်ကောက်ခဲ့တယ်။ ဒါကိုလုပ်ရမယ်လို့ ပြောတာမဟုတ်ပါဘူး။ လက်ရှိကောက်ခံနေတဲ့ အခွန်ဖွဲ့စည်းမှု စနစ်ကို ဆင်းရဲချမ်းသာ ကွာဟချက်အပေါ်မူတည်ပြီး ကောက်တဲ့စနစ်နဲ့ သွားသင့်တယ်လို့ ယူဆပါတယ်။
နောက်ပြီး မြန်မာနိုင်ငံက စာရင်းအင်းပိုင်းမှာ ဘယ်စာရင်းအင်းကမှ တိကျခိုင်မာတာမရှိဘူး။ အဲဒီတော့ ဒီစာရင်းတွေအပေါ် အခြေခံပြီးတော့ အခွန်ကောက်မယ်ဆိုရင်၊ စီမံကိန်းတွေ လုပ်မယ်ဆိုရင် ဒါတွေဟာ မှန်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် စာရင်းအင်းမှန်ကန်ဖို့ကလည်း သိပ်အရေးကြီးပါတယ်။
စီမံကိန်းဖြစ်ဖြစ်၊ ဘတ်ဂျက်လုပ်ငန်းဖြစ်ဖြစ် အဲဒါတွေက သူ့ဖြစ်စဉ်နဲ့သူ တစ်နှစ်ပတ်လုံး လည်ပတ်နေတယ်။ အဲဒီမှာ အကောင်အထည်ဖော်တဲ့ အပိုင်းနဲ့ ပြန်လည်သုံးသပ်တဲ့အပိုင်းဟာ အရမ်းအရေးကြီးတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဘတ်ဂျက်ရေးဆွဲမှုအတိုင်း ရှာမရှာ၊ သုံးမသုံးစီမံထားတဲ့အ တိုင်း ဖြစ်မဖြစ်ဆိုတာကို အမြဲစိစစ် ထောက်ပြနေ ရင် တော်တော်လေးကောင်းတဲ့ ဘတ်ဂျက်ဖြစ်လာပါ လိမ့်မယ်။
ဒေါ်ညိုညိုသင်း(ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်)
ပြည်ထောင်စုအဆင့်မှာ ပြည်သူ့ငွေစာရင်းကော်မတီဆိုတာရှိပါတယ်။ နောက်ပြီး စာရင်းစစ်ချုပ် အစီအရင်ခံ စာ ဆိုတာကလည်း ခြောက်လတစ်ကြိမ်ထွက်နေပါတယ်။ ဒါပေမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုစလုံး မှာ စာရင်းစစ်ချုပ်အစီရင်ခံစာ မထွက်ပါဘူး။ အခုလက်ရှိ ရန်ကုန်တိုင်းဆိုရင် ၂၀၁၁-၁၂ ဘဏ္ဍာနှစ် အစီ အရင်ခံစာနဲ့ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် အစီအရင်ခံစာ နှစ်ခုပဲ ထွက်ပါသေးတယ်။ အဲတော့ ၂၀၁၃-၁၄နဲ့ ၂၀၁၄-၁၅ နှစ်အတွက် ခြောက်လစာ နှစ်ကြိမ်ဆိုတော့ လေးကြိမ်စာ အစီအရင်ခံစာ မရသေးပါဘူး။
လွှတ်တော်က နောက်ထပ် တစ်ကြိမ်နှစ်ကြိမ်ဆိုရင်ပြီးတော့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ထဲမှာ ရန်ကုန် တိုင်းက သုံးသွားတဲ့ ကျပ်ငွေဘီလီယံ ၄၀၀ ဟာ ဘယ်လိုသုံးသွားလဲဆိုတာကို သိခွင့်မရှိတော့ပါဘူး။ ကံကောင်းရင် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်က ကိစ္စတွေကိုပဲ သိတော့မှာပါ။
လွှတ်တော် ကိုယ်စားလှယ်တွေတောင် အစိုးရ အသုံးစရိတ်တွေကို မှန်မှန်ကန်ကန်သုံးနေရဲ့လားလို့ စောင့် ကြပ်ကြည့်ရှုခွင့်မရှိဘူးဆိုင်ရင် လူမှုအဖွဲ့ အစည်းတွေပါဖို့၊ ပြည်သူတွေပါဝင်နိုင်ဖို့ဆိုတဲ့ အခြေအနေတွေ က တော်တော်လေး အလှမ်းဝေးနေပါသေး တယ်လို့ ပြောချင်ပါတယ်။
နောက်ပြီး တိုင်းဒေသကြီးအဆင့် ပြည်သူ့ငွေစာရင်းကော်မတီ ရှိချင်ပါတယ်လို့ လွှတ်တော်မှာပြော တိုင်းမှာ ဝန်ကြီးချုပ်နဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ တရားဝင်ကို ကန့်ကွက်တာခံရပါတယ်။ ဆိုတော့ အစိုးရအဖွဲ့တွေရဲ့ အတွေးအခေါ်ကိုလည်း ပြောင်းသင့်ပါတယ် လို့ ပြောချင်ပါတယ်။
Mizzima - News in Burmese
No comments:
Post a Comment