Wednesday, July 16, 2014

ထရီပိုလီလေဆိပ် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရ၊ လေယာဉ် ၁၁ စင်း ပျက်စီး


လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တော်ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းကြောင့် လေယာဉ် ၁၁ စင်း ပျက်စီးသွားပြီး အနည်းဆုံး လူတစ်ဦး သေဆုံးသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ထရီပိုလီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ထရီပိုလီမြို့တော် တောင်ဘက် ၁၈ မိုင်အကွာတွင်ရှိပြီး ပြင်ပကမ္ဘာနှင့် ဆက်သွယ်ရာတွင် အဓိက အသုံးပြုနေသည့် လမ်းကြောင်း ဖြစ်သည်။ “ဂရတ်ဒုံးကျည်တွေ အပါအဝင် ဒုံးကျည်အမြောက်အမြားနဲ့ တိုက်ခိုက်ခဲ့ပါတယ်” ဟု လုံခြုံရေးရင်းမြစ်များက BBC သတင်းကို ပြောကြားသည်။

ဒုံးကျည်ဖြင့် တိုက်ခိုက်မခံရခင် တစ်ရက်အလိုကလည်း လေဆိပ်အနီး ပြင်းထန်သော တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် လေဆိပ်အသုံးပြုမှုကို ရပ်ဆိုင်းထားခဲ့သည်။ အဆိုပါဒုံးကျည်ဖြင့် တိုက်ခိုက်မှုကို မည်သူများက လုပ်ဆောင်ခဲ့ကြောင်း ရှင်းလင်းစွာ မသိရသေးချေ။

တနင်္ဂနွေနေ့ကလည်း ဇင်တန် စစ်သွေးကြွသိမ်းပိုက်ထားသည့် ထရီပိုလီလေဆိပ်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။ ယင်းကဲ့သို့သော တိုက်ခိုက်မှုများ ဖြစ်ပွားနေခြင်းကြောင့် လေကြောင်းခရီး စဉ်များပျံသန်းမှုကို ဗုဒ္ဓဟူးနေ့မှ စတင်ရပ်ဆိုင်းထားခဲ့သည်။

ဒုံးကျည်ဖြင့် တိုက်ခိုက်မှုခံရစဉ် လေဆိပ်အတွင်း ရပ်နားထားသည့် လေယာဉ် စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်း ဖျက်ဆီးခံခဲ့ရကြောင်း တိုက်ခိုက်မှုများကြောင့် ဒေါ်လာသန်းနှင့်ချီ တန်သည့်ပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အာမတ်လာမီနီက ပြောကြားသည်။

ထို့အပြင် လစ်ဗျားနိုင်ငံ၏ လုံခြုံရေးအခြေအနေ ဆိုးရွားနေခြင်းကြောင့် နိုင်ငံတွင်းရှိ ဝန်ထမ်းအားလုံးကို ပြန်လည် ရုပ်သိမ်းမည်ဟု ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်သည်။

ယင်းကဲ့သို့ ဆိုးရွားသော လုံခြုံရေးအခြေအနေ ထိန်းသိမ်းနိုင်ရန် အပြည်ပြည်ဆိုင်ရာ တပ်ဖွဲ့ဝင်များကို အကူအညီတောင်းရန် သုံးသပ်နေကြောင်း လစ်ဗျားအစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။လစ်ဗျား အာဏာရှင် မိုဟာမတ်ကဒါဖီကို လူထုတော်လှန်ရေးများဖြင့် ၂၀၁၁ ခုနှစ်တွင် ရာထူးမှ ဖြုတ်ချပြီး သည့်နောက်ပိုင်း နိုင်ငံတွင်းရှိ ဒေသအများစုကို လက်နက်ကိုင် စစ်သွေးကြွများက သိမ်းပိုက်ထားပြီး ဗဟိုအစိုးရအဖွဲ့၏ အာဏာဖြန့်ကြက်နိုင်ရန် ရုန်းကန်နေရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List