Thursday, August 16, 2012
စွမ်းဆောင်ရည်များ တည်ဆောက်မြှင့်တင်ကြရာဝယ်
Programme for Capacity Building (စွမ်းဆောင်ရည် တည်ဆောက်ခြင်း အစီအစဉ်) သင်တန်းကို စ,တက်ရတယ်။ သင်တန်းရဲ့ကာလက ခြောက်လ သင်တန်း။ တနေ့ လေးနာရီ၊ တပတ် နှစ်ရက်…။
“အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ဖြစ်ဖို့နဲ့ လူ့အဖွဲ့အစည်းကို အားကောင်းလာအောင် လုပ်ပေးတဲ့ ကိစ္စရပ်တွေမှာ တဦးချင်း ဒါမှ မဟုတ် အဖွဲ့အစည်းတခုရဲ့ ပါဝင်ဆောင်ရွက်နိုင်မှု စွမ်းရည်တွေကို မြှင့်တင်ပေးနိုင်ဖို့” လို့ သင်တန်းရဲ့ ရည်ရွယ်ချက် ရေးထားတာ တွေ့ရ တယ်။ ကိုယ်တို့ တိုင်းပြည်ရဲ့ ရှေ့ဆက်သွားရမယ့် လမ်းကြောင်းမှာ စွမ်း ဆောင်ရည် တည်ဆောက် မြှင့်တင်ခြင်း (Capacity Building) နဲ့ လူမှုအခြေပြု လူ့အဖွဲ့အစည်း (Civil Society) ဆိုတဲ့ ကဏ္ဍနှစ်ခုရဲ့ အရေးပါမှုဟာ အခရာကျတယ်လို့ အလေးအနက်ထား စဉ်းစားနေမိတဲ့ ကိုယ်လို လူတယောက်က ဒီလိုသင်တန်းမျိုးကို တက်ခွင့်ရလိုက် ခြင်းဟာ… ‘တိုင်းယက်ထားတဲ့ ကမ္ဗလာ မိုးရွာတာနဲ့ အသင့်’ ဆိုသလို တ ကယ့် ကိုဝမ်း သာစရာပါပဲ။
အင်္ဂလိပ်စာ Four Skills (အရေး၊ အဖတ်၊ အပြော၊ နားထောင်) နဲ့ ပတ်သက်ပြီး အရေးနဲ့အဖတ်ကို အတိုင်းအတာ တခုအထိ အားရပေ မယ့် အ ပြောနဲ့နားထောင်တာမှာ ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်နေတဲ့ ကိုယ်က Native Speaker တွေက အင်္ဂလိပ်လို ပြောပြီး သင်မှာဆို တာ သိရတဲ့အတွက် အပြောနဲ့ နားထောင်ခြင်းကို လေ့ကျင့်ဖို့ အခွင့်အရေးရပြီ ဆိုပြီး ကြိတ်ပျော်မိနေသေးတယ်။
သင်တန်းချိန် ၁ဝ နာရီ မထိုးခင် ၁၅ မိနစ်အလိုမှာပဲ ကိုယ် ရောက်သွားတယ်။ သင်တန်း စ,စချင်းပဲ သင်မယ့်ဆရာက “စိတ်လှုပ်ရှားနေလား၊ ပျော်နေလား၊ ကြောက်နေလား၊ အရမ်း စိတ်အား ထက်သန်နေလား” ဆိုတဲ့ မေးခွန်းလေးခုမေးပြီး အခန်းရဲ့ ထောင့်လေးခုကို နေရာခွဲပေး တယ်။ စိတ်လှုပ်ရှားနေရင် ဒီထောင့်မှာနေ၊ ပျော်နေရင် ဟိုထောင့်မှာ သွားရပ် ဆိုတာမျိုးပေါ့။ ကိုယ်ကတော့ “စိတ်အားထက်သန်နေတယ်” ဆိုတဲ့ဘက်မှာ သွားရပ်လိုက်တယ်။
စိတ်ထဲမှာ ဘယ်သူတွေ ဘာဖြစ်နေတယ် ဆိုတာကို အကြမ်းဖျဉ်း သိရပြီးတဲ့နောက်မှာ ဆရာကနောက်ထပ်မေးခွန်းတခုထပ်မေးတယ်။ “နိုင်ငံရဲ့ အနာ ဂတ်အတွက် သဘာဝ ပတ်ဝန်းကျင်က ပိုအရေးကြီးတယ် ထင်သလား၊ ကလေး တွေက ပိုအရေးကြီးတယ် ထင်သလား” တဲ့။ ပြီးတော့ အဖြေပေါ် မူတည်ပြီး အခန်းရဲ့ ထောင့်နှစ်ခုမှာ လူခွဲရပ်ခိုင်းပြန်တယ်။ အားလုံး ထင်ထားကြတဲ့ အတိုင်းပါပဲ ကလေးတွေက ပိုအရေးကြီးတယ် ဆိုတဲ့ဘက်မှာ လူက များနေတာပေါ့၊ ကိုယ် အပါအဝင်လေ။ ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းကို ထပ်မေးတော့ ဒီလိုပဲ တယောက်တပေါက်ဝိုင်း ဖြေကြတဲ့အခါ ကိုယ်ကလည်း တိုင်းပြည်ရဲ့ အနာဂတ် ကို ကလေးတွေရဲ့လက်ထဲ အပ်ခဲ့ရမှာ၊ကလေးတွေကိုအရည်အချင်းရှိအောင်ပျိုးထောင် နိုင်ကြမှ တိုင်းပြည်ရဲ့အနာဂတ် လှမှာ ဆိုပြီး ကိုယ့်အမြင်တွေကို ပြောပြလိုက်တယ်။ သဘာဝပတ်ဝန်းကျင်ကပိုအရေးကြီးတယ်ဆိုတဲ့ဘက် က သူတွေကလည်း သဘာဝပတ်ဝန်း ကျင်ကြီး ပျက်စီးနေပြီး ရာသီဥတုတွေဖောက်ပြန်နေမယ်ဆိုရင် ကလေးတွေ ဘယ်လိုလုပ် စာသင်နိုင်မလဲ၊ ဘယ်လိုလုပ် လုံခြုံမှုရှိမလဲ ဆိုတာတွေကို ပြောပြတယ်။ စဉ်းစား တွေးတောစရာတွေ အများကြီး ရခဲ့ပါတယ်။
သင်တန်းက အခန်းထဲမှာ ဟိုဘက်ထောင့်ပြေးလိုက်၊ ဒီဘက်ထောင့် ပြေးလိုက်၊ ဦးနှောက်ကို အလုပ်ပေးလိုက်နဲ့ မနားရအောင် ဖြစ်နေ ချိန်မှာ ပဲသင်တန်းဆရာက အငြင်းပွားစရာ မေးခွန်းတခုကို ထပ်တင်လိုက်ပြန်တယ်။ အခန်းရဲ့ အလယ်မှာ မျဉ်းတကြောင်း ဆွဲလိုက်ပြီး အမျိုးသား နဲ့ အမျိုးသမီးမှာ ‘အမျိုးသမီးတွေက ပိုပြီးထက်မြက်တယ်’ လို့ ယူဆရင် ရှေ့ဆုံးမှာနေပါ၊ ‘အတူတူပဲ’ လို့ထင်ရင်အလယ်မှာနေပါ၊ ‘အမျိုးသား တွေက ပိုထက်မြက်တယ်’ လို့ မြင်ရင်တော့ အနောက်နားမှာ နေပါတဲ့။ ဆရာရဲ့မေးခွန်းကို ကြားအ ပြီးမှာ ကိုယ်တို့အားလုံးလဲ ပြုံးစိစိ ဖြစ်သွား ကြပြီး နေရာ ယူလိုက်ကြတော့ အလယ်ဘက်မှာပဲ စုပြုံနေကြတာကို တွေ့ရတယ်။
ဆရာက ကိုယ့်ကို ဘာလို့ အလယ်မှာ ရပ်တာလဲ လို့ မေးတော့ လူတယောက်ရဲ့ ထက်မြက်ခြင်း၊ မထက်မြက်ခြင်းဟာယောက်ျား၊ မိန်းမ ဆိုတဲ့ Gender (လိင်) ကွဲပြားမှုနဲ့ မဆိုင်ဘူး၊ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ကြိုးစားအားထုတ်မှု ရှိတဲ့သူက ထက်မြက်မှာပဲလို့ ကိုယ့်ရဲ့အမြင်ကို ပြောလိုက်တယ်။ ကိုယ်တို့ရဲ့ မိရိုးဖလာ ယဉ်ကျေးမှုအရ အိမ်ထောင် ရှင်မ ဖြစ်သွားကြတဲ့ အမျိုးသမီးတွေဟာ ဘဝကို မီးဖို ချောင်ထဲမှာ ထ မင်းဟင်းချက်ရင်း၊ ကလေးပုခတ်လွှဲရင်း ကုန်ဆုံး လိုက်ကြရတာမျိုးတွေ ရှိနေဆဲ ဆိုပေမယ့် အခုခေတ်မှာတော့အ ပြောင်းအလဲကအုံနဲ့ကျင်း နဲ့ပြောင်းလဲလာနေပြီလို့ ဆိုနိုင်ပါတယ်။ ကိုယ်ကတော့ အမျိုးသမီးတွေကို နှိမ့်ချဆက်ဆံတာကို ဆန့်ကျင်သ လိုပဲအမျိုးသမီး တွေကိုချည်းသီး ခြားဦးစားပေးပြီး ခွဲခြားဆက်ဆံတာမျိုးကိုလည်း သိပ်မကြိုက်လှတဲ့သူပါ။ ရင်ထဲကလာတဲ့ မေတ္တာ တ ရားအရ၊ စာနာနား လည်မှုအရ ဦးစား ပေးဆက်ဆံတာမျိုးကို လက်ခံပေမယ့် သီးခြားခွဲထုတ်ပြီး သီးသန့်အခွင့်အရေးတွေပေးနေတာက လည်း တနည်းအားဖြင့် ခွဲခြား ဆက်ဆံ နေ ခြင်းတမျိုးပဲလို့ မြင်ပါတယ်။
ဟိုထောင့် ပြေးရပ်၊ ဒီထောင့်ပြေးရပ်ကိစ္စ ပြီးသွားတဲ့အခါမှာတော့ စားပွဲတွေ အားလုံးကို အခန်းအလယ်မှာ စုခိုင်းပြီး ကိုယ်တို့အားလုံးကို မတ် တပ်ရပ်ခိုင်းပါတယ်။ စာရွက်အဖြူကြီးတခုကို စားပွဲပေါ် ဖြန့်ခင်းလိုက်ပြီး လူတယောက်ချင်းစီကို နာမည်နဲ့လုပ်နေတဲ့အလုပ်တွေ၊ ပါ ဝင်ပတ် သက်နေတဲ့ အဖွဲ့အစည်းတွေကို ပုံလေး ဆွဲခိုင်းပါတယ်။ ပြီးတော့ တယောက်နဲ့တယောက် ဘယ်လိုဆက်စပ်နေသလဲ ဆိုတာ ကို ရှာခိုင်း ပြီး Network (ကွန်ယက်)ပုံစံ လှမ်းချိတ်ခိုင်းတယ်။
ဒီသင်ကြားမှု အစီအစဉ်လေးကတော့ ကိုယ် သိပ်စိတ်ဝင်စားမိတဲ့ အစီအစဉ်လေးပါပဲ။ ကိုယ်တို့တိုင်းပြည်ရဲ့ ရှေ့ဆက် သွားရမယ့် နိုင်ငံ ရေး ခရီးရှည်ကြီးမှာ နိုင်ငံတဝှမ်း ဒီမိုကရေစီ စနစ် ထွန်းကားဖြစ်တည်နိုင်ဖို့၊ အဓွန့်ရှည်တည်တံ့ဖို့နဲ့ တနိုင်ငံလုံး တပြေးညီ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတဲ့ မဖြစ်မနေ ဝိုင်းဝန်းကြိုးစား အကောင်အထည်ဖော်ရမယ့် ကိစ္စတွေမှာ နယ်ပယ်အရပ်ရပ်မှာရှိတဲ့ အသင်းအဖွဲ့လေးတွေအနေနဲ့ အ ချင်းချင်း ကွန်ယက်ချိတ်ဆက်ပြီး အလုပ်လုပ်နိုင်ကြဖို့ သိပ်ကို အရေးကြီးတယ်လို့ ကိုယ် မြင်တယ်လေ။ ကိုယ့်ရည်မှန်းချက်နဲ့ကိုယ်ရှေ့ဆက်လုပ်ကိုင် နေကြတယ် ဆိုပေမယ့် အချင်းချင်း ချိတ်ဆက်ထားတဲ့အတွက် တဦးကိုတဦး၊ တဖွဲ့ကိုတဖွဲ့ အပြန်အလှန် အကျိုးပြုနိုင်တဲ အပြင် တဦးတဖွဲ့ရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်တွေရဲ့ အားကို အခြားတစ်ဦးတဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေမှာ ဆောင်ယူအသုံးပြုနိုင်တာကြောင့် ကွန်ယက်ထဲ ဝင်ချိတ် ထားတဲ့ ဘယ်သူ့ကိုမဆို၊ ဘယ်အစုအဖွဲ့ကိုမဆို ပိုပြီး အားကောင်းလာစေ ပါတယ်။ ကွန်ယက်ပုံစံ ချိတ်ဆက် ဆောင် ရွက်မှု အားကောင်းလာ ခြင်းဟာ တဦးတယောက်၊ တစုတဖွဲရဲ့ ဦးစီးချုပ်ကိုင်မှု စနစ်ကိုလည်း လျော့ကျလာစေတယ်လို့ ကိုယ်က မြင် တယ်။ သူတလူ ငါတမင်း စနစ်နဲ့ ကွန်ယက်ဖွဲ့ စုစည်းလုပ်ကိုင်မှု စနစ်နှစ်ခုရဲ့ အဓိက ခြားနားချက်ကတော့ ခိုင်မာအားကောင်းတဲ့ ချိတ် ဆက်မှု ရှိ/မရှိပါပဲ။ ခိုင်မာအားကောင်းတဲ့ ချိတ်ဆက်မှု မရှိတဲ့ ကွန်ယက်တခုဟာ သူတလူ ငါတမင်း ဖြစ်နေမှာ အသေအချာပါပဲ။
သင်တန်းအကြောင်းကို ဆက်ရရင် ကွန်ယက်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှု အကြောင်းကို သဘောလောက် မိတ်ဆက်ပေးပြီးတဲ့နောက်မှာ Globali sation (ကမ္ဘာမှုပြုခြင်း) ရဲ့ ကောင်းကျိုးနဲ့ ဆိုးပြစ်တွေကို ဆွေးနွေးဖြစ်ခဲ့ကြတယ်။ Globalisation ဟာ နယ်ပယ်အရပ်ရပ်မှာ ရှိကြတဲ့ ကိုယ်တို့အားလုံးရဲ့ ဘဝတွေအပေါ် သက်ရောက်မှု တစုံတရာတော့ ရှိနေတာ အသေအချာပါပဲ။ ဘယ်လို အခန်းကဏ္ဍ တွေမှာ ဘယ်လို သက်ရောက်မှုတွေ ရှိနေသလဲဆိုတဲ့ မေးခွန်းကိုမေးပြီး ဆရာက ကိုယ်တို့ကို ဦးနှောက်မုန်တိုင်း ဆင်ခိုင်းပါတယ်။ ကိုယ့်အမြင် အရတော့ Globalisation ဆိုတာဟာ တားဆီးဖို့ မလွယ်တဲ့ ကမ္ဘာလုံးချီ ပြောင်းလဲမှု လှိုင်းတခုပါ။ ဒါပေမယ့် Globalisation ကို တချို့သူတွေကတော့ Globalisation ကို အနောက်ပုံတူကူးခြင်း (Westernisation)၊ အမေရိကန်မှုပြုခြင်း (Americanisation)၊ ခေတ်သစ် ကိုလိုနီစနစ် (Neo-colonialism)၊ ခေတ် သစ် အရင်းရှင်စနစ် (Neo-capitalism) စသည်ဖြင့် အမည်တပ်ကြပါတယ်။
ကိုယ့်အမြင်အရတော့ ရေဟာ မြင့်ရာကနေ နိမ့်ရာကို စီးသလိုပဲကမ္ဘာလုံးချီတဲ့ ပြောင်းလဲမှုလှိုင်းဟာ အားကောင်းရာ ဒေသတွေကနေ အား နည်း ရာ ဒေသတွေဆီ စီးဆင်း ဝင်ရောက်လာမှာ အသေအချာပါပဲ။ ကမ္ဘာမှုပြုခြင်းဟာ အမေရိကန်မှုပြုခြင်းမှ မဟုတ်ဘူး၊ မြန်မာမှု ပြုခြင်း (Myanmarisation) ဘာလို့ မဖြစ်နိုင်ရမှာလဲ…။ Easternisation ရော ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ကိုယ်တို့ရဲ့ အားကောင်းတဲ့ ယဉ် ကျေးမှုတွေ၊ တန်ဖိုးစံတွေ၊စိတ်ကူး စိတ်သန်းတွေ၊ အတွေးအခေါ် အယူအဆတွေကို ဝါးလုံးခေါင်းထဲ လသာမနေဘဲ ကမ္ဘာက သိအောင်၊ ကမ္ဘာလုံး ချီ ဖြန့်ကျက်နိုင်အောင် ချပြနိုင်ဖို့၊ ဖြန့်ဖြူးမျှဝေနိုင်ဖို့ပဲ အရေးကြီးတာပါ။ ကိုယ့်ရဲ့ အဲဒီအမြင်ကို အားလုံးသိအောင်ပြောဆို ဆွေး နွေးဖြစ်ခဲ့ပါ တယ်။ ပြီးတော့ race to the bottom လို့ ခေါ်တဲ့ ချမ်းသာတဲ့ နိုင်ငံကြီးတွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ ဆင်းရဲတဲ့ နိုင်ငံတွေ ဆီ အပြိုင်အဆိုင် တိုးဝင်ပြီး ရင်းနှီးမြှုပ်နှံလာကြတာကြောင့် ဖြစ်လာတဲ့ သက်ရောက်မှုတွေ အကြောင်းလည်း အကြမ်းဖျဉ်း ပြောဆိုဆွေးနွေး ဖြစ်ခဲ့ကြတယ်။ အသေး စိတ် တွေကိုတော့ နောက်အပတ်မှ ဆွေးနွေး ကြမယ်လို့ ဆိုပြီး အိမ်မှာဖတ်ခဲ့ဖို့ စာရွက်အပိုင်းအစလေးတွေ တ ယောက်တပိုင်း ပေးလိုက်တယ်။
အိမ်စာလုပ်ရတာ သူများထက် ပိုများသွားတာပေါ့။ ကိုယ်ရတဲ့ စာရွက်ပိုင်းလေး နှစ်ခုထဲမှာ ရေးထားတဲ့ အကြောင်းအရာတွေက “လူတွေကုန် သွယ်ကြတဲ့အခါ နှစ်ဦး နှစ်ဘက် ဘယ်လို အကျိုးရှိစေသလဲ” ဆိုတဲ့ ကိစ္စနဲ့ Outso urcing မှာ ပါဝင်ပတ်သက်နေတဲ့ အချို့သောကိစ္စရပ်တွေ ကဘာလဲတဲ့။ အဲဒီ အကြောင်းတွေကို အိမ်မှာဖတ်ခဲ့ပြီး နောက်အပတ် ကျမှ Globalisation ဖြစ်စဉ်ထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း တိုးဝင်ကြည့် ကြမယ် ဆိုတဲ့စကားနဲ့ ဆရာက အတန်းကို ဆင်းလိုက်တယ်။ ကိုယ့်အ တွက်တော့ တကယ့်ကို အံ့သြဖွယ်ရာ အချိန်တွေ ပါပဲ။ What a wonderful time !
ဤဆောင်းပါးရှင် နေဘုန်းလတ်သည် လူသိများသော နာမည်ကြီး ဘလော့ဂါ နေဘုန်းလတ်ဖြစ် သည်။ ၂ဝဝ၈ ခုနှစ်တွင် အဖမ်းဆီးခံခဲ့ ရကာ ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ)၊ အရေးပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၅(ည) တို့ဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရကာ ၂ဝ၁၂ ခုနှစ်၊ ဇန် နဝါရီလ ၁၃ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ပြန်လည်လွတ်မြောက် လာခဲ့သည်။)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment