Thursday, August 15, 2013
ပြီးခဲ့သည့်သီတင်းပတ်ကစတင်၍ အိန္ဒိယ နိုင်ငံတွင် တောဆင်ရိုင်း တစ်အုပ်၏ မျိုးနွယ်စုအပေါ် သစ္စာစောင့် သိစိတ်ကြောင့် ကျေးရွာလေး တစ်ခုမှ ရွာခံများနှင့် တာဝန်ရှိသူများ ခေါင်းခဲနေရကြောင်း သိရှိရသည်။ အိန္ဒိယအရှေ့ပိုင်းဒေသရှိ မာတာရီရွာလေးတွင် မီးရထားတစ်စင်းသည် အလေ့ကျ လှည့်လည် သွားလာနေ သည့် ဆင်ရိုင်းတစ်ကောင်ကို တိုက်သတ်မိခဲ့သည်။ ယင်းသည် ရည်ရွယ်ချက် မပါသော မတော်တဆ ကိစ္စ သာဖြစ်ပြီး ရွာခံများပင် စိတ်မကောင်း ဖြစ်ခဲ့ကြသည်။ သို့သော်လည်း တောဆင်ရိုင်းများ၏ တုံ့ပြန်မှုကမူ ရွာသားများအတွက် အံ့ဩ တုန်လှုပ်စရာ ဖြစ်လာသည်။ တောဆင်ရိုင်း (၁၅)ကောင်မျှသည် ၎င်းတို့၏ မျိုးနွယ်တူရဲဘော်ရဲဘက်သေဆုံးခဲ့သည့်နေရာတွင်ဝမ်းနည်းကြေကွဲစွာလာရောက်စုရုံး အော်မြည်ခဲ့ကြသည်။
Times of India သတင်းစာတွင် ဖော်ပြထားသော ဆောင်းပါး၌ ယင်းဆင်များကို ခြောက်လှန့် မောင်းထုတ် ရန် ကြိုးစားခဲ့မှုမှာလည်း မအောင်မြင်ခဲ့ဟု သိရသည်။ ရလဒ်အနေဖြင့် ရထားသွားလာမှုများ ရပ်ဆိုင်းကုန် သည်။ ရက်ပိုင်းမျှ ကြာလာပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်ကုန်ကမူ ဆင်များသည် ပိုမို ဒေါသကြီးမား လာဟန်ရှိပြီး အနီးတဝိုက်ရှိ အိမ်ခြေများကိုပါ ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ကျောင်း တစ်ကျောင်း၏ အစိတ်အပိုင်း အချို့ပါ ပြိုကျသွားခဲ့သည်။
ကျယ်လောင်စွာ မြည်ဟည်းပေါက်ကွဲသော ဗျောက်အိုးများကို အသုံးပြုပြီး ခြောက်လှန့်ခဲ့သော်လည်း ဆင် များကိုဖယ်ရှား၍မရခဲ့ချေ။ခေတ္တခဏမျှ၎င်းတို့ထွက်ခွာသွားပြီးလျှင်လည်းမိမိတို့၏ ရဲဘော်ရဲဘက် သေဆုံးခဲ့ ရာနေရာကိုပြန်လည်ရောက်ရှိ ပိတ်ဆို့ထားပြန်သည့် ဆင်များကြောင့် ခေါင်းခဲနေရကြောင်း သားရိုင်း တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးတာဝန်ရှိသူ ဒီအက်စ် ဆရီဗာစတာဗာက ပြောကြားခဲ့သည်။ လက်ရှိ အချိန်ထိ အဆိုပါ ဆင်များသည် ၎င်းတို့၏မိတ်ဆွေသေဆုံးခဲ့ရာနေရာကို မကြာခဏပြန်လာပြီး စုရုံးနေဆဲ ဟုလည်း သိရသည်။
"ရထားတိုက်မှု ဖြစ်ပြီးကတည်းက ဆင်တွေက အဲဒီနေရာကို ပြန်ပြန်လာကြတယ်။ သူတို့ရဲ့ သူငယ်ချင်းက ဒဏ်ရာပဲရသွားတာ၊ သူတို့ပြန်ကယ်ဖို့ ကြိုးစားရမယ်လို့ ထင်နေကြတာ ထင်ပါတယ်"ဟု ဆရီဗာစတာဗာက ဆိုသည်။ ၎င်းက "ဆင်တွေရဲ့ သဘာဝ အလေ့အထအရ တစ်ကောင်ကောင် သဘာဝအတိုင်း သေသွား ရင်တောင်အဖော်တွေကအလောင်းကိုခြုံပုတ်တွေ၊သစ်ပင်ငယ်တွေ၊သစ်ကိုင်းတွေနဲ့ကာပေးထားတတ်တယ်" ဟုလည်းရှင်းပြခဲ့သည်။ ဆရီဗာစတာဗာက ဆင်များကြား ထားရှိသည့် ခိုင်မာသော သစ္စာစောင့်သိမှုကြောင့် အဆိုပါနေရာတွင်နောက်ထပ်လည်းဆင်အုပ်များအကြိမ်ကြိမ်ရောက်လာမည်ကို မိမိ မျှော်လင့်ထားကြောင်း ဝန်ခံသွားသည်။
Planet.com.mm

No comments:
Post a Comment