Monday, April 06, 2015

လူ့အန္ဓများ တပ်မတော် ကျေးဇူးမသိဟု ဦးခင်အောင်မြင့်ပြော


အချို့လူ့အန္ဓများသည် တပ်မတော်၏ ကျေးဇူးတရားကို မသိ၊ တပ်မတော်ကို မကောင်းပြောကာ သာယာနေ သည်ဟုဆိုကာ ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့်များကို ပြန်လည်ဖတ်ရှုသင့်သည်ဟု အငြိမ်းစား တပ် မတော် အရာရှိတစ်ဦးဖြစ်သူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဧပြီလ ၅ရက်တွင် ဝေ ဖန် ပြောဆိုလိုက်သည်။
တပ်မတော်နှင့် ကိုးကန့်အဖွဲ့တို့ ကိုးကန့်ဒေသအတွင်း တိုက်ပွဲများတွင် ဒဏ်ရာရခဲ့သည့် တပ်မတော်သား များကို ပြင်ဦးလွင်မြို့ တပ်မတော်ဆေးရုံ ခန်းမတွင် ပြုလုပ်သည့် ဂုဏ်ပြုပွဲတွင် ပြောဆိုသွားခြင်းဖြစ်သည်။

"အချို့သော လူ့အန္ဓများသည် တပ်မတော်၏ ကျေးဇူးတရားများကို နားလည် သိရှိခြင်းမရှိဘဲ တပ်မတော် မကောင်းကြောင်းပြောလျှင် သဘောကျနေ ကြကြောင်း တပ်မတော်မရှိလျှင် ဘာဖြစ်သွားမလဲ ဗိုလ်ချုပ်အောင် ဆန်း မိန့်ခွန်းများကို ပြန်ဖတ်ရန် လိုအပ်ကြောင်း" ဟု တပ်မတော်ပိုင် မြဝတီ သတင်းစာ တွင် ဧပြီ ၆ ရက်က ဖေါ်ပြသည်။

သို့သော် တပ်မတော်အပေါ် လူအချို့၏ သဘောထားနှင့် ပတ်သက်၍ ဦးခင်အောင်မြင့်က ပြောဆိုရာတွင် တပ်မတော်ပိုင် မြဝတီသတင်းစာနှင့် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတို့တွင် "လူ့အန္ဓများ" ဟု ဖေါ်ပြပြီး အခြားသော အစိုးရပိုင် သတင်းစာတစ်စောင်ဖြစ်သည့် ကြေးမုံ သတင်းစာတွင်မူ "လူ့ခန္ဓာများ" ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။ မြဝတီသတင်း စာနှင့် မြန်မာ့အလင်းတို့တွင် ဖေါ်ပြထားသည့် "လူ့အန္ဓများ" ဟူသည် မြန်မာ ဘာသာဖြင့် အကန်း သို့မဟုတ် ဥာဏ်နည်းသူဟု အဓိပ္ပါယ် ရမည်ဖြစ်သည်။

အလားတူပင် "တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုတာကို နားမလည် သဘောမပေါက်၊ လက်မခံနိုင်သူများ ရှိနေသေးကြောင်း" လည်း ဦးခင်အောင်မြင့်က ပြောဆိုသွားခဲ့သည်။

လောက်ကိုင်တိုက်ပွဲများကို ရည်ညွှန်းလျက် နောက်တန်းမှ ရဲမေများသည် လည်း တပ်ရင်းဌာနချုပ်များကို ရွပ်ရွပ်ချွံချွံ ကာကွယ်တိုက်ပွဲဝင်ခဲ့သည်ဆိုကာ အရပ်ထဲတွင် မောင်တစ်ထမ်း မယ်တစ်ရွက် ဆိုသော်လည်း တပ်မတော်တွင် မူ မောင်လည်း တစ်ထမ်း၊ မယ်လည်း တစ်ထမ်းဟု ဦးခင်အောင်မြင့်က ချီးမွမ်းပြောဆိုခဲ့ သည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဦးခင်အောင်မြင့်က အမျိုးသားလွှတ်တော် သည် တစ်နိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ်အသီးသီးကို ကိုယ်စားပြုခြင်းကြောင့် လောက်ကိုင်ဒေသ တိုက်ပွဲများတွင် ဒဏ်ရာရရှိ သည့် တပ်မတော်သားကို ယခုကဲ့သို့ ဂုဏ်ပြုခြင်းသည် တစ်နိုင်ငံလုံး ကိုယ်စား ဂုဏ်ပြုခြင်းဟုလည်း ဆိုသည်။

ဦးခင်အောင်မြင့်သည် ပြင်ဦးလွင်မြို့ရှိ သူရမချစ်ပို အုတ်ဂူသို့သွားရောက် အလေးပြုခဲ့ပြီး မချစ်ပိုကဲ့သို့ အမျိုးသမီးမျိုးကို မမေ့ကြရန်လည်း တိုက်တွန်းခဲ့သည်။ တပ်ကြပ်လှမောင်၏ ဇနီးဖြစ်သူ မချစ်ပိုသည် ၁၉၄၉ ခုနှစ်တွင် ရောင်စုံသောင်းကျန်းသူများနှင့် ပြင်ဦးလွင်မြို့ကို သိမ်းယူပြီးနောက် မချစ်ပိုက သောင်းကျန်းသူ များကို တွန်းလှန်ခဲ့သူဖြစ်သည်။

ယင်းနောက် အဖမ်းခံခဲ့ရပြီး ၁၉၄၉ ခုနှစ် ဧပြီလတွင် သတ်ဖြတ်ခံခဲ့ရသူ ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List