မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ တွင် ကင်ညာနှင့် မြန်မာနိုင်ငံ သား များ ဆုတံဆိပ်အများဆုံး ရရှိခဲ့ကြောင်းသိရှိရသည်။
၄၂ ကီလိုမီတာ မာရသွန်ပြိုင်ပွဲတွင် ကင်ညာနိုင်ငံသားများဖြစ်သည့် ကာရူကီနှင့် မူအန်ဒီတို့က ပထမနှင့် ဒုတိယဆုများရယူခဲ့ပြီး တတိယဆု ကို မြန်မာနိုင်ငံသား သောင်းအေးကရရှိခဲ့သည်။
၂ နာရီ ၂၇ မိနစ်ဖြင့် တတိယနေရာမှ ပန်းဝင်ခဲ့သည့်ကိုသောင်းအေးက “ကျွန်တော် တတိယဆုရရှိတဲ့အတွက်အတိုင်းမသိ ၀မ်းသာမိပါတယ်။ အဲဒီလောက်ရမယ်လို့လည်းမမျှော်လင့်ထားပါဘူး။ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာကလာရောက်ယှဉ်ပြိုင်တဲ့ ပွဲမို့ပါ” ဟု မြန်မာ့ခေတ်သို့ ပြောကြားသည်။
မြန်မာနိုင်ငံသား သောင်းအေးသည် ပထမဆုရခဲ့သည့်ကင်ညာနိုင်ငံသား ကာရူကီနှင့် ပန်းဝင်ချိန် ၁၀ မိနစ်သာကွာဟကြောင်း သိရသည်။ ၄၂ ကီလိုမီတာပြိုင်ပွဲတွင် အမျိုးသမီးများကိုလည်း အမျိုးသားများနှင့် အတူ တာလွှတ်ခဲ့ပြီး မြင့်မြင့်အေး(ပထမ)၊ ပပ(ဒုတိယ)နှင့်နီလာစန်း(တတိယ)တို့ အသီးသီးရရှိခဲ့သည်။
၁၀ ကီလိုမီတာ ပြိုင်ပွဲတွင် ကင်ညာနိုင်ငံသား ချားလ်ကစ်ကိုရစ်ကပထမနေရာဖြင့် ပန်းဝင်ခဲ့ပြီး ဒုတိယနေရာတွင် မြန်မာနိုင်ငံသားသိန်းနိုင်ဦး၊ တတိယနေရာတွင် မြန်မာနိုင်ငံသား မောင်ချက်တို့အသီးသီး ပန်းဝင်ခဲ့သည်။
အမျိုးသမီး၁၀ကီလိုမီတာပြိုင်ပွဲတွင် ဖြူဝါသက်(ပထမ)၊ခင်မာဆယ်(ဒုတိယ)နှင့် စောမာ လာနွယ် (တတိ ယ) တို့ အသီးသီးရရှိခဲ့သည်။ ၃၅ မိနစ် ၁၀ စက္ကန့်ဖြင့် ပထမဆုရခဲ့သည့် မဖြူဝါ သက်က“လာမယ့် ဆီး ဂိမ်းစ်ပြိုင်ပွဲမှာ ရွှေမှန်းထားပါတယ်” ဟု ပြောကြားသည်။
ယနေ့ နံနက် ၅ နာရီခန့်တွင် ရန်ကုန်မြို့၌ ကျင်းပသည့် ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင် ပွဲသို့ နိုင်ငံပေါင်း ၂၀ မှ နိုင်ငံခြားသား ၂၂၀ နှင့်မြန်မာနိုင်ငံသား ၈၀ တို့ ၀င်ရောက်ယှဉ်ပြိုင်ကြောင်းသိရှိရ သည်။
The Myanma Age

No comments:
Post a Comment