Friday, January 31, 2020

လွှတ်တော်ကိုယ်စားလှယ်များ ရပိုင်ခွင့်နှင့်အခွင့်အရေးများကို မှန်မှန်ကန်ကန် အသုံးပြုကြရန် နိုင်ငံတော်သမ္မတတိုက်တွန်း

Image may contain: 1 person, flower, text that says 'one NEWS'
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေကို မှန်မှန်ကန်ကန် အသုံးပြုကြဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။ 
ဇန်နဝါရီ(၃၁)ရက်က နေပြည်တော် လွှတ်တော်ဝင်းအတွင်းကျင်းပတဲ့ ဒုတိယအကြိမ် လွှတ်တော်တွေရဲ့ (၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ ပြောကြားခဲ့တာပါ။ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က “ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ လွှတ်တော်ဆိုင်ရာဥပဒေ နည်းဥပဒေမှာပြဋ္ဌာန်းထားတဲ့ မေးခွန်းအဆို၊ ဥပဒေကြမ်းတွေကို အဓိကထားပြီး တာဝန်ယူထမ်း ဆောင်ကြရပါတယ်။ ဒီလိုထမ်းဆောင်ကြရတဲ့အခါမှာ မေးခွန်းအဆိုနဲ့ပတ်သက်ရင်လည်း ကန့်သတ်ထားတဲ့ကန့်သတ်ချက် စည်းကမ်းချက်တွေရှိပါတယ်။ ဥပဒေကြမ်းနဲ့ပတ်သက်ရင်လည်း ဆွေးနွေးရမယ့် ကန့်သတ်ချက်စည်းကမ်းတွေရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တာနဲ့အညီ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်နဲ့ ဝတ္တရားတွေ၊ ရပိုင်ခွင့်နဲ့အခွင့်အရေး တွေရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များဟာ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ကျေပွန်စွာ နိုင်ငံတော်နဲ့နိုင်ငံသားအကျိုးအတွက် ထမ်းဆောင်ရသလို ရပိုင်ခွင့်နဲ့ အခွင့်အရေး တွေကိုလည်း မှန်မှန်ကန်ကန် အသုံးပြုကြဖို့လိုအပ်ပါတယ်”လို့ ဆိုပါတယ်။
လွှတ်တော်သက်တမ်း လေးနှစ်တာကာလမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကော်မတီတွေရဲ့ အရည်အသွေးတွေ တိုးတက်မြင့်မားလာတာတွေ့ရတယ်လို့လည်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောပါတယ်။ လွှတ်တော် တွေဟာ (၂၀၁၁)ခုနှစ်ကပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာ ကိုးနှစ်ပြည့်တာဖြစ်တယ်လို့ဆိုပါတယ်။ ပထမနဲ့ ဒုတိယ အကြိမ် လွှတ်တော်သက်တမ်းမှာ လွှတ်တော်တွေရဲ့ အဓိကတာဝန်တွေဖြစ်တဲ့ ပြည်သူလူထုအကျိုး၊ အပြန်အလှန် ထိန်းကျောင်းခြင်း လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အသိအမှတ်ပြုကျေးဇူးတင်တယ်လို့ ဦးတီခွန်မြတ်က ပြောပါတယ်။ အဲဒီအခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒုတိယသမ္မတတွေနဲ့ လွှတ်တော်အကြီးအကဲတွေ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေ တက်ရောက်ခဲ့ပါတယ်။

သတင်း- သန့်ဇင်လင်း

No comments:

Post a Comment

My Blog List