Wednesday, July 25, 2012
ခရိုနီများရဲ့ ရှေ့ခရီး (မောင်ဝံသ)
ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာဖော်ပြခဲ့တဲ့ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။
အဘရာမိုဗစ်ခ်ျ မားဒေါ့ တက်ဆင်
ရုရှားနိုင်ငံက ခေတ်ပျက်သူဌေး၊ ချယ်လ်ဆီး ဘောလုံးအသင်းကို ၀ယ်ပြီး နာမည်ကြီးအောင်လုပ်ခဲ့သူ အဘရာမိုဗစ်ခ်ျအကြောင်း ကျွန်တော် နှစ်ကြိမ် သုံးကြိမ်လောက် ရေးခဲ့ဖူးတယ်။
အာဏာရသူတွေနဲ့ တည့်အောင်ပေါင်းပြီး သတင်းမီဒီယာလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်၊ အဲဒီနောက် ပိုက်ဆံရရင် ပြီးရောဆိုပြီး လူပြိန်းပရိသတ်အကြိုက်သတင်းတွေနဲ့ လုပ်စားနေတဲ့ သြစတြေးလျပြည်ပေါက် သတင်းစာသူဌေးကြီး ရုပတ်မားဒေါ့ အကြောင်းလည်း ကျွန်တော် သုံးလေးကြိမ်ထက်မနည်း ရေးခဲ့ပြီးပြီ။
ဒါတင်မက ပြည်သူ့ဘဏ္ဍာတွေကို တစ်ဖက်လှည့်နဲ့ သုံးစွဲပြီး ဆင်းရဲသားတွေ ကောင်းစားရေးလုပ်ပေးတယ်လို့ နာမည်ကောင်းယူကာ နိုင်ငံရေးလုပ်စားခဲ့တဲ့ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ပြုတ် တက်ဆင်အကြောင်းကိုလည်း အကျယ်တ၀င့် ရေးခဲ့သေးတယ်ဗျာ။
အဲသလို ရေးခဲ့တာတွေဟာ ကျွန်တော်တို့ဆီမှာလည်း အလားတူ ဇာတ်ကောင်တွေ ရှိနေခဲ့ ရှိနေဆဲ ဖြစ်တယ်ဆိုတာ ပြောချင်လို့ပဲဗျ။ အဲသလိုလူတွေ မရှိပါဘူးလို့ ဘယ်သူမှ ငြင်းမယ်မထင်ပါဘူး။ ငြင်းလာရင်လည်း ကျွန်တော်က အဲဒီလူကို နားရွက်ဆွဲပြီး လှည့်ပြမယ်ဗျာ။
ပွပေါက်တိုးခဲ့တယ်ဆိုတာ
အဘရာမိုဗစိခ်ျလို ခေတ်ပျက်သူဌေးတွေဟာ ခေတ်ပြောင်းချိန် စပ်ကူးမတ်ကူးကာလမှာ ပေါ်ခဲ့တာပဲဗျ။ သူတို့လိုလူတွေဟာ ပင်ကို အရည်အချင်းကြောင့် ချမ်းသာလာတာပါလို့ ဘုရားစူးကျိန်ပြောရင်တောင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။ သူတို့ ပွပေါက်တိုးခဲ့တာဟာ ပွပေါက်ကို ချပေးတဲ့ အာဏာရှိသူနဲ့ ပေါင်းစားခွင့် ရခဲ့လို့သာ ဖြစ်တယ်။ အဘရာမိုဗစ်ခ်ျဆိုရင် ရေနံလုပ်ငန်းကို အခွင့်ထူးခံလုပ်ကိုင်ခွင့်ရခဲ့ရာက ပွပေါက်တိုးခဲ့တာပဲဗျ။
ဒီလိုလူမျိုးတွေဟာ နိုင်ငံအတော်များများမှာ ရှိတတ်ပါတယ်။ အာဏာရှိသူတွေနဲ့ ပေါင်းစားပြီး ကြီးပွားလာသူတွေကို ခရိုနီ (crony) လို့ ခေါ်တဲ့ စကားလုံးတောင် တွင်ကျယ်နေတာကြာပြီကောဗျာ။
ခရိုနီတွေကို ဆက်အသုံးချမလား
တောင်ကိုရီးယားနိုင်ငံ စီးပွားရေးတိုးတက်လာတာ ရှေးဘိုးလ် (ဃ့နေဘသူ) လို့ ခေါ်တဲ့ အစိုးရက အားပေးထောက်ပံ့မှုနဲ့ ငွေကြေး အင်အားတောင့်တင်းသွားသူ ခရိုနီများရဲ့ ကျေးဇူးကြောင့်လို့ဆိုကာ မြန်မာနိုင်ငံ စနစ်ပြောင်း ခေတ်ပြောင်းချိန်မှာ ခရိုနီများကို ဆက်လက်အသုံးချ သင့်တယ်လို့ ယုံကြည်သူတချို့လည်း ရှိတယ်ဗျ။
ထင်ရှားတဲ့ ပညာရှင်တစ်ဦးက လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း အလားတူ အယူအဆမျိုးကို ထုတ်ဖော်ပြောဆိုလိုက်ချိန်က ပြည်သူတွေ ကြားထဲမှာ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ ငြင်းခုံခဲ့ကြတာ ကျွန်တော် သတိထားမိခဲ့တယ်။ ပညာဒါန သတင်းပညာ သင်တန်းကလေးတစ်ခု ဖွင့်ထားတဲ့ ကျွန်တော်လည်း ကျွန်တော့် သင်တန်းသားတွေနဲ့ ဒီကိစ္စ ဆွေးနွေးဖြစ်ခဲ့သေး တယ်ဗျ။ အဲဒီမှာ ထုံးစံအတိုင်း သဘောထားတွေ ကွဲပြားခြားနားကြ တော့တာပါပဲ။ တစ်ယောက်တစ်ပေါက် ပြောဆို ငြင်းခုံနေကြတာကို ရပ်နားခိုင်းပြီး လက်ညှိးထောင် မဲခွဲလိုက်တဲ့အခါ ခရိုနီတွေကို ဆက်လက် နေရာပေးပြီး အသုံးချသင့်တယ်ဆိုတဲ့ ဘက်က နိုင်သွားတယ်။ သင်တန်းသား ၂၀ မှာ ခရိုနီတွေဘက်က ၁၀ ယောက်၊ ခရိုနီဆန့်ကျင်သူ ၆ ယောက်၊ ကြားနေသူ ၄ ယောက် တွေ့ရတယ်ဗျာ။
ပါလီမန်အစိုးရခေတ်ကလည်း
ကျွန်တော့်အနေနဲ့ ခရိုနီရာဇ၀င်ကို နောက်ကြောင်းနည်းနည်း ပြန်ကြည့်တဲ့အခါ လွတ်လပ်ရေးရပြီးချိန်၁၉၄၈ ကစလို့ ၁၉၆၂ခုနှစ် ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်းချိန်အထိ ပါလီမန်ဒီမိုကရေစီအစိုးရ ခေတ်တုန်းကလည်း ခရိုနီဆန်ဆန် ]]ကိုယ့်လူကိုယ်ကြည့်}}ပြီး အခွင့်ထူး တွေပေးခဲ့တာပဲဆိုတဲ့အချက်ကို တွေ့ရတယ်ဗျ။ အဲဒီတုန်းက လိုင်စင်ခေတ်လို့ ခေါ်တာတောင် ကျွန်တော် မှတ်မိသေးတယ်။ အာဏာရှိသူတွေနဲ့ အလွမ်းသင့်သူတွေကို အငိပို့လိုင်စင်၊ အိပ်စပို့လိုင်စင်ဆိုတာတွေ ထုတ်ပေးတယ်။ အဲဒီကနေ လိုင်စင်ရောင်းစားတဲ့ လူတန်းစားပေါ်လာတာပါပဲ။
လိုင်စင်ပြန်အပ်တဲ့ သခင်လေးမောင်
ကွယ်လွန်လေပြီးတဲ့ နိုင်ငံရေးသမားကြီး သခင်လေးမောင်အကြောင်း ပြန်ပြောသူတချို့က သခင်လေးမောင်ကို ဖဆပလအစိုးရက ကြည့်ရှုတဲ့အနေနဲ့ လိုင်စင် တစ်သိန်းဖိုး ချပေးတာကို လက်မခံဘဲ ပြန်အပ်တဲ့အကြောင်း အလေးထားပြီး ပြောကြတယ်။ အဲဒီခေတ်က လိုင်စင်တစ်သိန်းဖိုးရသူဟာ ပြန်ရောင်းမယ်ဆိုတာနဲ့ ကုလားကုန်သည်တွေက ငွေသားတစ်သိန်းပေးပြီး စာရွက်လာယူတော့တာပဲတဲ့။ (အဲဒီတုန်းက တရုတ်တွေက သိပ်မစွာသေးဘူး။ မြန်မာပြည်စီးပွားရေးမှာ ကုလားကုန်သည်တွေက ဖျံအကျဆုံး။ အင်ပို့ အိပ်စပို့ကို ကုလားတွေ ချုပ်ကိုင်ထားတာ များတယ်။)
ယူခဲ့သူတွေကိုလည်း မရှုတ်ချ
ငါးသောင်းဆုပေါက်ရင်တောင် သူဌေးလို့ အခေါ်ခံရတဲ့ခေတ်မှာ ငွေတစ်သိန်း အလကားရသလို ရမှာကိုတောင် လက်မခံတဲ့ သခင်လေးမောင် ဟာ တစ်သက်လုံး ဆင်းဆင်းရဲရဲ နေသွားရပေမယ့် သူ့ရဲ့ ရပ်တည်ချက်ကို သိသူတိုင်းက အလေးမပြုဘဲ မနေနိုင်ခဲ့ပါဘူး။
သို့သော် သခင်လေးမောင်ကြီး လိုင်စင်တစ်သိန်းဖိုး ပေးတာကို မယူဘူးတဲ့ဟေ့ဆိုတဲ့ ဂုဏ်ပြုစကားသံတွေ ကျန်ခဲ့သလို လိုင်စင်တွေ ရအောင်ယူ၊ ရောင်းစားပြီးတော့ ကြီးပွားခဲ့ကြတဲ့ နိုင်ငံရေးသမားတွေလည်း မနည်းမနော ရှိခဲ့ပေမယ့် ဘယ်သူဘယ်ဝါတွေကတော့ လိုင်စင်ရောင်းစားပြီး ကြီးပွားခဲ့ကြ တာပဲလို့ ဘယ်သူကမှ မှတ်မှတ်ရရ မရှုတ်ချခဲ့ကြတာကိုလည်း သတိထားစရာ ပဲဗျ။
ကြိတ်ပြီးအားကျနေခဲ့ကြ
ကျွန်တော်ပြောချင်တာက လူတွေဟာ အခွင့်ထူးခံစနစ်ကို မကြိုက်ဘူးဆိုပေမယ့် အခွင့်ထူးခံခွင့်ရနေသူတွေကို စိတ်ထဲက ကြိတ်ပြီး အားကျနေတဲ့သဘော ရှိတယ်။ အခွင့်ထူးမခံတဲ့ သခင်လေးမောင်လို ပုဂ္ဂိုလ်ကို ချီးကျူးလေးစားပေမယ့် အားမကျဘူး။ မိမိကို အခွင့်ထူးလာပေးရင် မယူဘဲ နေမယ့်သူ အရှားသားဗျာ။ ဒါကြောင့် ဒီနေ့ခေတ် လူငယ်အချို့က နာကျည်းသံနဲ့ ရယ်စရာလိုလို အတည်လိုလို ပြောတတ်တာ ကြားဖူးတယ်။ ``ကြီးလာရင် ဘာဖြစ်ချင်လဲ´´ ``မြန်မာပြည်မှာ အချမ်းသာဆုံး ခရိုနီတစ်ယောက် ဖြစ်ချင်တယ်´´
မေတ္တာမွန်နဲ့ ပဒုမ္မာဆိုင်ခေတ်
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ မေတ္တာမွန်တို့ ပဒုမ္မာဆိုင်တို့ ဆိုတာ ရှိခဲ့ဖူးတယ်။ အခွင့်ထူးခံတွေ ကုန်ဝယ်စာအုပ်ကိုယ်စီရပြီး အဲဒီဆိုင်တွေမှာ အလကားနီးနီး သက်သာတဲ့ ဈေးနှုန်းနဲ့ လူသုံးကုန်ရော ဇိမ်ခံပစ္စည်းတွေရော ၀ယ်ခွင့်ရကြတယ်။ သာမန်ဝန်ထမ်းနဲ့ ပြည်သူတွေက ပြည်သူ့ဆိုင်မှာ ချွေးတလုံးလုံးနဲ့ တိုးဝှေ့ပြီး မ၀ရေစာ စားသောက် နေထိုင်ကြရတယ်။ ကျွန်တော်ကြည်ညိုလေးစားတဲ့ နိုင်ငံရေးသမားကြီး သခင်ဝတင်က နိုင်ငံ့ဂုဏ်ရည်ပထမဆင့်ချီးမြှင့်ခံရသူတွေကို ထုတ်ပေးတဲ့ ပဒုမ္မာဆိုင် ကုန်ဝယ်စာအုပ်ကို သံသေတ္တာထဲ သော့ခတ် သိမ်းထားတယ်။ ကျွန်တော့်ကို ထုတ်ပြပြီး ဘာပစ္စည်းမှ ထုတ်မထားတာကို သက်သေထူတယ်။ သခင်ဝတင်မိသားစုဟာ ရပ်ကွက်ပြည်သူ့ဆိုင်နဲ့ သမ၀ါယမဆိုင်ကပဲ အများနည်းတူ ၀ယ်စားပါတယ်။ ``နိုင်ငံရေးသမားဆိုတာ ပြည်သူတွေနဲ့ တစ်လှေတည်းစီး တစ်ခရီတည်းသွားနေသလိုပဲ နေထိုင်နိုင်ရမယ်။ ကိုယ်နဲ့ လှေတစ်စီးတည်း အတူတူပါလာတဲ့လူတွေ ငတ်ပြတ်နေချိန်မှာ ကိုယ်တစ်ယောက်တာည်း ထမင်းထုပ်ဖြည်စားနေတာမျိုး မလုပ်ရဘူးကွဲ့ မောင်ဝံသရဲ့ မှတ်ထား´´လို့ သခင်ဝတင် ပြောဖူးတာ နားထဲက မထွက်ပါဘူးဗျာ။
လူတန်းစားသစ် ဖတ်ရအပြီး
ကျွန်တော်ဟာ အဲသလို ဆရာကောင်းနဲ့ တွေ့ခဲ့တာ အတော် ကံကောင်းတယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မဆလခေတ်မှာ ပဒုမ္မာဆိုင်နဲ့ မေတ္တာမွန်ဆိုင်က အခွင့်ထူးခံ ပစ္စည်းဝယ်ခွင့်ဆိုတာ အဲဒီခေတ်ရဲ့ လူ့အဆင့်အတန်းပြ အမှတ်အသား status symbol တစ်ခုလို ဖြစ်နေ လေတော့ ကျွန်တော်တို့လို ``သကြားမရ ကားမရ´´အဆင့်တွေက အားကျမိခဲ့မှာ အသေအချာပေါ့ဗျာ။ သို့ပေမယ့် သခင်ဝတင်ရဲ့ သြ၀ါဒများကို ကြားနာရပြီး ယူဂိုဆလပ်နိုင်ငံရေးသမားကြီး မီလိုဗန်ဂျီးလပ်စ်ရဲ့ လူတန်းစားသစ် The New Class စာအုပ်ကို ဖတ်ရပြီးတဲ့နောက် ကျွန်တော့် စိတ်ထဲမှာ ထိုထိုသော အားကျစိတ်တွေ (အလုံးစုံမဟုတ်ရင်တောင်) အတော်များများ ကုန်ခန်းသွား ပါတယ်။
(ခက်ဆစ်အဓိပ္ပာယ်အဖြစ် ရှင်းပြရရင် သာမန်ပြန်တမ်းဝင် အရာရှိ အဆင့် ကျွန်တော်တို့ဟာ အောင်ခြေ ၀န်ထမ်းတွေကို အထူးနှုန်းနဲ့ ၀ယ်ခွင့် ပေးတဲ့ သကြားလည်း ၀ယ်ခွင့်မရ၊ ကျွန်တော်တို့ အထက်က ရွေးချယ်ခံ တန်းအဆင့် Selection Grade အရာရှိကြီးတွေလို ကားဝယ်ခွင့်လည်း မရတာကြောင့် သကြားမရ ကားမရ အဆင့်လို့ နာမည်တွင်ခဲ့ခြင်း ဖြစ်ပါတယ်)
ဘယ်လို ဆက်စခန်းသွားကြမလဲ
ခရိုနီလို့ တိတိကျကျ ပြောပလောက်အောင် ပီပြင်သူတွေ ပေါ်လာတာကတော့ န၀တလို့ ခေါ်တဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရနဲ့ နအဖလို့ ခေါ်တဲ့ နိုင်ငံတော်အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီအစိုးရခေတ်များမှာ ဖြစ်ပါတယ်။ သိပ်မကြာသေးတဲ့ ကာလများအတွင်း တိုင်းသူပြည်သားများရဲ့ မျက်စိအောက်မှာတွင် ကြီးထွားလာတဲ့ ခရိုနီများဟာ ရှေ့ခရီးကို ဘယ်လို ဆက်စခန်းသွားကြမှာလဲ။ နိုင်ငံခြားက ၀င်လာကြမယ့် ရင်းနှီးမြှုပ်နှံသူ အရင်းရှင်ကြီးတွေနဲ့ ဆက်ပြီး ပေါင်းစားကြဦးမှာလား။ တောင်ကိုရီးယားက ရှေးဘိုးလ် သူဌေးကြီးတွေလို မျိုးချစ်စိတ်ခံယူချက်နဲ့ အမျိုးသားစီးပွားရေးကို တွန်းတင်ကြမှာလား။ အခုအတိုင်းပဲ ဖဆပလခေတ်က လိုင်စင်ရောင်းစားခဲ့ကြ သလိုမျိုး ဆက်လုပ်နေကြမှာလား။ ကျွန်တော်ကတော့ အလွန်စိတ်ဝင်စားစွာ စောင့်ကြည့်နေမိကြောင်းပါဗျာ။
ဧရာဝတီ(Blog)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment