Friday, August 16,2013
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်းရွာ ဘုရားပွဲတော်သို့ လာရောက် ငွေတောင်းရမ်းသူ များနှင့်ကြဲချငွေကောက်သူများကိုအဆိုပါဘုရားဂေါပကအဖွဲ့ကဖယ်ရှားသွားမည်ဖြစ်ကြောင်း တောင်ပြုန်း ပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌက ပြောကြားသည်။အဆိုပါတောင်ပြုန်းပွဲတော်တွင် အနယ်နယ် အရပ်ရပ်မှရောက်ရှိလာသောတောင်းစားသူများနှင့်တောင်ပြုန်းကျေးရွာအနီးဝန်းကျင်မှအပျော်တမ်းငွေကောက် သူများကို ပွဲတော်ကျင်းပရေးကော်မတီက သြဂုတ်လ ၁၄ ရက်နေ့မှ စတင်၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ပွဲတော်လုံခြုံရေးရဲဝန်ထမ်း၊မီးသတ်ဝန်ထမ်းတို့နှင့် ပူးပေါင်းပြီး နေ့စဉ်ဖယ်ရှားရှင်းလင်းသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
အနယ်နယ်အရပ်ရပ်မှ တောင်ပြုန်းပွဲသို့ ဘုရားဖူးသူများကို ကားပေါ်မှငွေကြဲချခြင်း မပြုလုပ်ကြရန် ပွဲတော် အဝင်ဂိတ်ပေါက်မှ နေ့စဉ် အသံချဲ့ စက်ဖြင့် သတိပေးနေသော်လည်း ပွဲတော်လာသူများမှာ ငွေများကို ကြဲမြဲကြဲချနေခြင်းကြောင့် ငွေကြေး တောင်းရမ်းသူနှင့် အပျော်တမ်း ငွေကောက်နေ သူများ ပိုမို များပြား လာရခြင်း ဖြစ်ကြောင်း အဆိုပါ ဂေါပကအဖွဲ့ထံမှ သိရသည်။
“၂ နှစ်လောက် ရှိပြီ။ တောင်းတဲ့လူတွေနဲ့ အပျော်တမ်း ကောက်သူတွေ များလာတယ်။ မနက်ဖြန်က စပြီး ဖယ်ရှားမှာပါ။ ကလေးတွေကို မိဘနဲ့ ဆက်သွယ်ပြီး ပြန်အပ်မယ်။ နယ်ဝေးက လူတွေကို ပြန်လွှတ်မယ်” ဟု တောင်ပြုန်းပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်ဝင်းက ဆိုသည်။
အဆိုပါ ရွေ့လျား တောင်းစားသူများမှာ ချောက်၊ ရေနံချောင်း၊ မင်းဘူး၊ မကွေး၊ မိတ္ထီလာစသော နယ်ဝေး များမှ အုပ်စုလိုက်ရောက်ရှိလာခြင်းဖြစ်ပြီး ပွဲတော်အတွင်း လစ်လပ်နေရာများတွင် ယာယီတဲထိုးကာပွဲတော် ပြီးသည်အထိ တောင်းရမ်းကြကာ ယင်းတောင်ပြုန်း ပွဲတော်ပြီးပါက ရတနာ့ဂူနတ်ပွဲ၊ ပခန်းမင်းကြီးပွဲ စသဖြင့် ပွဲများသို့ လှည့်လည်တောင်းရမ်းကြကြောင်း အဆိုပါ တောင်းရမ်းသူများထံမှ စုံစမ်းသိရှိရသည်။
“ယောက်ျားကအုတ်သယ်တဲ့ကားမှာအလုပ်လုပ်တယ်။ ကားပေါ်ကလိမ့်ကျပြီးလက်ကျိုးသွားတော့ကလေး

နှစ်ယောက်နဲ့လုပ်ကိုင်မစားတတ်လို့၊ကျောင်းတော်ရာကလာတောင်းတဲ့အဖွဲ့က ခေါ်လို့လိုက်လာတာ။
ကျောင်းတော်ရာအဖွဲ့မှာ လူ ၂၀ ကျော်
ပါတယ်။ မနေ့က ၁၈၀၀ ရတယ်” ဟု မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကုမြို့နယ်ရှိ ကျောင်းတော်ရာမှ လာရောက် တောင်းရမ်းနေသူ အသက် ၃၀ ကျော် အရွယ် ဒေါ်ကြည်က ဆိုသည်။
ပွဲတော်အတွင်းသို့အနာကြီးရောဂါဝေဒနာရှင်များလာရောက်တောင်းရမ်းပါက၎င်းတို့ကိုနေရပ်သို့မဟုတ် ဆေး ရုံ ဆေးခန်းများသို့ ပို့ဆောင်ပေး ကြောင်း ယင်းပွဲတော် တာဝန်ရှိသူက ဆက်လက် ရှင်းပြသည်။
မတ္တရာမြို့နယ် နံ့သာမြိုင် အနာကြီးရောဂါ ဝေဒနာရှင်များအတွက် ထားရှိသောရွာမှ အနာကြီး ဝေဒနာရှင် အများစု ပါဝင်သော လူ ၅၀၀ ဦးခန့်သည် ပွဲတော်အတွင်း မဝင်ရသဖြင့် ပွဲတော်အပြင် ကားလမ်းဘေး လယ်ကွင်းများတွင် တဲထိုး၍ အုပ်စုလိုက် နေကြပြီး ယင်းကျေးရွာများရှိ ထမင်းရောင်းသူများက ၎င်းတို့ကို ပိုက်ဆံပေးသော်လည်း ထမင်းမရောင်းသဖြင့် နံ့သာမြိုင်ရှိဝေဒနာရှင်များအတွက် ရောင်းသော ထမင်းဆိုင် ကိုပါ ရွှေ့လာရကြောင်း၊ စားစရိတ်အဖြစ် တစ်ရက်လျှင် ၁၂၀၀ ကျပ် ရှိပြီး သြဂုတ်လ ၁၃ ရက်နေ့ အတွက်တောင်းရငွေသည် နေ့လယ်ပိုင်းခန့်အထိ ကျပ် ၂၀၀ ခန့်သာ ရသေးကြောင်း အဆိုပါကျေးရွာမှ အနာကြီး ဝေဒနာရှင် ဦးတင်ဇာလွင်က ပြောကြားသည်။
အဆိုပါ ဝေနာရှင်များထဲမှ ၅၀ ဦးခန့်သည် တောင်ပြုန်းပွဲပြီးပါက ရတနာ့ဂူပွဲသို့ ဆက်လက်အလှူခံထွက် မည် ဖြစ်ပြီး နယ်မြေဝေးခြင်း၊ နေထိုင်ရန်နေရာ မရှိခြင်းတို့ကြောင့် ဝေဒနာရှင် အများစုသည် ရတနာ့ ဂူသို့ မသွားရောက်နိုင်ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။
တောင်ပြုန်းပွဲတော် ကျင်းပရေး ကော်မတီ အနေနှင့် အနာကြီးရောဂါ ဝေဒနာရှင်များကို ပွဲတော် အတွင်းသို့ ဝင်ရောက်ခွင့် မပြုကြောင်းနှင့် နှစ်စဉ်တောင်ပြုန်းပွဲတွင် တောင်းရမ်းစားသောက်နေသူ ဦးရေ ၅၀၀ ကျော်မှ ၃၀၀၀ ခန့်အထိ ရှိပြီး တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားလာကြောင်း အဆိုပါဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
မိုးကြိုး (MDY)
The Voice Weekly

No comments:
Post a Comment