Monday, April 06, 2015

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား တာချီလိတ်ဒေသခံ ပြည်သူများမှ ထောက်ခံသည့် အနေဖြင့် ဆန္ဒထုတ်ဖော်













ပြီးခဲ့သည့် ၂၀၁၅ခုနှစ် မတ်လ (၃၁)ရက်နေ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) မူကြမ်းအား ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့မှ လက်မှတ် ရေးထိုးနိုင်မှု အပေါ် မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ခရိုင် နှင့် မြို့နယ်များတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်(Process)များကို ထောက်ခံသော လူထုထောက်ခံပွဲများ ပြုလုပ်လျက်ရှိသည့် နည်းတူ တာချီ လိတ်ခရိုင်၊ တာချီလိတ်မြို့နယ်တွင် ယနေ့ ၂၀၁၅ခုနှစ် ဧပြီလ(၆)ရက် နံနက်(၇)နာရီအချိန်က ဒေသခံ လူထု(၁၅၀၀)ခန့်မှ အဆိုပါ ထောက်ခံပွဲကို ကျင်းပဆင်နွှဲခဲ့ကြသည်။

“ငြိမ်းချမ်းရေးဆိုတာ အများပြည်သူတွေ အမှန်တကယ်လိုလားနေတဲ့ အရာဖြစ်လို့ အားလုံးပါဝင် ပူးပေါင်း တာပါ”ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင်ဟောပြောခဲ့သူ တာချီလိတ်မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဦးတင့်ဆွေမှ ပြောသည်။

ယခုကျင်းပပြုလုပ်ခဲ့သည့် လူထုထောက်ခံပွဲတွင် တာချီလိတ်မြို့ရှိ နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့ များ၊ တိုင်းရင်းသားများ၊ ဒေသခံပြည်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အခြေခံ လူတန်းစားများ စသည်ဖြင့် လူတန်းစား အလွှာအသီးသီးတို့ ပါဝင်၍ ဆင်နွှဲကြရာ ပြည်သူလူထု စုစုပေါင်း (၁၅၀၀)ခန့် ရှိကြောင်း သိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်(Process)များ ထောက်ခံသော လူထုထောက်ခံ ပွဲအား တာချီလိတ်မြို့နယ် ရဲတပ် ဖွဲ့မှူးရုံးမှ ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းအတွက် ခွင့်ပြုမိန့် အမှတ်စဉ် (၁/၂၀၁၅)ဖြင့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ပြည်သူလုထူ (၁၅၀၀)ခန့်မှ ထိုင်း - မြန်မာ အမှတ်(၂) ချစ်ကြည်ရေး တံတားအနီးရှိ တာချီလိတ်မြို့နယ် အားကစားကွင်း တွင် စုရပ်အဖြစ် သတ်မှတ်ပြီး ဗိုလ်ချုပ်လမ်းမအတိုင်း ရှမ်းရိုးမကွင်းအတွင်း သို့ လူအင်အား(၁၅၀၀)ခန့်မှ လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ရှမ်းရိုးမကွင်း တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဟောပြောခဲ့ကြသည်။

ရှမ်းရိုးမကွင်းအတွင်း၌ ဟောပြောမှုများ ပြုလုပ်ရာတွင် ဦးဆောင် ဟောပြောသူု ဦးတင့်ဆွေမှ ငြိမ်း ချမ်းရေး ဖြစ်စဉ်များတွင် နိုင်ငံသားတိုင်း ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မည်သည့် အဖွဲ့အစည်းမှ ဦးဆောင်လုပ်သည်ဖြစ်စေ လူထုတစ်ရပ်လုံးပူးပေါင်း ပါဝင်ခြင်းမှာ ငြိမ်းချမ်းရေး အား အမှန်တကယ်လိုအပ်ခြင်းကြောင့်ဖြစ် ကြောင်း နှင့် တိုင်းရင်းသား ပြည်သူများ ငြိမ်းချမ်းရေး အနှစ်သာ ရကို သိရှိရန် လိုအပ်ပါကြောင်း စသည်ဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စများအား ထောက်ခံသည့်အနေဖြင့် ရှင်းလင်းဟောပြောသည်။

"ကျွန်တော်တို့လို ပြည်သူတွေ အနေနဲ့ကတော့ ငြိမ်းချမ်းရေးကို လိုလားတယ်၊ တိုက်ပွဲတွေဖြစ်တဲ့အခါမှာ တစ်ဖက်နဲ့တစ်ဖက် ဖြစ်ကြတော့ ဘယ်သူတွေ သေကြလဲ၊ နောက်ဆုံး စိစစ်လိုက်ရင် မြန်မာနိုင်ငံသား အချင်းချင်း ပစ်ကြပြီး သေကြတာပဲ၊ ဒါကြောင့် အခု တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) မူကြမ်းကို ချုပ်ဆိုတာကို ၀မ်းသာတယ်၊ ကြာရှည်တဲ့ ငြိမ်းချမ်းရေး တံ့တည်ပါစေဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျွန်တော်တို့ ရပ်ကွက်ကလည်း ပါဝင်ဆင်နွှဲခဲ့ပါ တယ်.."ဟု မကာဟိုခမ်းရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

ILO၏ ကြီးကြပ်မှုဖြင့် ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ဖွံဖြိုးရေး စီမံချက် Peace, Reconciliation And Development Project(Shan) အား အကောင်အထည်ဖော်လျှက်ရှိသော တာချီလိတ် ASG အဖွဲ့ မှ ဒေါက်တာ မြင့်အောင်က "ငြိမ်းချမ်းရေးတွင် အမျိုးအစား (၃)မျိုးရှိကြောင်း၊ (၁) ငြိမ်းချမ်းရေးတွင် တာရှည် ခံတည်မြဲသော ငြိမ်းချမ်းရေး၊ (၂) တည်ငြိမ် အေးချမ်းသော ငြိမ်းချမ်းရေး၊ (၃) မငြိမ်မသက် ဖြစ်နေသော ငြိမ်းချမ်းရေး၊ အရေးကြီးဆုံးဖြစ်သော တာရှည်ခံ၍ တည်မြဲသော ငြိမ်းချမ်းရေးရရှိရန် နှစ်ဖက် လက်မှတ်ထိုး ယုံနှင့် မရနိုင်ကြောင်း၊ အများပြည်သူများ ပူးပေါင်းပါဝင်မှ သာလျှင် ဖြစ်နိုင်ကြောင်း နှင့် ဆန္ဒထုတ်ဖော်ပွဲသို့ တက်ရောက်လာသည့် ပြည်သူများ အနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အထောက်အ ပံ့ ဖြစ်စေကြောင်း.."စသည်ဖြင့် တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

Tachileik

No comments:

Post a Comment

My Blog List