အောင်တံခွန် (၃) သင်္ဘောတွင် ပါဝင်ခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်လာ သူ ဦးမောင်ဆန်းဝင်းနှင့် မဇ္ဈိမက မေးမြန်းထားပြီး ၎င်းတို့ အထဲမှ ထုတ်နှုတ် တင်ပြထားသည်။ ‘ရေတပ်တွေ ရဲတွေကကယ်ဖို့ ရောက် လာတာ မဟုတ်ဘူးဗျ။ အလောင်းတွေ သယ်ဖို့ရောက်လာတာ’
အမေး။ ။ ကျောက်ဖြူက ဘယ်အချိန်စထွက်လဲ။
အဖြေ။ ။ ကျောက်ဖြူက စထွက်တဲ့အချိန်မှာ ညနေ ၄ နာရီက စထွက်တာဗျ။ ည ၇ နာရီလောက်မှာ လှိုင်းက လည်း ထလာတယ်။ သင်္ဘောထဲမှာ ပစ္စည်းတွေကလည်းများတယ်။ သင်္ဘောဝမ်းထဲမှာလည်း သံတွေပါ တယ်လို့ ဆိုတယ်။ နောင်တော်လေးနားရောက်တော့ လှိုင်းတွေက ထလာတယ်။ အဲဒီအချိန်မှာ သဘောင်္ သား တစ်ယောက်က ကျွန်တော့်ကိုမေးတယ်။ "အစ်ကိုတို့ဆီမှာ တက်မကိုင်ဖို့လူ။ ရေလမ်းကြောင်းသိတဲ့လူ မပါဘူးလားဆိုပြီးမေးတယ်။" ကျွန်တော်က "အစ်ကိုတို့ သင်္ဘောသားတွေက လမ်းမသိ တက်မ မကိုင် တတ်ရင် ကျွန်တော်တို့က ဘယ်လိုသိဖို့လဲလို့ ပြောလိုက်သေးတယ်"။ ဒီလိုမေးတာက သူတို့ လမ်းတကယ် မသိ တာလား။ ဒါမှမဟုတ် အပြင်ကလူက တက်မကိုင်လို့ ဒီလိုဖြစ်တာလို့ ထိုးချချင်တာလားမသိဘူး။
အမေး။ ။ ကုန်တွေများတယ်လို့ ပြောတယ် အစ်ကို တွေ့ခဲ့လား။
အဖြေ။ ။ ကုန်းပတ်ပေါ်က ဆန်အိတ်တွေကိုတော့ မြင်တယ် ဝမ်းထဲမှာတော့ သံတွေ ဘိလတ်မြေတွေပါ တယ်ဆိုတာ သဘောင်္သားတွေပြော တာ။ လူဦးရေက မှောင်ခိုလိုက်တာနဲ့ တရားဝင်လိုက်တာ ပေါင်းရင်း သုံးရာကျော်တယ်။ ပစ္စည်းတွေက ဘယ်လောက်များလဲဆိုရင် သင်္ဘောကုန်းပတ်နဲ့ ပင်လယ် ရေမျက်နှာပြင် နဲ့ဟာ တစ်ထွာ ကျော်ကျော်လောက်ပဲ ရှိတယ်။ သင်္ဘောက အရမ်းလေးနေပြီ။
အမေး။ ။ အစ်ကိုက ခရီးသွားတာ တစ်ယောက်တည်းလား မိသားစုပါသေးလား။
အဖြေ။ ။ ကျွန်တော်ရယ် ကျွန်တော့်သမီးရယ်၊ တူမ နှစ်ယောက်ရယ်။ အတူသွားကြတာ။
အမေး။ ။ သူတို့ကော
အဖြေ။ ။ ကျွန်တော်နဲ့ တူမတစ်ယောက်ပဲ အသက်ရှင်တယ်။ တူမတစ်ယောက်ကို အလောင်းပြန်ရတယ်။ သမီးကို ခုထိမတွေ့သေးဘူး။
အမေး။ ။ သင်္ဘောနစ်တဲ့ ပုံစံကို အစ်ကိုမှတ်မိသလောက်ပြန်ပြောပါ။
အဖြေ။ ။ ကမ်းက ထွက်ပြီး နှစ်နာရီလောက်မောင်းပြီးတဲ့ အချိန်မှာ သင်္ဘောထဲကို ရေဝင်လာတယ်။ ကျွန်တော့ ဘေးက ခရီးသည် တစ်ယောက်က ပြောတယ်။ ရေတွေ အရမ်းဝင်နေတယ်။ သင်္ဘောက ဝန်တွေများတယ်။ ပစ္စည်းတွေကို ရေထဲပစ်ချဖို့ပြောတယ်။ ပစ္စည်းတွေကို ရေထဲပစ်ချရင် အရေးယူမယ်လို့ သင်္ဘောသားက ပြန်ပြောတယ်။ ခဏနေတော့ မနိုင်တော့ဘူး။ ခရီးသည်တွေ ရေကို ဝိုင်းခတ်ပေးရတယ်။ အဲဒီအချိန်မှာ သင်္ဘောသားတွေက အသက်ကယ် အင်္ကျီဝတ်ထားပြီးပြီး ကျွန်တော့ကိုလည်း အသက်ကယ် အင်္ကျီ နှစ်လုံး (နှစ်စုံ) ပေးတယ်။ အဲဒါကလည်း သူတို့ ဝတ်ပြီးလို့ ပိုနေတဲ့ အကျီထင်တယ်။ ရေကူပက်ပေးနေ တဲ့ ဝမ်းထဲက လူမို့ပေးတာ။ တခြားသူတွေကိုပေးတာ မတွေ့ဘူး။
ရေခတ်နေတာကိုထားပြီး အခန်းထဲက သမီးတွေကို အင်္ကျီပေးဖို့ ပြန်တက်သွားတော့ အခန်းဝရောက်တဲ့ အချိန်မှာ လှိုင်းပုတ်ပြီး သင်္ဘောက ကျွန်တော့ ဘက်ကို စောင်းပြီး မြုပ်သွားတာပဲ ။ ကျွန်တော်လည်း လွင့်ပြီးရေထဲကျသွားတယ်။ ကလေးတွေလည်း အခန်းထဲမှာ ပိတ်မိသွားမယ်ထင်တယ်။ တူမတစ်ယောက်ကို ရေထဲမှာတွေ့တော့ လှမ်းဆွဲထားလိုက်တယ်။
နောက်တူမ တစ်ယောက်ကိုလည်း ခတ်လှမ်းလှမ်းက မြင်တယ်။ သူကလည်း "ဦးကြီးရေ ဦးကြီးရေလို့ လှမ်းခေါ်နေတာကို တွေ့တယ်" သူ့ကို မကြောက်နဲ့ အနားက ဝါးဖောင်ကိုလှမ်းဆွဲထားဖို့ အော်ပြောနေရင်း သူက မြုပ်သွားတယ်။ မကယ်လိုက်နိုင်ဘူး။ သမီးကိုဆိုတွေ့တောင် မတွေ့လိုက်ဘူး။ ကျွန်တော်က သင်္ဘော ထဲ ရေဝင်တာကို ခတ်ပေးနေလို့ သမီးတွေကို မစောင့်ရှောက်နိုင်ခဲ့တာ။ ကျွန်တော်အခန်းထဲမှာ ရှိရင် ကလေးတွေကို အသက်မသေအောင် ကျွန်တော် ကယ်ထားလို့ရတယ်။
အမေး။ ။ ရေဝင်နေတဲ့ အချိန်မှာ ခရီးသည်တွေကိုကော ကယ်ဆယ်ရေးဝတ်စုံတွေ ပေးသလား။
အဖြေ။ ။ တော်တော်များများကို မပေးဘူး။ အသက်ကယ်အင်္ကျီရတာ အယောက်နှစ်ဆယ်ထက် မပိုဘူး။ ကျွန်တော်တို့က အထူးခန်းမှာနေတာ။ တကယ်ဆို ကုတင်တစ်လုံးစီမှာ အသက်ကယ်အင်္ကျီတစ်လုံး စီရှိရမယ်။ တစ်လုံးမှ မရှိဘူး။ ဖြစ်တဲ့အချိန်မှာလည်း လာမပေးဘူး။ အားလုံး မြုပ်တဲ့အချိန်မှာ လက်လွတ် ရေ ကူးသွားရတာ ။တွေ့တဲ့ ပုံးတွေ၊ ဝါးဖောင်တွေကို ဆွဲထားရတာ။ သဘောင်္မှာလည်း ခရီးသည်တွေကို သတိပေးတဲ့ဟာလည်းမရှိဘူး။ ဘာလဲမရှိဘူး။
အမေး။ ။ အဲဒီအချိန်မှာ သင်္ဘောသားတွေကကော ဘာလုပ်နေလဲ။
အဖြေ။ ။ သင်္ဘောသားတွေက ခရီးသည်တွေနဲ့အတူတူ ရေတွေခတ်ထုတ်တဲ့သူက ခတ်။ အထုပ်တွေပစ်ချ တဲ့သူက ပစ်ချလုပ်နေကြတယ်။ သင်္ဘောအရေးပေါ်ဖြစ်နေပြီဆိုတာ မပြောဘူး။ ကြိုပြောရင် ကိုယ့် သား သမီးတွေကို ကိုယ်စောင့်ရှောက်နေမှာပေါ့။ ဒီလိုဖြစ်တဲ့အချိန်မှာ ဥသြဆွဲတာ ဘေးပတ်ဝန်းကျင်ကို အကူ အညီတောင်းတာ မလုပ်ကြဘူး။ လုပ်ရင် အနီးနားက ရွာတွေ အကုန်လုံးစောစောရောက်တယ်။ ခရီး သည်တွေကိုလည်း အချိန်မီ ကယ်နိုင်တယ်။အခုက မြုပ်ပြီဆိုမှ ခရီးသည်တွေ အော်သံဟစ်သံတွေကြားလို့ လာကြရတာ။
အမေး။ ။ သဘောင်္မှာ အသက်ကယ်လှေတွေ ဘာတွေမပါဘူးလား။
အဖြေ။ ။ တစ်စီးပါတယ်။ ပျက်နေတယ် ထွက်လို့မရဘူးလို့ ပြောတယ်။
အမေး။ ။ သင်္ဘောနစ်ပြီး အချိန်ဘယ်လောက်အကြာမှာ ကယ်ဆယ်ရေးတွေရောက်လာလဲ။
အဖြေ။ ။ သင်္ဘောနစ်တဲ့အချိန်မှာ ကျွန်တော်တို့ အနီးတဝှိုက်မှာ လူ ဆယ်ယောက်လောက်က ဝါးဖောင်တွေ၊ အခြားရေပေါ်တဲ့ပစ္စည်းတွေကို စုပြီး တက်နေကြတယ်။ ဓာတ်မီးပါတဲ့သူက ဓာတ်မီးတွေနဲ့ ထိုးတယ်။ "ကယ်ပါ ကယ်ပါ "နဲ့အော်တဲ့ သူကလည်း အော်တယ်။ တစ်နာရီ လောက်ကြာတော့ အနီးအနားမှာရှိတဲ့ ရွာတွေက တံငါ စက်လှေ ငါးစင်းနဲ့ ရောက်လာတယ်။
အမေး။ ။ အစိုးရ ကယ်ဆယ်ရေးတွေ ရောက်လာတာလား။
အဖြေ။ ။ အစိုးရနဲ့ ဌာနဆိုင်ရာက တစ်ညလုံးရောက်မလာဘူး။ ရေတပ်နဲ့ အစိုးရကယ်ဆယ်ရေးတွေ ကယ်ဖို့ ရောက်လာတာက မနက် ၉ နာရီ ဆယ်နာရီမှ ရောက်တာ။ ရေတပ်တွေ ရဲတွေက ကယ်ဖို့ ရောက် လာတာ မဟုတ်ဘူးဗျ။ အလောင်းတွေ သယ်ဖို့ရောက်လာတာ။ လူတစ်ရာကျော်ကို ရွာသားတွေ ကယ်ထား တာ။ တစ်ညလုံး နစ်တဲ့သူလည်း ရေထဲမှာ တစ်ညလုံးနစ်နေတယ်။ ကယ်ပြီးတဲ့သူတွေလည်း တစ်ညလုံး ရွာသားတွေဆီပဲ။ ကျွန်တော်တို့ ကျွန်းပေါ်မှာ မိုးလင်းထိနေခဲ့ကြရတာ။ ရွာသားတွေလည်း သူတို့နိုင် သလောက် တွေ့သလောက် ကယ်ထားတာ။
အမေး။ ။ အစ်ကိုကကော လက်မှတ်နဲ့ စီးတာလား။ မှောင်ခိုစီးတာလား။
အဖြေ။ ။ ကျွန်တော်တို့က လက်မှတ်နဲ့ ကျောက်ဖြူက မြေပုံကို သွားတာ။ နှစ်ယောက်ခန်း နှစ်ခန်း ဝယ် ထားတာ။
အမေး။ ။ သင်္ဘောက ဟောင်းနေပြီး ဖာထေးထားတယ်လို့ ပြောတယ်။ အစ်ကို အဲလိုတွေ့ခဲ့သေးလာ။
အဖြေ။ ။ သင်္ဘောတွေက အရမ်းဟောင်းနေပြီ။ အားလုံးက ဖာထေးထားရတာပဲ။ နောက်တစ်ကြိမ် ဒီလို မဖြစ်ဖို့ သင်္ဘောအသစ်တွေ စီစဉ်ပေးသင့်ပြီ။ ပြီးတော့ ရခိုင်ပြည်နယ်က သင်္ဘော အာဏာပိုင်တွေအနေနဲ့ သူတို့ ကုန်များတယ်၊ ရာသီဥတုဆိုးတယ်ဆိုရင် အချိန်မီ တားနိုင်ဖို့လိုတာပေါ့။ နောက်ပြီး သဘောင်္တွေက လည်း ပင်လယ်ကိုကူးနေရတာ ကြံ့ခိုင်ဖို့လိုတာပေါ့။ ဒီကသင်္ဘောတွေက ဘယ်လောက်ထိလဲဆို တော်ရုံလူ မစီးရဲဘူး။ ကြုံသလိုစီးရတာမျိုး ဖြစ်နေတာ။
စိတ်မကောင်းစရာ တွေကြုံတွေ့နေရတဲ့ကြားက ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ အစ်ကို သမီးလေးကို အမြန်ဆုံးတွေ့ပါစေလို့လည်း မဇ္ဈိမက ဆန္ဒပြုပါတယ်။
Mizzima - News in Burmese

No comments:
Post a Comment