Sunday, April 05, 2015

ရွေးကောက်ပွဲကို သပိတ်မှောက်မယ့် နည်းလမ်းတစ်ခုအဖြစ် ဒေါ်စု ဘာ့ကြောင့် စဉ်းစားသလဲ


၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို သပိတ်မှောက်ရန် နည်းလမ်းတစ်ခုအဖြစ် စဉ်းစားထားသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြား သတင်းဌာန ရိုက်တာနှင့် တွေ့ဆုံမေးမြန်းစဉ် ပြောဆို လိုက်သည့်အပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူ များက အဓိပ္ပာယ်များစွာ ဖွင့်ဆိုလိုက်သည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရကို "မရိုးသား" ဟု ထုတ်ဖေါ်ပြော ဆိုကာ ရွေးကောက် ပွဲ အောင်နိုင်ရေး အဖွဲ့များပင် ဖွဲ့စည်းပြီးဖြစ်သည့် သူ့ပါတီအတွက် ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်နိုင်သည် ဟု ပြောဆို လိုက်ခြင်းသည် ၂၀၁၅ ရွေးကောက်ပွဲသည် တရားမျှတပြီး လွတ်လပ်သည့် ရွေးကောက်ပွဲ အဖြစ် မမျှော်လင့်နိုင်ခြင်းကြောင့် ဟု နိုင်ငံရေး လေ့လာသူများက ကောက်ချက်ချသည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်စဉ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အဓိက ရည်မှန်း
ချက်ကြီးဖြစ်သော ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲရန် လက်တွန့်နေသည့် အာဏာရ ပြည်ခိုင်ဖြိုးပါတီနှင့် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရကို နိုင်ငံရေးအရ ဖိအားပေးခြင်း၊ အခြေခံဥပဒေပြင်ရန် နှောင့်နှေးနေမှုအပေါ် အားမလို၊ အားမရဖြစ်ခြင်း တို့ကြောင့် ငြိမ်းချမ်းရေး နိုဗယ် ဆုရှင်က ချိန်ကိုက်ဗုံးဖွင့်ရန် ကြိုးစားခြင်းဟု  နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

"ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲမှု မလုပ်ဘူးဆိုလို့ရှိရင် သူ့အနေနဲ့လည်း ဒီရွေးကောက်ပွဲမှာ ပါဝင်ရေး၊ မပါဝင်ရေး ဆိုတာကို သူ့အနေနဲ့ နည်းပရိယာယ် တိုက်ပွဲသဏ္ဍာန်အနေနဲ့ စဉ်းစားရလိမ့်မယ် ဆိုပြီး ချိန်ကိုက်ဗုံးဖွင့်လိုက် တယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု ပြောသည်။

အကြောင်းမှာ စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြုပြင်ပြောင်းလဲစရာများစွာ ရှိနေသည်ဟု အများက လက်ခံထားသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကိုလည်း ကန့်သတ် ထားခြင်းကြောင့်ဖြစ်သည်။ ရိုက်တာနှင့် တွေ့ဆုံမေးမြန်းမှုတွင် သူ၏ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အစိုးရတစ်ရပ် ဖွဲ့စည်းရန် အသင့်ဖြစ်နေပြီဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုကာ သမ္မတ ဦးသိန်းစိန်သည် ၂၀၁၀ အလွန်နှစ်များတွင် ရိုးသားခဲ့သော်လည်း ယခုမူ "မရိုးသားတော့" ဟု ဖွင့်ဟသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်း စုကြည်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးဖြစ်သည့် ဦးရွှေမန်း၊ ဦးခင်အောင်မြင့်နှင့် တိုင်းရင်းသားကိုယ်စားလှယ် တစ်ဦးတို့ ပါဝင်သော ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးရန် ဒေါ်အောင်ဆန်းစုကြည်က အဆိုပြုခဲ့သော် လည်း အကောင်အထည် ပေါ်မလာသေးပေ။

"လက်ရှိအာဏာရ ပုဂ္ဂိုလ်တွေပိုင်းကနေပြီးတော့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတဲ့အပိုင်း၊ ဒီလုပ်ငန်း စဉ်တွေ နှောင့်နှေးနေတဲ့ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အားမလို၊ အားမရဖြစ်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်" ဟု ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှု ဖော်ဆောင်ရေး အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာသောင်းထွန်းက ပြောသည်။

မည်သို့ပင်ဆိုစေ ၂၀၁၅ ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ အပျက်ခံမည်မဟုတ်ဟု သမ္မတ ဦးသိန်းစိန် ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ခိုင်ခိုင်မာမာ ပြောဆိုထားပြီးဖြစ် သည်။ ဖွဲ့စည်းပုံပြင်နိုင်မှသာ ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတနိုင်မည်ဟု ယူဆ လက်ခံ ထားသည့် ဒေါ်အောင်ဆန်းစုကြည်ကလည်း "ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရှိနေသလား၊ ရှိမနေဘူး လား ဆိုတာကို တကယ့်စမ်းသပ်မယ့်ပွဲပဲ" ၂၀၁၅ ရွေးကောက်ပွဲကို ရည်ညွှန်းလျက် ပြောဆိုသည်။

ထိုသို့သော အခြေအနေတွင် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် နည်းလမ်းတစ်ခုအဖြစ် စဉ်းစားခြင်းသည် အကြောင်းအရာ သုံးချက်အပေါ် မူတည်နေနိုင်သည်ဟု ဦးသန်းစိုးနိုင်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ကန့်သတ်ထားသည်ဟု အများက ယူဆထားသည့် ဖွဲ့စည်းပုံပါပုဒ်မ ၅၉(စ) ကို ပြင်ဆင်ပေးဖွယ်မရှိခြင်း၊ သမ္မတ ဦးသိန်းစိန်အချိန်ဆွဲနေသည့် ခြောက်ပွင့်ဆိုင်တွေ့ ဆုံ ဆွေးနွေးရေးတွင် အခြေခံဥပဒေကို ပြင်ဆင်ရေး ဖြေရှင်းနိုင်မည့် အခြေအနေမရှိခြင်း အမေရိကန်အပါ အဝင် အနောက်နိုင်ငံများသည် ရွေးကောက်ပွဲအရေးပါကြောင်းသာ ဆိုကာ ဖွဲ့စည်းပုံပြင်ရေးအတွက် တိပ သည် ထောက်ပြ ပြောဆိုမှုများ မရှိခြင်းတို့ကြောင့်ဟု ဦးသန်းစိုးနိုင်က ပြောသည်။

"ကျွန်တော်တို့ မှန်းကြည့်ရတာတော့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြုပြင်နိုင်ဘဲနဲ့ ရွေးကောက်ပွဲလုပ် တယ်ဆိုရင် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာမဟုတ်ဘူး။ ဒါဟာ ဒီကြားထဲမှာ အစိုးရနဲ့ အာဏာရ ပါတီ ကလည်း အာဏာရဖို့ ဆက်လက်ကြိုးပမ်းမယ့်သဘောရှိတာပေါ့ဗျာ။ အဲ့ဒီ အခြေအနေတွေအောက်မှာ ဒီရွေးကောက်ပွဲဟာ တရားမျှတပြီးသန့်ရှင်းတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုတာလည်း မျှော်လင့်စ ရာတွေ တော်တော်အားနည်းလာတာပေါ့" ဟု ပြောသည်။

ဖွဲ့စည်းပုံပြင်ရေးရည်မှန်းချက် ကြီးကြီးဖြင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ကာ လွှတ်တော်ထဲရောက် လာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက်လည်း အောင်နိုင်ရေးအဖွဲ့များ ဖွဲ့စည်းကာ ရွေးကောက်ပွဲကို ရင်ဆိုင် ရန် ပြင်ဆင်ထားပြီးဖြစ်သည်။

သို့သော် ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိမရှိကို အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီက စဉ်းစားဆုံးဖြတ်သွားမည်ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့အဖွဲ့ဝင်နှင့် ဗဟိုမဲစာရင်း စိစစ်ရေးအဖွဲ့ ၏ ခေါင်းဆောင်လည်းဖြစ်သူ ဦးထွန်းထွန်းဟိန်က ပြောသည်။ "ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာမဟုတ်ဘူးဆိုရင် သပိတ်မှောက်နိုင်တယ်ဆိုတာတော့ ရှိတာပေါ့" ဟု ပြော သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပကာအတည်ပြုခဲ့သော ၂ဝဝ၈ ခုနှစ် မေလ ၁ဝ ရက်သည် ဖျက်အား ကမ္ဘာ့အဆင့်ရှစ်ရှိပြီး ပြည်သူတစ်သိန်းကျော်ကို သေစေခဲ့သော နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး ရက်သတ္တတစ်ပတ်ကျော်သာ ကြာသေးသည့် အချိန်ဖြစ်သည်။ အဆိုပါ ဆန္ဒခံ ယူပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြည်သူ ၉၂ ဒဿမ ၄ ရာခိုင်နှုန်းက ထောက်ခံခဲ့သည်ဟု ထိုစဉ် စစ်အစိုးရက ကြေငြာခဲ့သည်။

ရုပ်ဆိုးအကျည်းတန်ဖြစ်ရပ်ဖြစ်သော နာဂစ်မုန်တိုင်းတိုက်ခတ်မှုမှ စတင်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မပြင်နိုင်ပါက ၂၀၁၅ ရွေးကောက်ပွဲသည် " လွတ်လပ်ရင် လွတ်လပ်မယ်။ တရားမျှတမှုတော့ ရှိမှာမဟုတ်ဘူး" ဟု ဒေါက်တာ သောင်းထွန်းက ဆိုသည်။ သို့သော် ဖွဲ့စည်းပုံပြင်ရေး လက်တွေ့ရင်ဆိုင်ရ မည့် ဒေါ်အောင်ဆန်းစုကြည်ကမူ "ဘာကြောင့်မဖြစ်နိုင်ရမှာလဲ၊  အခြေခံဥပဒေဆိုတာ တစ်သက်လုံး တည်မြဲနေတာမှ မဟုတ်တာ" ဟု ရိုက်တာသတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားထားသည်။

မည်သို့ပင်ဆိုစေကာမူ လာမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန်နည်းလမ်းတစ်ခုအဖြစ် ဒေါ်အောင် ဆန်းစုကြည်၏ ဆုံးဖြတ်ချက်သည်ကို ပြုပြင်ရန် အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်တွင်း နေရာအများဆုံး ယူထားသည့် အာဏာရပါတီတို့၏ ဖွဲ့စည်းပုံပြင်ဆင်ရေး သဘောထားအပေါ် မူတည်နေပေလိမ့်မည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List