Sunday, April 05, 2015

တိုင်းရင်းသား လက်နက်ကိုင်ထိပ်သီးအစည်းအဝေး ဝ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသတွင်ကျင်းပမည်


တစ်နိုင်ငံလုံး အပစ်ရပ်မူကြမ်းနှင့် ပတ်သက်၍ တိုင်ပင်ဆွေးနွေး ဆုံးဖြတ်ရန် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီး အစည်းအဝေးကို ဧပြီလ ၂၀ ရက်မှ ၃၀ ရက်အတွင်း ဝ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ပန်ဆန်းမြို့ တွင် ကျင်းပရန်လျာထားသည်ဟု တအောင်း တပ်မတော် အထွေထွေ အတွင်းရေးမှူး(၂) တာဝံရ်ချိုဝ်း က မဇ္ဈိမကိုပြောသည်။
“တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ အကုန်ပါဝင်မယ့် ဆွေးနွေး ပွဲပါ။ ပမာဏ သဘောတူ ထားတဲ့ NCA စာချုပ်ကို လက်မှတ်ထိုးမယ့် ကိစ္စကို ကြိုတင်ဆွေးနွေးတာပါ။ တိုင်းရင်းသားတွေ ဘယ်လို သဘောထားလဲဆိုတဲ့ အချက်ကိုပါ” ဟု တာဝံရ်ချိုဝ်းက ပြောသည်။

ဆွေးနွေးပွဲကို သေချာပေါက် လုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲရလာဒ်များ ထွက်ပေါ်လာပါက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့နှင့် ထပ်မံတွေ့ဆုံညှိနှိုင်းသွားမည်ဟု သူကဆိုသည်။

အစည်းအဝေးသို့ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA မှ ရှစ်ဦး၊ ရခိုင် အမျိုးသား တပ်မတော် AA၊ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် အားလုံးကို ဖိတ်ကြား သွားမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်တွင်းစစ်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး NCA လက်မှတ်ထိုးရန်သာ ကျန်ရှိတော့သည့် အချိန်တွင် အစိုးရတပ်ဘက်က လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းခြင်းတို့ကို မလုပ်သင့်ဟု တာဝံရ် ချိုဝ်းက ဆက်လက်ပြောကြားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးစာချုပ်ကို မူကြမ်းကို မတ်လ ၃၁ ရက်တွင် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့NCCTတို့ကြား အပစ်ရပ်စာချုပ်မူကြမ်းကို သမ္မတ ဦးသိန်းစိန် ရှေ့မှောက်တွင် လက်မှတ်ရေး ထိုး ခဲ့ပြီးဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List