Thursday, July 26, 2012

မြ၀တီမြို့ ရွှေ ၂ ပိဿာ ဓားပြမှုမှာ ပါဝင်တယ်လို့ ယူဆရသူ ဘန်ကောက်မှာ ဖမ်းမိ


ကရင်ပြည်နယ် မြ၀တီမြို့ ဘုရင့်နောင်ဈေးနှင့် မျက်နှာချင်းဆိုင်တွင် ဖွင့်လှစ်ထားသော အင်ပါယာ ရွှေဆိုင် တဆိုင်ကို ပြီးခဲ့သည့် လ ၂၄ ရက်နေ့က ဓားပြ၀င်တိုက်ခဲ့သည်ဟု ယူဆရသူ တဦးကို ဖမ်းမိထားကြောင်း သိရသည်။

အခင်းဖြစ်ပွားခဲ့သည့်နေ့တွင် ဓားပြတိုက်သူများက လက်နက်များ ကိုင်ဆောင်၍ ရွှေဆိုင်အရှေ့ကို ကားဖြင့်ရောက်ရှိလာပြီး ရွှေ ဆိုင်မှ ရွှေ ၂ ပိဿာ ခန့် အပါ အ၀င် ဘတ်ငွေ နှစ်သိန်းနှင့် မြန်မာ ကျပ်ငွေ တချို့တို့ကို ဓားပြတိုက်ယူ ထွက်ပြေးသွားခြင်း ဖြစ် သည်။

တရားခံများကို ဖမ်းမိနိုင်ရန် ထိုင်းနှင့်မြန်မာ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ဓားပြတိုက်ခဲ့သူ ၃ ဦးထဲမှ တဦးဟု ယူဆရသူကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ထိုင်းရဲများက ဖမ်းဆီးမိခဲ့ကြောင်း၊ မဲဆောက် မြ၀တီ နယ်စပ် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားမှ တဆင့်မြန်မာအာ ဏာပိုင်များလက်ထဲသို့ လွှဲပြောင်းပေးလိုက်ပြီး ဖြစ်ကြောင်း သိရသည်။

တရားခံဟု ယူဆရသူသည် အသက် ၂၈ အရွယ် ကိုလင်းကို လွှဲပြောင်းလက်ခံခဲ့သည့် မြ၀တီ မြို့နယ် ရဲအရာတဦးက“ တယောက် ကို မိထားပြီးဆိုတော့ မကြာခင်မှာ ကျန်တဲ့ လူတွေကိုလည်း ဖမ်းဆီးဖော် ထုတ်နိုင်မှာပါ”ဟု ထိုင်းနိုင်ငံဘက်ရှိ သတင်းထောက်များ ကို ပြောကြားသည်။

ယခုနှစ် ဇူလိုင်လကလည်း ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် အတွင်း မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာ ပြဿနာများကို ပူးတွဲဖြေ ရှင်းနိုင်ရန် ထိုင်းနယ်စပ်ရေးရာ တာဝန်ရှိသူများနှင့် မြ၀တီခရိုင်မှ အစိုးရတပ် ခေါင်းဆောင်များက မဲဆောက်မြို့တွင် တွေ့ဆုံ ဆွေး နွေးခဲ့ကြသည်။

နယ်စပ် ယစ်ဆေးဝါး ပြဿနာများ၊
နှစ်နိုင်ငံ အငြင်းပွားနေသည့် ရေလယ်ကျွန်း ရှင်းလင်းရေး ဆောင်ရွက်ရန်၊
ကူးစက်ရောဂါများ တားဆီးရေး
စသည်တို့ကို အဓိကထားပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ထိုင်းဘက်မှ ထိုင်း-မြန်မာနယ်စပ် ကော်မတီ ဥက္ကဋ္ဌ၊ အမှတ် (၄) ဒေသ ကွပ်ကဲရေးတာဝန်ခံ ဗိုလ်မှူးကြီး အူကရစ် နို့ခမ်းဟင်နှင့် မြန်မာဘက်မှ မြ၀တီမြို့ နယ်စပ်ရေးရာ ယာယီတာဝန်ခံ ဗိုလ်မှူး ဖြိုးဝေအောင်တို့ ဦးဆောင် တက်ရောက်ကြသည်။

၂၀၁၀ ပြည့်နှစ် ဇွန်လကလည်း မြ၀တီမြို့နယ်တွင် ယခုကဲ့သို့ ရွှေဆိုင် ဓားပြတိုက်မှု ဖြစ်ပွားခဲ့သည်။ တရားခံ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးသော ထိုအမှုဖြစ်ပွားစဉ်က ရွှေ ၅၀ ကျပ်သား ခန့် ပါသွားခဲ့သည်ဟု သိရသည်။

ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List