အစ္စရေး အကျဉ်းထောင်တွင် ပါလက်စတိုင်းတစ်ဦး သေဆုံးပြီးနောက် ဂါဇာရှိ ဖာတာအဖွဲ့နှင့်ဆက် စပ်မှုရှိသည့် စစ်သွေးကြွအဖွဲ့ တစ်ဖွဲ့ က
ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် အစ္စရေးတောင်ပိုင်းသို့ ဒုံးကျည်ဖြင့်
ပစ်ခတ်ခဲ့သည်။ ယင်းသည် အပစ်အခတ်ရပ်စဲပြီးနောက် သုံးလကျော် အကြာတွင် ပထမဆုံး
ပစ်ခတ်မှုဖြစ်သည်။
အစ္စရေးတောင်ပိုင်း အက်ရှ်ကယ်လွန်မြို့စွန်ရှိ လမ်းမကို ပျက်စီးစေ ခဲ့သော တိုက်ခိုက်မှုအတွက် တာဝန်ရှိသည်ဟု ဂါဇာစစ်သွေးကြွ အဖွဲ့တစ်ခုဖြစ်သော Al Aqsa Martyrs Brigades က အခိုင်အမာ ထုတ်ပြန်ခဲ့သည်။ အစ္စရေးအကျဉ်းထောင်တွင် ထိန်းသိမ်းခံရစဉ်အတွင်း အကျဉ်းသား တစ် ဦး သေဆုံးမှု (သို့မဟုတ်) အန္တရာယ်ပြုခံရမှုရှိပါက လက်တုံ့ ပြန်မည်ဟု ဂါဇာရှိစစ်သွေးကြွများက ပြီးခဲ့သည့် သီတင်း ပတ်တွင် သတိပေးခဲ့သည်။
"ဂျရာဒတ်ဟာ အကျဉ်းသားအဖြစ်နဲ့ အကျဉ်းထောင်ထဲ သွားခဲ့ပြီး အလောင်းကောင်တစ်ခု အဖြစ် ပြန်လာ ပါတယ်။ ဘယ်လိုကြောင့်သေဆုံးခဲ့ရပြီး ဘယ်သူလုပ်ခဲ့တယ်ဆိုတာကို ဖော်ထုတ်ပြီး ဆုံးဖြတ်ရပါမယ်" ဟု ပါလက်စတိုင်းသမ္မတ မာမွတ်အဘားစ်က ပြောကြားခဲ့သည်ဟု WAFA သတင်းဌာန တွင် ဖော်ပြခဲ့သည်။
ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် အက်ရှ်ကယ်လွန်ရှိ လမ်းမတစ်ခု ပျက်စီးခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရသူမရှိခဲ့ကြောင်း အစ္စရေးရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ နိုဝင်ဘာလက ဖြစ်ပွားခဲ့သည့် ကျောက်တုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတစ်ခုတွင် ပါဝင်သည်ဟု သံသယရှိမှုဖြင့် အာရဖတ်ဂျရာဒတ်ကို အစ္စရေးပြည်တွင်း လုံခြုံရေးအဖွဲ့က ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည်။ ယင်းသို့ဖမ်း ဆီးပြီး ငါးရက်အကြာတွင် ဂျရာဒတ် သေဆုံးခဲ့ခြင်းဖြစ်သည်။
ဂျရာဒတ် သေဆုံးပြီးမှုကြောင့် အနောက်ဘက်ကမ်းခြေတစ်လွှားတွင် ဆူပူအုံကြွမှုများ ဖြစ်ပေါ်ခဲ့သည်။ သူ၏အလောင်းကို ခွဲစိတ်စစ်ဆေးရာမှ ရရှိသည့် ကနဦးရလဒ်များအရ ၎င်းသည် ညှဉ်းပန်းနှိပ်စက် ခံရမှုကြောင့်သေဆုံးခဲ့ရသည်ဟု ပါလက်စတိုင်း အကျဉ်းသားများရေးရာ ၀န်ကြီးအစ္စာကာရာကား က ပြော ကြားခဲ့သည်။
ပါလက်စတိုင်းသမ္မတ မာမွတ်အဘားစ်၏ ဖာတာပါတီ၏ အခွဲဖြစ်သည့်Al Aqsa Brigades လက်နက် ကိုင်အဖွဲ့က အဆိုပါဖြစ်စဉ်အတွက် လက်တုံ့ပြန်သွားမည်ဟု ဟေဘွန်းမြို့အနီး တွင် ပြုလုပ် ခဲ့သည့် ဂျရာဒတ်၏ ဈာပနတွင် ပြောကြားခဲ့သည်။
အစ္စရေးအကျဉ်းထောင်တွင် ပါလက်စတိုင်းနိုင်ငံသားတစ်ဦးသေဆုံးခဲ့မှုအတွက် တစ်သီးပုဂ္ဂလ စုံစမ်းထော က်လှမ်းရန်အတွက် ကုလသမဂ္ဂက တိုက်တွန်းခဲ့သည်။ ပါလက်စတိုင်းကလည်း ဂျရာဒတ်သေ ဆုံးမှုနှင့် ပတ်သက်ပြီး တစ်သီးပုဂ္ဂလ စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးရန် ကုလသမဂ္ဂသို့ စာရေးတောင်း ဆိုခဲ့သည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် အစ္စရေးနှင့် ပါလက်စတိုင်းအကြား ရှစ်ရက်ကြာ ထိပ်တိုက်ရင်ဆိုင် မှုများ ဖြစ် ခဲ့ပြီးနောက် သုံးလအကြာတွင် ယခုကဲ့သို့သော တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့သည်။ ရှစ်ရက်ကြာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်းတွင် စစ်သွေးကြွများက အစ္စရေးဘက်သို့ ဒုံးကျည်တစ်ထောင်ကျော်ဖြင့် ပစ်ခတ်ခဲ့ပြီး အစ္စရေးဘက်ကလည်းလေကြောင်းတိုက်ခိုက်မှု ပြန်လည်ပြုလုပ်ခဲ့သည်။
ယင်းတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းနိုင်ငံသား ၁၇၇ ဦးနှင့် အစ္စရေးနိုင်ငံ သားခြောက် ဦး သေဆုံး ခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူ ညီမှုရရှိခဲ့သည်။ ဓာတ်ပုံ - အနောက်ဘက်ကမ်းခြေမြို့ ဟီဘရွန်မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းတွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပါလက်စတိုင်းတို့ကကျောက်တုံးဖြင့် ပစ်ခတ်နေမှုကို ရင်ဆိုင်နေကြသော အစ္စရေးလုံခြုံရေး တပ်ဖွဲ့ဝင်များ
Ref:AFP
Eleven Media Group

No comments:
Post a Comment