Monday, April 06, 2015

ခရမ်းလွန်ရောင်ခြည် အန္တရာယ် ဘယ်လိုကာကွယ်ကြမလဲ


ခရမ်းလွန်ရောင်ခြည် မြင့်တက်နေစဉ်တွင် နေသည် ယခုမတ်လ ၂၁ ရက်မှစ၍ မြန်မာနိုင်ငံအပေါ်တည့် တည့်ကို ရောက်ရှိမည်ဖြစ်ခြင်းကြောင့် အပူရှိန်နှင့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများမှာ ပိုမိုမြင့် တက်နေမည်ဟု ပညာရှင်တို့က ညွှန်ပြနေကြပါသည်။
မြန်မာပြည်အပေါ် “နေ”တည့်တည့်ကျမည်
------- --------
မတ်လ (၂၁)ရက်ခန့်တွင် မြန်မာနိုင်ငံအပေါ်ကို ပြည့်ပြည့်၀၀ ရောက်ရှိ လာနိုင်ပြီး မြန်မာနိုင်ငံအတွင်း ဦးခေါင်းပေါ်တည့်တည့် မှာ နေလုံးကြီး ရှိနေနိုင်ခြင်းကြောင့် ခရမ်းလွန်ရောင်ခြည်များမှာ ဆက်လက် မြင့် မားနေ မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်သည် မြန်မာနိုင်ငံ၏ နွေရာသီ ဖြစ်ခြင်းကြောင့် အပူချိန်လွန်ကဲနေ သည့်အပြင် အယ်နီညိုအပူလွန်ကဲသည့် ရာသီ ဥတုနှစ်ဖြစ်ခြင်းကြောင့် လည်း အပူချိန်မြင့်မားနေမှုဒဏ် ကို ပြည်သူများ ခံစားနေကြရပါသည်။ အပူဒဏ်နှင့်အတူ ရောဂါပေါင်းစုံတွေ့ ထိခံစားရတတ် ပါသည်။

အပူဒဏ် (၄)မျိုး

ယခုနှစ် နွေရာသီသည် အပူချိန်နှင့် ခရမ်းလွန်ရောင်ခြည်များ မြင့်မားနေပြီး အပူဒဏ်(၄)မျိုးဖြစ်သော-
(၁) အပူချိန်မြင့်မားလွန်းခြင်း
(၂) လေထဲရေငွေ့ပါပြီး တိမ်ဖြစ်ပေမယ့် မိုးမရွာခြင်းကြောင့် ခံစားရသည့် အပူချိန်မြင့်မားခြင်း
(၃) အပူချိန်အတော်မြင့်မားစွာ တက်လာပြီး ကိုယ်ခန္ဓာပေါ်တွင် အပူချိန်များလာခြင်း
(၄) ဆီးချိုနှင့် သွေးတိုးလူနာတို့နှင့် အသက်ကြီးသူတို့ သတိလစ်ခြင်း၊ လေဖြတ်ခြင်း၊ ကလေးများ တက် တတ်ခြင်းတို့ဖြစ်သည်။

အပူလှိုင်း (၃)နှစ် တကြိမ်မျှ ကျတယ်
------- -------
အပူလွန်ကဲသည့်လှိုင်းသည် ခန့်မှန်းခြေအားဖြင့် သုံးနှစ်တကြိမ်တက်ကြောင်း သိပ္ပံစာများတွင် အဆိုပါ အချက်ရှိသည်။ အသက်ကြီးလွန်းသူ၊ ငယ်လွန်းသူ၊ မကျန်းမမာဖြစ်နေ သူတို့အနေဖြင့် ဤအပူလှိုင်းနှင့် အတူ ဒဏ်ခံရပြီး အသက်အန္တရာယ်နှင့် ကြုံတွေ့ရတတ်ပါသည်။

အပူဒီဂရီမြင့်လွန်းမှု၊ အပူဓာတ်လွန်ကဲမှုများကြောင့် လူများကြုံ တွေ့ရတတ်သော ကျန်းမာရေးချို့တဲ့မှုများမှာ
၁။ အပူကြောင့် အားအင်ကုန်ခန်းခြင်း၊ ခန္ဓာကိုယ်နွမ်းနယ်ခြင်း။
၂။ အပူကြောင့် ကြွက်တက်ခြင်း။
၃။ အပူလှိုင်းအရိုက်ခံရခြင်းတို့ကြောင့် အသက်အန္တရာယ်ဆုံးရှုံး ခြင်းတို့ဖြစ်တတ်ပါသည်။

အပူဆိုသည်မှာ
အပူဟူရာတွင် နေပူ၊ ရေပူ၊ မီးပူဟူသရွေ့ လူ့ပတ်ဝန်းကျင်ကို ပူစေခြင်းဖြစ်စေပါသည်။ ပတ်ဝန်းကျင်နှင့် အတူ လူသားတို့၌ စွမ်းအင်တခုရှိသည်မှာ ပတ်ဝန်းကျင်နှင့်အတူ နေထိုင်ရေးအတွက် ထိန်းချုပ်ပြုပြင် မျှတစေတတ်သော စွမ်းအင်ရှိပါသည်။ ဤစွမ်းအင်သည် တဦးနှင့်တဦး မတူညီကြပေ။ အပူလွန်ကဲ၍ ဤစွမ်းအင်မထိန်းချုပ်မပြုပြင်နိုင်သည့်အခါတွင် အပူလွန်ကဲခြင်းကြောင့် ကိုယ်ပူဒဏ်ခံလာရပါသည်။

ခန္ဓာကိုယ်အပူ
------- -------
ကိုယ်ခန္ဓာအပူလွန်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းပစ္စည်း (ဥပမာ- ဦးနှောက်)သို့ သွေးအသွားအလာနည်းခြင်း ၊ ကြွက်သားကြီးငယ်များသို့ သွေးအသွားအလာနည်းခြင်း၊ ကိုယ်ရေပြားပေါ်သို့ သွေးပေးမှုများနေခြင်း ဆိုသည့် ပြောင်းလဲမှုများရှိလာကြပါသည်။ ဤသို့နေပူ၍ ကိုယ်ပူခြင်းဖြင့် သွေးအသွားအလာ ပျက်ပြားလာ ပါ၍ အင်အားကုန်ခန်းသည်ဟု ညည်းညူကြသော ပြည်သူဦးရေများပြားလာကြပါသည်။ ခံနိုင်ရည်ရှိသူတို့ အဖို့ ရုတ်တရက် ချက်ချင်းမဖြစ်ပေါ်ဘဲ တဖြည်းဖြည်းပေါ်ပေါက်လာသော လက္ခဏာများမှာ အင်အားချည့် နဲ့ခြင်း၊ မကြာခဏမူးဝေခြင်း၊ အလွယ်တကူမောပန်းခြင်း၊ အော့အန်ခြင်း၊ ၀မ်းလျှောခြင်းနှင့် တကိုယ် လုံး ခြစ်ခြစ် တောက်ပူခြင်းတို့ဖြစ်သည်။

ကိုယ်ပူထိန်းသိမ်းခြင်း
------- -------
တကိုယ်လုံး ကိုယ်မပူမီ ထိန်းချုပ်ပြုပြင်သည့်အလား ကိုယ်အေးစေရန် ချွေးများများထွက်လာပါမည်။ ဤချွေးများခြောက်စေရန် ကိုယ်မှ အပူရှိန်အသုံးခံရ၍ ကိုယ်ပူကျစေကြောင်း ဖြစ်စေသည်။ သို့သော် ချွေး များများထွက်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းမှ ရေများကုန်ခန်းစပြုလာ ပြန်ပါသည်။ ချွေးနှင့်အတူ ဓာတ်ဆားများထွက်ကုန်ပါသည်။ သို့ပါ၍ ခန္ဓာကိုယ်မှာ ဓာတ်ဆားလျော့နည်းမှု ခံစားလာရပါသည်။

ချွေးထွက်လွန်ကဲခြင်း
------- -------
ချွေးထွက်လွန်ကဲခဲ့သော် ချွေးထွက်စေသည့် ချွေးအိတ်ကလေးများ အလုပ်များများလုပ်ရပါသည်။ ဤသို့ အလုပ်များများလုပ်ရသည့် ချွေးအိတ်ကလေးများ မကျန်းမမာဖြစ်ပြီး အနာအဆာပမာ အဖုလေးများ တကိုယ် လုံး၌ ပေါက်လာခြင်းကို မိတ်ပေါက်လာသည်ဟု ပြောကြပါသည်။ 

မိတ်ပေါက်လာ၍ ချွေးထွက်နည်း၊ ချွေးထွက်နည်း၍ ကိုယ်ပူခြင်းများဖြစ်ရ ကလေးတို့၌ ဒဏ်မခံနိုင်လျှင် အပူကြီးလာတတ်ခြင်း၊ ဖျားခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်လာပါသည်။ ချွေးငုပ်၍ အဖျားကြီးလာသည် ဆိုသော မြန်မာ့အခေါ်အဝေါ်နှင့်ကိုက်ညီကြောင်း ပြောနိုင်ပေသည်။ ဤအဖြစ် အပျက်မှာ ကလေးသာလျှင် မဟုတ်ဘဲ အသက်ကြီးသူတို့တွင်လည်း ဤသို့ဒဏ်ခံရတတ်ပါသည်။ ဤဖြစ်စဉ်ဖြစ်ပုံဖြစ်နည်း အပူလွန် ကဲခြင်း ကို အပူလှိုင်းအရိုက်ခံရ၍ သတိလစ်ခြင်းဟု ခေါ်ပါသည်။ အပူကြောင့် ချွေးထွက်၊ ချွေးထွက်၍ ဓာတ်ဆားလျော့၊ ဓာတ် ဆားလျော့၍ ကြွက်တက်သည်ဟုဆိုရာတွင် သိသာသော ကြွက်တတ်ခြင်းမဖြစ်မီ၌ မအီမသာခံစားရခြင်း၊ ခေါင်းမူးခြင်း၊ ခြေပန်းလက်ပန်းကျ ခြင်းတို့ ဖြစ်တတ်ပါသည်။ ခြေညောင်းလက်ညောင်းကုပ်ညောင်း၍ ကြွက်တက်ခြင်းတို့မှာ ကြွက်တက်ခြင်းအမျိုးမျိုးဖြစ်သည်ဟု ပြောဆိုနိုင်ပါ သည်။ ဆုံးရှုံးသွားသောဓာတ်ဆားရည်များကိုသာ ပြန်လည်မဖြည့်တင်း နိုင်၊ မတိုက်ကျွေးနိုင်ခဲ့လျှင်အသက် ရန်ရှာသည်အထိ ဒုက္ခရောက်တတ်ပါသည်။

နေပူဒဏ်ခံနိုင်ရေး
------- -------
နေပူဒဏ်ခံနိုင်ရေးအတွက် ပြည်သူတို့သိသင့်သောအချက်များမှာ ခန္ဓာကိုယ်ပူနေသော အပူရှိန်ကျရန်အ တွက် မည်သို့သော အအေးကိုမဆိုရအောင် ကြိုးစားရပါမည်။ အကောင်းဆုံးမှာ ရေခဲဖြင့် ကိုယ်ပူချခြင်း ဖြစ် သည်။ ရေခဲရေဖြင့် နိုင်နိုင်ချိုးခြင်း၊ ကိုယ်ပူကျသည်အထိ ရေခဲရေပွတ်သပ် အသုံးပြုပေးခြင်း တို့မှာ မှန် ကန်သောနည်းတို့ ဖြစ်ပါသည်။

ရေခဲမရရှိပါက ရေအေးအေးဖြင့် နိုင်နိုင်ရေချိုးပေးခြင်းတို့ ပြုလုပ် ပေးနိုင်ပါသည်။

ရေချိုးနည်းမှန်ကန်ရန်လို
------- -------
နေပူစဉ်တွင် ကျန်းမာသူများ ရေချိုးရာ၌ အရိပ်အာဝါသအောက်မှာ ရေချိုးသင့်ပါသည်။ အပူလွန်ကဲသော အချိန်တွင် အရိပ်မရှိသောနေရာ သဲပူများဖြင့်ပူပြင်းနေသော သောင်ပြင်တို့တွင် ရေမချိုးရပါ။ ရေချိုးမိ ပါက ရေကြောင့် အေးသည်ထက် လွင်ပြင်မှအပူက ပိုမိုလွန်ကဲနေပါသဖြင့် အပူလှိုင်းဒဏ်ခံရပြီး အသက် အန္တရာယ် ဖြစ်စေပါသည်။ ဤအဖြစ်အပျက်ကို အညာနေ လုပ်သား ပြည်သူများ အထူးသတိထားအပ်ပေ သည်။ ရေချိုး၍ ဒုက္ခရောက်သည်ဟု လွဲမှားတတ်ကြပြန်ပါသည်။ 

ကိုယ်ပူသည်ဆိုပြီး ချွေး ထွက်စေသော ဆေး၊ ဥပမာ-အေပီစီ ချွေးထွက်ဆေးများမသောက်ရပါ။ သောက်ပါ က ပိုဆိုး ရွားစေပါသည်။ ဤဆေးမျိုးဖြင့် ကိုယ်ပူမချဘဲ ရေအေးအေး ရေခဲရေတို့ဖြင့်သာ ကိုယ်ပူချပေးရ ပါမည်။ ကိုယ်ပူစေသော ချွေးထွက်စေသော ကိုယ်လှုပ်ရှားမှုများ၊ အလုပ်ပင်ပန်းစွာလုပ်မှုများ၊ နေပူ လွန် ကဲနေစဉ်တွင် မပြုလုပ်အပ်ပါ။ နေပူချိန်နှင့် နေ့လယ်ပိုင်းတွင် နားနားနေနေ အရိပ်တွင်နေနိုင်ရန် များများကြိုး စားနေရပါမည်။

ဆားချိုရည်သောက်ပါ
------- -------
ချွေးထွက်မှုဖြင့် ဆုံးရှုံးခဲ့သောရေကို ဖြည့်ဆည်းရန် သောက်ရေအေးအေး များများ မကြာခဏ သောက်ရပါ မည်။ ဆုံးရှုံးသွားသော ဓာတ်ဆားရရန် မကြာခဏ ဆားရည်ချိုကို သောက်ပေးရပါမည်။ သို့မဟုတ်ပါက ဆားမနည်းမများမျိုပေးရန်၊ သောက်ရေတွင်ထည့်၍သော်လည်းကောင်း သောက်ပေးရန် ကြိုးစားရပါမည်။ ယူနီဆက်မှထုတ်သော “အိုရယ်လိုက်” ခေါ် ဓာတ်ဆားထုပ်ကိုဖျော်၍လည်း သောက်နိုင်ပါသည်။ အုန်း ရည်သောက်ပါကလည်း ဓာတ်ဆားအချို့ ပြန်ရပါသည်။
ဤသို့ ဆားမှီိဝဲခြင်းဖြင့် မအီမသာနေရခြင်း၊ ဇက်ကြောတက်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်း၊ ကြွက်တက်ခြင်းတို့ သက်သာလာပေမည်။ ဆေးအဖြစ်စားရန် လိုလာချိန်တွင် သွေးတိုးနှင့် ဆားမဆိုင်ကြောင်း သမားတော်ကြီး တို့က ပြောနေပြီကို သိစေလိုပါသည်။ အရပ်သူ အရပ်သားတို့၏ အယူအဆတို့ကို ပြောခြင်းမျှသာ ဖြစ်ပါ သည်။ လိုအပ်ပါက မများလွန်းသော ဆားရည်ဖျော်သောက်၍ ရပါသည်။ နေအပူပြင်းချိန်တွင် ဆား သည် ဆေးတပါးမည်ပါသည်။ လွန်လွန်ကဲကဲသာ မသောက်ရပါ။

အသက်ကြီးသူ၊ အသက်ငယ်သူ
------- ------
အပူချိန်လွန်ကဲချိန် သတိမူရမည့်လူများမှာ ကျန်းမာရေးချို့တဲ့သူများ၊ အသက်ငယ်လွန်းသူနှင့် ကြီးလွန်သူ များ၊ အရက်သေစာသောက်သုံးသူများ၊ အပူလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းရှာကြံသူများ၊ လယ်တော ယာတောများသို့ နေ့လယ်အပူချိန်တွင်သွားရောက်လေ့ရှိကြသော တောင်သူလယ်သမားဦးကြီးတို့ ဖြစ်ကြပါ သည်။

ခရမ်းလွန်ရောက်ခြည်မှပေးသော ဒုက္ခ
------- -------
ခရမ်းလွန်ရောင်ခြည်မှပေးသော ဒုက္ခတို့မှာ ခေါင်းကိုက်မူးမော်ခြင်း၊ ကိုယ်ပူလွန်ဖျားနာခြင်း၊ သတိ လစ်မေ့မြောခြင်းနှင့် HEAT STROKE နေပူမှပေးသောရောဂါဖြင့် အသက်ကိုရန်ရှာနိုင်နိုင်ခြင်း၊ ခန္ဓာကိုယ် အရေပြားကင်ဆာရောဂါတို့ ဖြစ်တတ်ခြင်းများကြောင့် ပညာပေးလှုပ်ရှားမှုတို့ လိုနေကြောင်း ကျွန်တော် ထင်မြင်ယူဆနေမိပါသည်။

အထူးသဖြင့် နေပူထဲသို့ အကာအကွယ်၊ အဆောင်းမပါဘဲ မထွက်သင့်ကြောင်း တင်ပြလိုက်ရပါသည်။

ဒေါက်တာအောင်ခင်ဆင့်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List