Monday, April 06, 2015

မလေးရှားကာတွန်းဆရာကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ



ထင်ရှားသော မလေးရှားကာတွန်းဆရာ ဇူနာကို နိုင်ငံတော် အကြည်ညိုပျက် စေမှုဖြင့်မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် တရားစွဲဆိုလိုက် သည်။
ဇူနာက သူသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု အက်ဥပဒေအရ စွဲဆိုမှု ၉ ခု ဖြင့် ရင်ဆိုင်ရမည်ဖြစ်ပြီး စွဲဆိုမှုများသည် မလေးရှား တရားစီရင်ရေးစနစ်ကို ဝေဖန်ထားမှုနှင့် စပ်ဆက်နေလိမ့်မည်ဟု ဗွီအိုအေ သတင်းဌာနကို ပြောခဲ့သည်။ မလေးရှားနိုင်ငံတွင် အဆိုပါ အက်ဥပဒေအရ အစိုးရအား ဝေဖန်သူများ ၊ အမြင်မတူသူများထောင်နန်းစံရသည့် အရေအတွက် တိုးမြင့်လာသည်။

အသက် ၅၂ နှစ်အရွယ် ဇူနာသည် မလေးရှားအစိုးရ၏ အကျင့်ပျက်ခြစားမှု၊ အုပ်ချုပ်ရေးညံ့ဖျင်းမှုနှင့် လွတ် လပ်စွာပြောဆိုခွင့်အား ဖိနှိပ်ထားမှုတို့ကို မကြာခဏ သရော်ကာ ကာတွန်းရေးလေ့ရှိသည်။ ထိုသို့ သရော် ခဲ့သဖြင့် သူ၏ စာအုပ်အတော်များများသည် ထုတ်ဝေခွင့် ပိတ်ခံရခြင်း၊ သိမ်းဆည်းခံရခြင်းများ ဖြစ်ပေါ် ခဲ့ သည်။

ဇူနာက တရားသူကြီးများသည် လိင်တူချင်းဆက်ဆံသည်ဟု စွပ်စွဲခံရသည့် အတိုက်အခံခေါင်းဆောင် အန်ဝါ အီဘရာဟင်အား ပြစ်ဒဏ်ချရန်အတွက် မလေးရှားအစိုးရ ဘက်တော်သားတချို့ထံမှလာဘ်ငွေလက် ခံခဲ့သည်ဟု စွပ်စွဲရေးသားခဲ့သည်။

အန်ဝါသည် မလေးရှားနိုင်ငံ ဒုတိယ၀န်ကြီးချုပ်ဟောင်းအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး အစိုးရ၏ အဓိက နိုင်ငံရေး အတိုက်အခံ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။

အန်ဝါသည် လိင်တူချင်းဆက်ဆံမှုဖြင့် ထောင်ဒဏ် ၅နှစ် ပြစ်ဒဏ်ကျ နေရသည်။ တရားစွဲဆိုမှုများသည် လုပ်ကြံမှုဖြစ်ပြီး နိုင်ငံရေးအရ တိုက်ခိုက်မှုလည်း ဖြစ်သည်ဟု အန်ဝါ အားထောက်ခံသူများနှင့် ဝေဖန်ရေး သမား အများအပြားကပြောခဲ့သည်။

လိင်တူချင်းဆက်ဆံမှုဖြင့် ထောင်ဒဏ်ကျခံနေရသူ မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါက သက် ညှာခွင့်ရရန်အတွက် အယူခံ လျှောက်ထားခဲ့သော်လည်း ပယ်ချခံခဲ့ရသည်ဟု အန်ဝါ၏ ရှေ့နေက ပြော ခဲ့သည်။

တရားရုံးမှ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သော်လည်း တိုင်းပြည်အာဏာကို နှစ်ပေါင်းများစွာ ထိန်းချုပ်ထား သည့် အာဏာရပါတီအတွက် သူသည် အဓိက စိန်ခေါ်မှု ဖြစ်နေသဖြင့် ယခုဖြစ်ရပ်သည် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု အန်ဝါက ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံတွင် နိုင်ငံတော် အကြည်ညိုပျက်စေသည့် လုပ်ရပ်များ လုပ်ဆောင်ပါကထောင်ဒဏ် ၃ နှစ် နှင့်အထက် ပြစ်ဒဏ် ကျခံရမည်ဖြစ်သည်။ သို့သော် ဇူနာသည် အမှု ၁ ခုချင်းစီအတွက် ကျခံရ မည့် ပြစ်ဒဏ်များပေါင်း၍ ထောင်ဒဏ် ၄၃ နှစ် ကျခံရနိုင်ကြောင်းသူ၏ ရှေ့နေကပြောကြားခဲ့သည်။

ဇူနာက “ ကျွန်တော့်အနေနဲ့ အသံတိတ်မနေချင်ဘူး။ အစိုးရရဲ့ ရည်ရွယ်ချက်က ကျွန်တော် ကာတွန်းတွေ ဆက်မရေးဖို့ဘဲ။ ကျွန်တော်သာ ကာတွန်း ဆက်မရေးတော့ဘူးဆိုရင် အစိုးရကသူတို့ လိုချင်တာရသွား လိမ့်မယ်။ ကျွန်တော်ကတော့ နောက်ဆုံးမင်တစ်စက် ကျန်တဲ့အထိ ကာတွန်းဆက်ရေးနေမှာပဲ “ ဟုပြော ခဲ့သည်။

ယခု သီတင်းပတ် အစောပိုင်းက မလေးရှားအတွင်း သတင်းများကို ဖော်ပြလေ့ ရှိသည့် သတင်းဌာနမှ အဖွဲ့ဝင် ၅ဦးသည်လည်း နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် အဖမ်းခံခဲ့ရပြီးမကြာမီပင် အာမခံဖြင့် ပြန်
လွှတ်ပေးခဲ့ပြီး ၄င်းတို့အား တရားစွဲမည် မစွဲမည်ကိုတော့ မသိရသေးပေ။ ဒေသတွင်းနှင့် နိုင်ငံတကာ အခွင့် အရေးလှုပ်ရှားသည့် အဖွဲ့များက မလေးရှားအစိုးရ၏ ကိုလိုနီခေတ်ကတည်းက စတင်အသုံးပြုခဲ့သော နိုင် ငံတော် အကြည်ညိုပျက်စေမှု အက်ဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေခြင်းနှင့်ပတ်သတ်၍ ရှုံ့ချပြော ဆိုခဲ့သည်။

နယ်စည်းမခြား သတင်းသမားများအဖွဲ့မှ ဘန်ဂျမင် အစ်စ်မေးလ်က “ဒီတရားစွဲဆိုမှုတွေကို ရုပ်သိမ်းပေးဖို့ အစိုးရကို တောင်းဆိုထားတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနိုင်ငံတော်အကြည်ညိုပျက်စေမှု အက်ဥပဒေကို ဖျက်သိမ်းပေးဖို့ လွန်ခဲ့တဲ့ နှစ်တွေ အများကြီးကတည်းက ဒီနေ့အချိန်ထိ တောင်းဆိုထားခဲ့ပေမယ့် မလေး ရှား အစိုးရဘက်ကတော့ လုပ်ဆောင်ခြင်း မရှိသေးပါဘူး“ ဟုဗွီအိုအေသတင်းဌာနကိုပြောခဲ့သည်။

အစ်စ်မေးလ်ကဇူနာ၏ ကာတွန်းများကိုအစိုးရကခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်ခဲ့သည့်အတွက် ပစ်မှတ် ထားခံခဲ့ရခြင်းဖြစ်သည်ဟု ပြောခဲ့သည်။

ယမင်းအိမ်
Source: VOA
The Myanma Age

No comments:

Post a Comment

My Blog List