Monday, April 06, 2015

ဒီနှစ် ရန်ကုန်သင်္ကြန် ဘယ်လိုလဲ. .


မြန်မာလူမျိုးများ၏ ရိုးရာပွဲတော်တစ်ခုဖြစ်သည့် မဟာသင်္ကြန်ပွဲတော် မကြာမီ ရောက်ရှိတော့မည်ဖြစ်ပြီး ပါဝင်ဆင်နွှဲမည့် သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြကာ ရင်ခုန်စွာဖြင့် စောင့်စားနေ ကြ သည်။ တစ်နှစ်တွင် တစ်ခါသာ ကျရောက်လေ့ရှိသည့် ပွဲတော်ဖြစ်ပြီး လေးရက် အချို့နှစ်များတွင် ငါးရက် သာ ကျရောက်လေ့ရှိခြင်းကြောင့်လည်း စိတ်ဝင်စားမှုများသည့် ပွဲတော်တစ်ခုဖြစ်သည်။
ယင်းအထဲမှ မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်တွင် ကျရောက်သည့် ရန်ကုန်သင်္ကြန်မှာလည်း စိတ်ဝင် စားစရာ ဖြစ်နေသည်။ ဘယ်နေရာမှာ ဘယ်မဏ္ဍပ်တွေရှိမည်၊ ဘယ်အနုပညာရှင်တွေက ဘယ်မဏ္ဍပ်တွေ မှာရှိမည် စသဖြင့် ရန်ကုန်သင်္ကြန်က စိတ်ဝင်စားစရာ အပြည့်ဖြင့် နှစ်စဉ်တည်ရှိနေခဲ့ သည်။ သို့သော် ဒီနှစ် အမှန်တကယ် စည်ကားမှာလား၊ မစည်ကားဘူးဆို တာတော့ စောင့်ကြည့်ရမည်ဖြစ်သည်။

ရန်ကုန်သင်္ကြန် ရေကစားမဏ္ဍပ် ၁၀၀ နီးပါးရှိမယ်

ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်အတွက်  မဏ္ဍပ်ဆောက်လုပ်ခွင့် (အကြီး၊ အလတ်) လျှောက်ထားသည့် မဏ္ဍပ် ၂၀၀ ကျော်ရှိခဲ့ပြီး ကမ္ဘာအေးစေတီ လမ်းပေါ်တွင် မဏ္ဍပ်ဆောက်လုပ်ခွင့် ၁၅၂ ခု၊ ကန်တော်ကြီး ကန်ပတ်လမ်းတွင် ၄၂ ခုနှင့် အခြားမြို့နယ်များတွင် ၁၀ ခုဖြစ်ကြောင်း၊ ယင်းအထဲမှ ကန်တော်ကြီး ကန်ပတ်လမ်းတွင် မဏ္ဍပ်အကြီး ၁၃ ခု၊ ကမ္ဘာအေးစေတီလမ်းတွင် မဏ္ဍပ်အကြီး ၁၁ခု၊ ပြည်လမ်း တွင် လေးခုနှင့် အနော်ရထာလမ်း (၁၉ လမ်းနှင့် စဥ့်အိုးတန်းလမ်းကြား)၊ ပါရမီလမ်း (မင်းလမ်းမုန့်တီ ဆိုင်ရှေ့)၊ ဆရာစံလမ်း၊ ဝေဇယန္တာလမ်း (New Day ဓာတ်ဆီဆိုင်နှင့် သစ္စာလမ်းမီးပွိုင့် ကြား)၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဝင်းရှေ့၊ အရှေ့မြင်းပြိုင်ကွင်း လမ်းရှိ (Polo Club Residence ရှေ့) နှင့် Sky Star Hotel ရှေ့၊ လှိုင်မြို့နယ် (ထွေအုပ်ရုံးရှေ့) တို့တွင် ရေကစားမဏ္ဍပ် ၄၀ ကျော် အပါအ၀င် မဏ္ဍပ် စုစုပေါင်း ၁၀၀ နီးပါး ဆောက်လုပ်ခွင့်ပြုခဲ့ကြောင်း သင်္ကြန်မဏ္ဍပ် နေရာ ချထားပေးရေး ကော်မတီက ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ရန်ကုန်သင်္ကြန်တွင် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သင်္ကြန် တွင် ရန်ကုန်မြို့၌ သင်္ကြန် မဏ္ဍပ် စုစုပေါင်း ၁၀၀ နီးပါးရှိခဲ့ပြီး မဏ္ဍပ်ကြီးများ အနေဖြင့် ကမ္ဘာအေးစေတီလမ်းပေါ်တွင် ၁၂ ခု၊ ကန်တော် ကြီးကန်ပတ်လမ်း တွင် ၁၈ ခု၊ ပြည်လမ်းတွင် ၄ ခုတို့ရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာအေးစေတီလမ်း သင်္ကြန်လား

ယခုနှစ်ရန်ကုန်သင်္ကြန်တွင် ပြီးခဲ့သည့်နှစ်က အစည်ကားဆုံးနေရာမှာ ကမ္ဘာအေးစေတီလမ်းဖြစ်ခဲ့ပြီး လမ်းအနေအထား၊ မဏ္ဍပ်အနေအထား များကြောင့် ကန်တော်ကြီးပတ်လမ်းကို ကျော်လွန်ကာ အစည်ကား ဆုံး နေရာတစ်ခုဖြစ်ခဲ့သည်။

ထိုသို့စည်ကားခဲ့ခြင်းကြောင့် ပြီးခဲ့သည့်နှစ်သင်္ကြန်က ကမ္ဘာအေးစေတီ လမ်းပေါ်တွင် ဆောက်လုပ်ခဲ့သော မဏ္ဍပ်အများစု အမြတ်အစွန်း ရရှိခဲ့ကြပြီး ယခုနှစ်တွင်လည်း မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားသူများ အနေဖြင့် ဈေးကွက်ရှိသည့် ကမ္ဘာအေးစေတီလမ်းပေါ်သို့  ပြုံတိုးခဲ့သည်။ မဏ္ဍပ်ဆောက်လုပ်ခွင့် ၁၁ ခုသာ ခွင့်ပြုခဲ့သော ကမ္ဘာအေးစေတီလမ်းတွင် ယခုနှစ်မဏ္ဍပ် လျှောက်လွှာ ၁၅၂ ခုရှိခဲ့ပြီး ယင်းအထဲမှမဲနှိုက်သည့် စနစ်ဖြင့် ဆောက်ခွင့်ချပေးခဲ့သည် ဟုမဏ္ဍပ်နေရာချထားပေးရေး ကော်မတီက ဆိုသည်။

ကမ္ဘာအေးစေတီလမ်းမှာ ယခင်ရန်ကုန်သင်္ကြန်တွင် အစည်အကားဆုံး ဖြစ်ခဲ့သော အင်းလျားလမ်းကဲ့ သို့ ဖြစ်လာပြီး ဒုတိယအင်းလျားလမ်းဟုပင် သတ်မှတ်နေကြသည်။ အင်းလျားလမ်းအား လုံခြုံရေး အခြေ အနေများကြောင့် ၂၀၁၀ ပြည့်နှစ် သင်္ကြန်မှ စတင်ကာ မဏ္ဍပ်ဆောက်လုပ်ခွင့်များ မပေးခဲ့တော့ဘဲ ထိုစဉ် က တက္ကသိုလ်ရိပ်သာ လမ်းတွင်သာ ဆောက်ခွင့်ပေးခဲ့သည်။ ယခုမူ တက္ကသိုလ်ရိပ်သာတွင်လည်း မဏ္ဍပ်ဆောက်လုပ်သည့်သူ မရှိတော့ဘဲ ခွင့်လည်းမပြုတော့ကြောင်း သိရသည်။

ကမ္ဘာအေးစေတီလမ်းပေါ်တွင် ဆောက်လုပ်သည့် မဏ္ဍပ်အချို့၏ဘေးတွင် မဏ္ဍပ်နှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ ဆွဲဆောင်မှုများ ပြုလုပ်နေရာ ဒီနှစ်ရန်ကုန်သင်္ကြန်သည်လည်း ကမ္ဘာအေးစေတီလမ်းသင်္ကြန်သာ ဖြစ်မည်ဟု ခန့်မှန်းထားသည်။

ခြောက်သွေ့စပြုလာတဲ့ ကန်ပတ်လမ်းသင်္ကြန်

၂၀၁၀ ပြည့်နှစ်က ဗုံးပေါက်ခဲ့သော ဖြစ်စဉ်အပြီး၌ ခြောက်သွေ့စပြုခဲ့သည့် ကန်တော်ကြီးပတ်လမ်းသင်္ကြန် မှာ စည်ကားမှု လျော့ကျခဲ့ပြီး မဏ္ဍပ်များလည်း အရှုံးပေါ်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သင်္ကြန်တွင်လည်း စည်ကားမှုနည်းပါးခဲ့သည်ကို တွေ့ရပြီး ကမ္ဘာအေးစေတီလမ်းပေါ်ကိုသာ စုပြုံခဲ့သည်။ လက်ရှိ  ဆောက် လုပ်နေသော ရေကစားမဏ္ဍပ် အနေထားများအရလည်း ကမ္ဘာအေးစေတီလမ်းပေါ်တွင်သာအများ အပြားတွေ့ ရပြီး ကန်တော်ကြီးပတ်လမ်းတွင် အနည်းအကျဉ်းသာ ဆောက်လုပ်နေသည်ကို တွေ့ရသည်။

မဏ္ဍပ်လက်မှတ်ဈေးနှုန်းတွေရော ဘယ်လိုလဲ

ယခင်နှစ်သင်္ကြန် အတွေ့အကြုံများအရ ကမ္ဘာအေးစေတီလမ်းရှိ သင်္ကြန်မဏ္ဍပ်များက ပိုမိုကြီးကျယ် ခမ်း နားခြင်းကြောင့် မဏ္ဍပ်ထိုင်သည့်သူအများစု ကန်တော်ကြီးပတ်လမ်းထက် ကမ္ဘာအေးစေတီလမ်းကို သာ ရွေးချယ်ရန် ပိုအားသန်နေသည်။ မဏ္ဍပ်လက်မှတ် ဈေးနှုန်းများတွင်လည်း ကမ္ဘာအေးစေတီလမ်းက ကန်တော်ကြီးပတ်လမ်းထက် ဈေးအနည်းငယ် ပိုပေးရသည့်အနေအထား ဖြစ်နေသည်။ ထို့ကြောင့် ယခင်နှစ်က ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ်ထိုးခဲ့သည့်သူ အချို့ပင်ကမ္ဘာအေးစေတီလမ်း သို့ ပြောင်းရွှေ့လာခဲ့ကြသည်ဟု မဏ္ဍပ်ဆောက်လုပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။

မဏ္ဍပ်ဆောက်လုပ်ရာတွင် ကုန်ကျစရိတ်ယခင်နှစ်ထက် နှစ်ဆခန့်မြင့်လာသော်လည်း မဏ္ဍပ်လက်မှတ်ခ ကို ယခင်နှစ်အတိုင်းသာ ရောင်းချနေသည်ဟု မဏ္ဍပ်ဆောက်လုပ်သူများက ဆိုသည်။ သို့သော် ယခင်နှစ် All Day လက်မှတ်မှာ အများဆုံးကျပ် ၄၅၀၀၀ လောက်သာ ရှိခဲ့သည်ဟု မှတ်မိနေသည်။ ယခုနှစ်တွင် ကမ္ဘာအေး စေတီလမ်းရှိ မဏ္ဍပ်များ၏ All Day လက်မှတ်ခမှာ ကျပ် ၅၅၀၀၀ ခွဲအထိရှိနေပြီး ကန်တော်ကြီး ပတ်လမ်းတွင်မူ ကျပ် ၅၀၀၀၀ ခန့်သာ ရှိနေခြင်းကြောင့် အနည်းငယ်တော့ မြင့်တက်သွားခဲ့သည်။ VIP လက် မှတ်ခအနေဖြင့်မူ လမ်းအနေအထား အပေါ်မူတည်ပြီး ကျပ်ရှစ်သောင်းမှ ကိုးသိန်းအထိ ရှိနေသည် ။ ပြည်လမ်းရှိ အချို့မဏ္ဍပ်များတွင်မူ All Day လက်မှတ်ခမှာ ကျပ်တစ်သိန်းအထိ ပေါက်ဈေးရှိနေသည်။ ထိုဈေးနှုန်းများမှာ အပြောင်းအလဲ ရှိနိုင်သေးသည်ဟု ဆိုသည်။            

လက်ရှိအနေထားအရ ကမ္ဘာအေးစေတီလမ်းပေါ်ရှိ မဏ္ဍပ်များ၏ လက်မှတ်များ ပိုရောင်းနေရပြီး ကန်တော် ကြီးပတ်လမ်းတွင် ဈေးကွက်အေးနေသည်ဟု မဏ္ဍပ်ဆောက်လုပ်သူများက ဆိုသည်။        

မဏ္ဍပ်ပါမစ်သိန်း ၆၀၀

ယခုနှစ် မဏ္ဍပ်ဆောက်လုပ်ခွင့်ရခဲ့သည့် ပါမစ်များအား ပြင်ပတွင်ပြန်လည်ရောင်းချသည့် ဈေးနှုန်းမှာ ကျပ် သိန်း ၆၀၀ အထိရှိနေသည်။ထိုဈေးနှုန်းမှာ ကမ္ဘာအေးစေတီ လမ်းပေါ်တွင်ဖြစ်ပြီး ကန်တော်ကြီးပတ်လမ်း တွင်မူ ကျပ်သိန်း ၄၀၀ ခန့်သာ ရှိနေသည်ဟု မဏ္ဍပ်ဆောက်လုပ်သည့် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။

မဏ္ဍပ်ပါမစ်မရသည့် သူများအဖို့ ပြင်ပမှ ၀ယ်ယူကြေး ကျပ်သိန်း ၆၀၀ အပြင် မဏ္ဍပ်ဆောက်လုပ် စရိတ် များအားလုံး ပေါင်းလိုက်ပါက စုစုပေါင်းကျပ်သိန်း ၈၀၀၊ ၉၀၀ အထိ ဖြစ်သွားနိုင်သည်။ ထို့အတွက် မဏ္ဍပ် တွင် လူများများတင်နိုင်မျှ မြတ်သည့်အနေအထားဖြစ်သည်။                

အရှုံးအမြတ်ကိုမကြည့်ဘဲ ပျော်ချင်ရုံ သက်သက်ဖြင့် မဏ္ဍပ်ဆောက်လုပ်လိုသူတွေများ အနေဖြင့်မူ ကိစ္စ မရှိ။  ယခုနှစ်မဏ္ဍပ် ပါမစ်ရောင်းဈေးမှာ ယခင်နှစ်များများစွာ ကျော်လွန်သွားခဲ့ပြီး ပြီးခဲ့သည့်နှစ်ပေါက်ဈေး ကျပ်သိန်း ၃၀၀ ကိုပင် ကျော်သွားခဲ့သည်။

မဏ္ဍပ်ဆောက်လုပ်ခွင့် လိုချင်တိုင်းမရ

သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်များမှာ အမှန်ကတယ် ဆောက်လုပ်လိုသူများ လက်ထဲသို့ မရောက်ရှိဘဲ တစ်ဆင့်ပါမစ် ပြန်လည်ရောင်းချလိုသူများ လက်ထဲသို့သာ ရောက်ရှိပြီး ဈေးကစားမှုများ ဖြစ်ပေါ်နေ ရကြောင်း သိရသည်။

“ဒီနှစ်မဏ္ဍပ် ဆောက်ခွင့်လျှောက်တာ မရခဲ့ဘူး။ အဲဒါနဲ့သူငယ်ချင်းတစ်ယောက် ကထိုးချင်လို့ ပြန်ဝယ်တာ ကမ္ဘာအေးစေတီလမ်းမှာ သိန်း ၆၀၀ ပေးရတယ်။ အခုဟာက ဟိုလူကြီးသားသမီး၊ ဒီလူကြီးသားသမီးဆိုပြီး
 လျှောက်တဲ့သူက များနေတော့ တော်ရုံလူတွေလည်း မလျှောက်ရဲတော့ဘူး” ဟု မဏ္ဍပ်ဆောက်လုပ်သည့် အသိုင်းအ၀ိုင်းနှင့် နီးသပ်သူတစ်ဦးက ဆိုသည်။

ယင်းသို့ မဏ္ဍပ်ဆောက်ခွင့် ပါမစ်များကို လက်လွှဲရောင်းချပါက ဒဏ်ကြေးငွေကို ကျပ်သိန်း ၅၀ အထိ ပေးဆောင်ရမည်ဟု စည်းကမ်းချက် ထုတ်ထားသော်လည်း ရောင်းချမှုများ ရှိနေဆဲပင်ဖြစ်သည်။ ထိုကိစ္စကို ထိရောက်စွာ မတားမြစ်နိုင်သေးပေ။ ယင်းသို့ ပါမစ်ဈေးများမြင့်မှုကြောင့် အမှန်တစ်ကယ် မဏ္ဍပ်ဆောက်လိုသူများ နစ်နာခဲ့ရသည်ဟု ဆိုကြသည်။

မဏ္ဍပ်တွေနဲ့ စပွန်ဆာ

ကမ္ဘာအေးစေတီလမ်း သင်္ကြန်ဟု ခန့်မှန်းထားသောကြောင့် ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ မဏ္ဍပ်များကို စပွန်ဆာပေးရန် ပိုစိတ်ဝင်စားနေကြပြီး ကန်တော်ကြီးပတ်လမ်းအား စိတ်ဝင်စားမှုနည်းပါးနေသည်ဟု စပွန်ဆာပေးသည့် အသိုင်းအ၀ိုင်းမှ သိရသည်။ ကန်တော်ကြီးပတ်လမ်းမှာ လမ်းကျဉ်းမြောင်းခြင်း၊ မဏ္ဍပ် များသေးခြင်း စသည်တို့ကြောင့် ကမ္ဘာအေးစေတီလမ်းနှင့် ပြည်လမ်းတို့ကိုသာ ပို၍မျက်စိကျခဲ့ခြင်း ဖြစ်သည် ဟု ဆိုကြသည်။

“ကျွန်မတို့ ကုမ္ပဏီက ဒီနှစ်မှစပြီး စပွန်ဆာပေးဖြစ်တာပါ။ ကျွန်မတို့သူဌေး ကလည်းမဏ္ဍပ်ကြီးတွေများ တဲ့ ပြည်လမ်းနဲ့ ကမ္ဘာအေးစေတီလမ်းကို ပိုပြီးသဘောကျတယ်။ ကန်တော်ကြီးပတ်လမ်းက မဏ္ဍပ်တွေသေးတော့ သဘောမကျဘူး။ ဒါကြောင့် ပြည်လမ်းက Channel –V မဏ္ဍပ်ကိုပဲ စပွန်ဆာပေးဖြစ် တယ်။ ဒီနှစ်သင်္ကြန်မှာ ကျွန်မတို့အနေနဲ့ တစ်နိုင်ငံလုံးမှာ မဏ္ဍပ်ခြောက်ခုလောက် စပွန်ဆာပေးဖြစ်ပါ တယ်” ဟု Oppo ဖုန်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ကမ္ဘာအေးစေတီလမ်းပေါ်ရှိ မဏ္ဍပ်အတော်များများမှာ စပွန်ဆာရပြီးခဲ့ပြီဟုသိရပြီး ကန်တော် ကြီးပတ်လမ်းတွင်မူ စပွန်ဆာရရှိသည့်မဏ္ဍပ် အနည်းအကျဉ်းသာရှိသေးပြီး ကြိုးစားနေကြဆဲ ဖြစ်သည် ဟုလည်း စုံစမ်းသိရသည်။ သို့သော် အချို့ကုမ္ပဏီများမှာလူ ရန်ကုန်သင်္ကြန်အတွက် မဏ္ဍပ်လေးငါးခုခန့် ကိုပင် တစ်ပြိုင်တည်း စပွန်ဆာပေးရန် ကြိုးပမ်းနေသည်ဟုလည်း သိရသည်။

နားနေခန်းထည့်တဲ့မဏ္ဍပ်တွေ ပိတ်သိမ်းမယ်

သင်္ကြန်မဏ္ဍပ်များတွင် နားနေခန်းကဲ့သို့ အခန်းငယ်များ ထည့်သွင်းဆောက် လုပ်သည့်ကိစ္စအပေါ် အများစု က ဝေဖန်နေကြပြီး အဆိုပါနားနေခန်းများ ထည့်သွင်းတည်ဆောက်ခြင်းမပြုရန် ညွှန်ကြားထားကြောင်း သင်္ကြန်မဏ္ဍပ် နေရာချထားပေးရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိုသို့တားမြစ်ထားသည့်ကြားမှ နားနေခန်းများ ထည့်သွင်းဆောက်လုပ်သည်ကို စစ်ဆေးတွေ့ရှိပါက မဏ္ဍပ်ကို ပိတ်သိမ်းအရေးယူမည်ဟု ယင်းတာဝန်ရှိသူက ဆိုသည်။

“နားနေခန်းတွေ ထည့်မဆောက်ဖို့ စည်းကမ်းထုတ်ထားတယ်။ ထည့်ထားတာ တွေ့လို့ရှိရင်တော့ပိတ်သိမ်း မှာပါ” ဟု အဆိုပါတာဝန်ရှိသူက ပြောကြားသည်။

သို့သော်လည်း အချို့မဏ္ဍပ်များတွင် နားနေခန်းကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည့် အခန်းများ ပါ ၀င်နေရာ ၎င်းတို့အား မဏ္ဍပ်စစ်ဆေးရေး ကော်မတီအနေဖြင့် သေချာစွာ စစ်ဆေးသင့်သည်ဟု သုံးသပ်နေ ကြသည်။

သရုပ်ပျက်အကတွေ တားမြစ်တယ်

သင်္ကြန်မဏ္ဍပ်များတွင် သရုပ်ပျက်အကများ၊ ၀တ်စားဆင်ယင်မှုများ ပါရှိမှုကိုလည်း ခွင့်မပြုကြောင်းနှင့် ယင်း သို့ပြုလုပ်ပါက မဏ္ဍပ်အား အမည်ပျက်စာရင်း သွင်းမည်ဟုလည်း မဏ္ဍပ်နေရာချထားပေးရေး ကော်မတီက ထုတ်ပြန်ထားသည်။ ပြီးခဲ့နှစ်က Grannd Royal မဏ္ဍပ်တွင် ထိုင်းအမျိုးသမီးများ သရုပ်ပျက်အကများ တင် ဆက်ခဲ့သည့်အပေါ် မဏ္ဍပ်အား အမည်ပျက်စာရင်း သွင်းခဲ့သည်ဟု ဆိုသည်။

သို့သော် ယခင်နှစ်ရန်ကုန်သင်္ကြန်တွင် သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ ရှေးယခင်နှစ်များထက် လျော့နည်း ခဲ့သည်ဟု မဏ္ဍပ်များစစ်ဆေးရေး ကော်မတီက ဆိုထားသည်။

သင်္ကြန်လုံခြုံရေးအတွက် စစ်ဆေးမှုတွေလုပ်မယ်  

သင်္ကြန်ကာလလုံခြုံရေးနှင့် ပတ်သက်၍ ယခုကတည်းက ကြိုတင်ဆောင်ရွက်နေပြီး ဧည့်စာရင်း စစ်ဆေးခြင်း၊ ယာဉ်စစ်ဆေးခြင်းများအပြင် ရန်ကုန်ဝင်ပေါက် အားလုံးတွင်ပါ စစ်ဆေးမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြော ကြားသည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်သင်္ကြန် အကြတ်နေ့တွင် ကန်တော်ကြီးပတ်လမ်းရှိ X2O မဏ္ဍပ်တွင်ဖြစ်ပွား ခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် ရန်ကုန်သင်္ကြန်တွင် စည်ကားမှုများလျော့ကျခဲ့သည်။ ၂၀၁၁ ခုနှစ်သင်္ကြန် ကာလတွင် လုံခြုံရေးကို ပိုမိုအာရုံစိုက်ခဲ့ရပြီး ၂၀၁၂ ခုနှစ် ၂၀၁၃ ခုနှစ် သင်္ကြန် စသည်ဖြင့် လုံခြုံရေးပိုင်း
ကိုသာ ပိုမိုအာရုံထားခဲ့ရပြီး စည်ကားမှု လျှော့ကျခဲ့သည်။ သို့သော် ၂၀၁၄ သင်္ကြန်တွင် ပြန်လည်စည်ကား လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။


မိုင်းရှင်းလင်းရေးလည်း လုပ်မယ်   

လူစည်ကားသည့် သင်္ကြန်မဏ္ဍပ်များအနီး မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ရေပက်ချိန်မတိုင်မီနှင့် ရေပက် ချိန်ပြီး၍ သန့်ရှင်းရေးလုပ်သည့် အချိန်များတွင် လုပ်ဆောင်သွားမည်ဟုဆိုပြီး အခြားလူစည်ကားသည့် နေ ရာများတွင်လည်း မိုင်းရှင်းလင်းရေးများ လုပ်ဆောင်မည်ဟု သိရသည်။ ထို့အတူ သင်္ကြန်မဏ္ဍပ်များတွင်  စီစီ တီဗွီကင်မရာ များနှင့်အတူ ပုဂ္ဂလိကလုံခြုံရေးဝန်ကြီး ၁၅ ဦးမှ ၂၀ ဦးအထိ ထားရှိရမည်ဟုလည်း သတ်မှတ် ထားရာ သင်္ကြန်မဏ္ဍပ်များကလည်း ပုဂ္ဂလိက လုံခြုံရေးပိုင်းကို ပူးပေါင်းဆောင်ရွက်ကြမည်ဟု ဆိုသည်။

ရန်ကုန်သင်္ကြန်အတွက် ကွပ်ကဲမှုရုံး သုံးခုကို လူစည်းကားသည့် နေရာများဖြစ်သော ပြည်လမ်းပေါ် ရှိ IBC၊ သိမ်ဖြူအား ကစားရုံနှင့် ကမ္ဘာအေးစေတီလမ်းပေါ်ရှိ မြကျွန်းသာတို့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ကွပ်ကဲမှုရုံး များတွင် အရေးပေါ် လူနာတင်ယာဉ်များ ထားရှိမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ သင်္ကြန်လုံခြုံရေးသည် အရေးကြီးဆုံးဖြစ်ပြီး မတော်တဆ ကျိုးပေါက်သွားခဲ့ပါက အပြစ် မဲ့ပြည်သူများသာ ထိခိုက်ကြရမည် ဖြစ်သောကြောင် လုံခြုံရေးပိုင်းဆိုင်ရာအား အထူးဂရုပြုရန် လိုအပ်နေ သည်။

သင်္ကြန်လည်မယ့်သူတော့ နည်းတယ်      

ရှေးယခင်နှစ်များက သင်္ကြန်တွင် ကားဖြင့်လည်ပတ်ခဲ့သူများပေခဲ့ ဒီနှစ်တော့ လည်မယ့်သူ နည်းနေသေး သည်ဟု သိရသည်။ လက်ရှိ ရာသီဥတု အခြေအနေအရ နည်းပါးနေသေးသည်ဟု သိရသည်။ သို့သော် လည်း ကိုယ်ပိုင်ယာဉ်များဖြင့် လည်ပတ်မည့်သူများလည်း ရှိနေသည်။ သင်္ကြန်မဏ္ဍပ်လည်းမထိုင်၊ သင်္ကြန် မလည်ပတ်ဘဲ တရားစခန်းဝင် ကုသိုလ်ယူမည့်သူများလည်း ရှိနေသည်။

ကုန်ဈေးနှုန်း စားဝတ်နေရေးတို့နဲ့ ချိန်ဆနေရတဲ့ သင်္ကြန်  

ရှေးယခင်နှစ်များစွာက သင်္ကြန်ဆိုလျှင် များစွာပျော်ရွှင် ခဲ့ရသော်လည်း ယခုနှစ်များတွင်မူ ပျော်ရွှင်စရာ များ လျော့ပါးလာသည်။ သင်္ကြန်ကာလသည် မြန်မာလူမျိုးတို့၏ ရိုးရာနှစ်သစ်ကူးပွဲတော် ဖြစ်သည့်အတွက် အားလုံးပါဝင်ဆင်နွှဲ လိုကြသော်လည်း လက်ရှိဖြစ်ပေါ်နေသာ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ငွေကြေးအကျပ် အတည်းများကိုလည်း ချင့်ချိန်နေကြရသည်။ ယင်းအခြေအနေများကြောင့် သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲ လိုသော်လည်း ပါဝင်ခွင့်မရရှိသူများလည်း ရှိနေကြမည်ဖြစ်သည်။

အစိုးရ၀န်ထမ်းများ လစာတိုးမြှင့်မည်ဆိုသည့် သတင်းထွက်ပေါ်ကတည်းက ကုန်ဈေးနှုန်းများက အလို အလျောက်လိုက်ပါ မြင့်တက်ခဲ့ပြီးဖြစ်သည်။ တစ်နေ့လုပ်မှ တစ်နေ့စားရသည့် အခြေခံလူတန်းစားများ အဖို့ ပျော်ပါးမှုကို အသာထား၊ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရသည်။ အချို့မဏ္ဍပ်များအနီး စားသောက်ဖွယ်ရာ၊ ရေသန့် အချိုရည်၊ အရက်၊ ဘီယာစသည်ဖြင့် ရောင်းချရင်း သူများပျော်နေသည်ကို ကြည့်ရှုရင်းနှင့်ပင် သင်္ကြန်ကို ကုန်ဆုံးမည့်သူများလည်း အများအပြား ရှိနေသည်။

“သင်္ကြန်ဆိုတာ ငွေကြေးတတ်နိုင်တဲ့ သူတွေပဲ မဏ္ဍပ်ထိုင်၊ လည်ပတ်ဆင်နွှဲတဲ့ ပွဲလို့ထင်ပါတယ်။ သာမန် လက်လုပ် လက်စားတွေ အတွက်တော့ စားဝတ်နေရေးက ပိုအရေးကြီးတဲ့ အခြေအနေ ဖြစ်နေလို့ပါ” ဟု  ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ဖွင့်ဟခဲ့သည်။

ယာဉ်ကြောပိတ်ဆို့မှုလည်း ရှင်းမယ်

သင်္ကြန်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ရှင်းလင်းရန်နှင့် စည်းကမ်းပျက်မောင်းနှင်သည့် မော်တော် ယာဉ်များကို ဖမ်းဆီးအရေးယူရန် ယာဉ်ထိန်းတပ်ဖွဲ့ဝင် အင်အားများစွာ အသုံးပြုသွားမည်ဖြစ်ပြီးယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းနိုင်ရန်အတွက် ကရိန်းယာဉ်များလည်း ထားရှိပေးထားမည်ဟု ဆိုသည်။ 

တုတ်၊ ဓါး လက်နက်ကိုင်ခြင်း မပြုရ

သင်္ကြန်ကာလအတွင်း တုတ်၊ ဓား လက်နက်တွေ ကိုင်ဆောင်ခြင်းမပြုရန် ကြိုတင်ကြေညာချက် ထုတ်ပြန် မည်ဖြစ်ပြီး ကိုင်ဆောင်ပါက ထိရောက်စွာ အရေးယူမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။             

သင်္ကြန်အထူးတရားရုံးတွေ ဖွင့်စစ်မယ်

သင်္ကြန်အထူး တရားရုံးများတွင် သင်္ကြန်နှင့်ဆက်နွှယ် ဖြစ်ပွားသော အမှုများကို စစ်ဆေးနိုင်ရန် မြို့နယ် တိုင်းတွင် ယာယီအထူး တရားရုံးများကို ဖွင့်လှစ်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

သင်္ကြန်မဏ္ဍပ်များအတွက် ထုတ်ပြန်ထားသည့် စည်းကမ်းချက်အချို့

- ပေ ၁၀၀ နှင့်အထက် မဏ္ဍပ်အကြီးတစ်ခုလျှင် CCTV ကင်မရာ အကြီးတစ်လုံးနှင့် Fix ကင်မရာ လေးလုံး၊ မဏ္ဍပ်အလတ် တစ်ခုလျှင် ကင်မရာအကြီးတစ်လုံးနှင့် Fix ကင်မရာ သုံးလုံးတင်ဆင်ရန်နှင့် မဏ္ဍပ်များတွင် လုံခြုံရေးဝန်ထမ်း ၁၅ ဦးမှ ၂၀ ဦးအထိ ထားရှိရန်။

- CCTV ကင်မရာများ၏ နေ့စဉ်မှတ်တမ်းများအား သက်ဆိုင်ရာ ကွပ်ကဲမှုရုံးသို့ ညစဉ် ၈ နာရီထက် နောက် မကျဘဲ ပေးပို့တင်ပြရမည်။

- မဏ္ဍပ်များတွင် လုံခြုံရေးအရနှင့် အခြားလိုအပ်ချက်များအရ အချိန်နှင့်တစ်ပြေးညီဆက်သွယ်ညွှန်ကြား နိုင် ရန် အတွက် မဏ္ဍပ်ဆောက်လုပ်ခွင့် တင်ပြသူများက တရားဝင်တင်ပြထားသော တယ်လီဖုန်းနံပါတ်မျာအား အမြဲတမ်းဆက်သွယ်မှု မပြတ်စေရေး ဆောင်ရွက်ထားရှိရန်နှင့် တာဝန်ရှိသူများက အခါအားလျော်စွာ စစ်ဆေးသည့်အခါ အစစ်ဆေးခံနိုင်ရေး တာဝန်ခံ (သို့မဟုတ်) ဒုတိယတာဝန်ခံတစ်ဦးဦး သင်္ကြန်ကာလ ပြီးဆုံးသည်အထိ မဏ္ဍပ်တွင် အချိန်ပြည့်ရှိနေစေရန်။

- ယာဉ်ကြောပိတ်ဆို့မှုများကို မဏ္ဍပ်တာဝန်ရှိသူများက ကြတ်မတ်ပေးရန်။

- မဏ္ဍပ်များတွင် သရုပ်ပျက်ဝတ်စား ဆင်ယင်မှုများ မပြုလုပ်ရန်၊ မဏ္ဍပ်အမည်များအား မြန်မာနာမည်ဖြင့် သာ ဖော်ပြရန်။

- ရေပက်ခံသူများကို ထိခိုက်စေနိုင်သော မီးသတ်ပိုက်များ၊ ဆပ်ပြာပူဖောင်းများဖြင့် ရေ ပက်ကစားခြင်း မပြုရန်။

သင်္ကြန်မဏ္ဍပ်လက်မှတ်ဈေးနှုန်းအချို့

Project X (ကမ္ဘာအေးဘုရားလမ်း)

All Day - ၅၂၀၀၀၊ အကျ-၂၀၀၀၀၊ အကြတ်- ၂၅၀၀၀၊ အတက်- ၃၅၀၀၀

Titan (ကမ္ဘာအေးဘုရားလမ်း)

All Day - ၅၀၀၀၀၊ အကျ-၂၅၀၀၀၊ အကြတ်-၃၅၀၀၀၊ အတက်- ၄၀၀၀၀

Out of Control (ကန်တော်ကြီးပတ်လမ်း)

All Day - ၅၀၀၀၀၊ အကျ-၂၀၀၀၀၊ အကြတ်-၂၀၀၀၀၊ အတက်- ၂၅၀၀၀

Yangon (Spy မဏ္ဍပ်)

All Day - ၁၀၀၀၀၀၊ အကျ-၃၅၀၀၀၊ အကြတ်-၆၅၀၀၀၊ အတက်- ၄၅၀၀၀၊

VIP -၁၅၀၀၀၀

Eleven Media Group

No comments:

Post a Comment

My Blog List