Thursday, August 15, 2013
လက်ပံတောင်းတောင်စီမံကိန်းလုံးဝရပ်ဆိုင်းပေးရေးအတွက် ဒေသခံများနှင့်အတူဆန္ဒပြခဲ့သော ဒေါ်နော်အုန်း လှအား ဒေသတည်ငြိမ်မှုကိုပျက်ပြားစေရန်လှုံ့ဆော်နေသူအဖြစ် အာဏာပိုင်ကစွပ်စွဲရာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၅၀၅(ခ)ဖြင့်တရားစွဲဆိုမည်ဖြစ်ကြောင်းမုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှရဲမှတ်တမ်းများတွင် ဖော်ပြ ထားသည်။ယင်းရဲမှတ်တမ်းများတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး အကြောင်းပြ လျက် ဒေသတွင်း တည်ငြိမ်မှုပျက်စေရုံသာမက အစိုးရကို အကြည်ညိုပျက်စေရန် ဥပဒေမဲ့ လူစုလူဝေးပြု လုပ်ခြင်း၊စီတန်းလှည့်လည်ခြင်းပြုလုပ်ခဲ့သူအဖြစ်ဒေါ်နော်အုန်းလှကိုစွပ်စွဲထားသည်ကိုလည်း တွေ့ရသည်။

၎င်းကို မုံရွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးညွန့်စိုးက တရားလိုပြုလုပ်၍ တိုင်တန်းထားခြင်း ဖြစ်သည် ဟု လည်း ရဲမှတ်တမ်းတွင် တွေ့ရသည်။ဒေါ်နော်အုန်းလှသည် ဒေသခံ ၁၅၀ ခန့်ကို ဦးဆောင်ကာ သြဂုတ် ၁၃ ရက်က မုံရွာမြို့ပေါ်တွင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး၊ အခြေခံဥပဒေပြင်ပေးရေး၊ ကြေးနီစီမံကိန်း ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့သည့် ရဲများအား အရေးယူပေးရေး စသည်တို့ကို တောင်းဆိုဆန္ဒပြခဲ့ရာ ၎င်းအပါအ၀င် ဆန္ဒပြသူ ၁၀ ဦးကို ရဲများက ဖမ်းဆီးခဲ့သည်။
သို့သော် ၎င်းတို့ကို ဖမ်းသွားသဖြင့် ဆန္ဒပြသူများက ရဲစခန်းရှေ့တွင် ဆက်လက်တောင်းဆိုမှုများပြု လုပ်နေရာ ရဲများက ဒေါ်နော်အုန်းလှမှအပ ဒေသခံရွာသူ ကိုးဦးကို ပြန်လွှတ်ပေးခဲ့ပြီး နောက် တစ်နေ့တွင်မူ ၎င်းကို ဆူပူအုံကြွအောင်လှုံ့ဆော်မှုဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ တရားစွဲရန် ပြင် ဆင်ခြင်းဖြစ်သည်။ ဒေါ်နော်အုန်းလှသည် ယင်းဆန္ဒပြပွဲ ပြုလုပ်ရန် သက်ဆိုင်ရာ အာဏာပိုင်တို့ထံ အကြိမ် ကြိမ် ခွင့်ပြုမိန့် တောင်းခံ ခဲ့သည်ဟုလည်း အဖမ်းမခံရမီက ပြောကြားခဲ့ဖူးသည်။
လက်ရှိတွင် မုံရွာအကျဉ်းထောင်၌ ဖမ်းဆီးခြင်းခံထားရပြီဖြစ်သည့် ဒေါ်နော်အုန်းလှက အဖမ်းမခံရ မီက ဒေသခံများကို “ကျွန်မတို့ ဆန္ဒပြဖို့၊ လိုအပ်ချက်တွေကို ဥပဒေဘောင်အတွင်းကနေ တောင်းဆိုဖို့၊ မှား ယွင်းနေတာတွေကို ထောက်ပြဖို့၊ သက်ဆိုင်ရာကို စာတင်ခဲ့တာ ကိုးကြိမ်ရှိခဲ့ပါပြီ။ ခွင့်ပြုချက်မရခဲ့ပါဘူး။ မရရင်လည်း ကျွန်မလုပ်သင့် တာကို ဆက်ပြီး လုပ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။
လက်ပံတောင်းတောင်ဒေသမှ အငြင်းပွားဖွယ်ကြေးနီစီမံကိန်းသည် နိုင်ငံသားအားလုံး၏အရေးဖြစ်သည်ဟု တက်ကြွ လှုပ်ရှားသူများဘက်မှ သုံးသပ်ပြောဆိုမှုများရှိသကဲ့သို့ အာဏာပိုင်များကလည်း လက်ပံတောင်း အရေးကိစ္စကို အကြောင်းပြ၍ ဒေသခံမဟုတ်သူများက ရွာသားများကို လာရောက် သွေးထိုးလှုံ့ဆော်နေ သည်ဟု တုံ့ပြန်ပြောကြား မှုများလည်း ရှိနေသည်။
Mizzima - News in Burmese
No comments:
Post a Comment