၉၄
ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးအသင်းမှ ဘောလုံးသမားအများစု ပါဝင်မည့် အသင်းသည်
လာမည့် ဇန်န၀ါရီ တတိယပတ်အတွင်း ရန်ကုန်မြို့တွင် ခြေစမ်းပွဲတစ်ပွဲ လာရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
“ခြေစမ်းပွဲက ဇန်န၀ါရီ ၂၁ (သို့မဟုတ်) ၂၂ ရက်မှာ ဖြစ်ပါမယ်။၉၄ ကမ္ဘာ့ဖလားချန်ပီယံအသင်းက နာမည်ကြီးတွေ ဆိုရင် ကာဖူး၊ ရောဘတ်တိုကားလို့စ်၊ ဘီဘတ်တို၊ ရိုမာရီယိုနဲ့ အခြားဘရာဇီး လက်ရွေးစင်ဟောင်းတွေ ရယ် နောက်ဂျာမနီအသင်း လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း လိုသာမာသီးယပ်စ်လည်း ပါလာမယ်လို့ သိရတယ်”ဟု ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးကပြောသည်။
ဘရာဇီးလက်ရွေးစင်ဟောင်းများ ပါဝင်မည့် အသင်းသည် ရန်ကုန်မြို့သို့ ဇန်န၀ါရီလ ၂၀ ရက်တွင် ရောက်ရှိ မည်ဖြစ်ကြောင်းနှင့် ၉၃ ငွေတံဆိပ်ရအသင်းမှ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းများ၊ လက်ရွေး စင်ဟောင်းများနှင့် လက်ရှိလက်ရွေးစင်အချို့ ပါဝင်မည့် (ညွန့်ပေါင်း)အသင်းနှင့် ခြေစမ်းပွဲတစ်ပွဲ ယှဉ်ပြိုင်ကစား မည်ဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ဒီဇင်ဘာ ၂၈ ရက်က ပြောသည်။
ဘရာဇီးလက်ရွေးစင်ဟောင်းများသည်ရန်ကုန်မြို့တွင်သုံးရက်ခန့်နေထိုင်စဉ်ကာလအတွင်း မြန်မာလူငယ်လေးများအတွက် ဘောလုံး
အားကစားနည်းများနှင့် ပတ်သက်၍ သင်ကြားပို့ချသွားရန်ရှိပြီးမြန်မာပရိသတ်များနှင့် ထိတွေ့မည့် အစီအစဉ် များလည်း ပါဝင်မည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူကဆိုသည်။ ၎င်းခြေစမ်းပွဲ ဖြစ်ပေါ်လာရန် အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဘရာဇီးသံရုံး၊ ဘရာဇီးဘောလုံး အဖွဲ့ချုပ်အပါအ၀င် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
7Day News Journal

No comments:
Post a Comment