Wednesday, July 16, 2014

ကလေး ဗဟိုပြုသင်ကြားနည်းစနစ်အတွက် သြစတြေးလျက ဒေါ်လာ ၂၇ သန်း ကူညီမည်


၂၀၁၄-၁၅ပညာသင်နှစ်မှ စတင်သည့် ကလေးဗဟိုပြု သင်ကြားနည်းစနစ် အကောင်အထည်ပေါ်လာရေး အတွက် သြစတြေးလျနိုင်ငံက သြစတြေးလျဒေါ်လာ ၂၇ ဒသမ ၈ သန်း ကူညီပေးမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုလေးဝင်းက မဇ္ဈိမကို ပြောသည်။

ကလေးများ၏ စာတတ်မြောက်မှုနှုန်းကို စစ်ဆေးနိုင်မည့် ကျောင်းသားဗဟိုပြု ချဉ်းကပ်သင်ကြားနည်းစနစ် (Child Center Approches)  ဖော်ဆောင်နိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် သြစတြေးလျအစိုးရတို့ ကူညီပေးနိုင်ရေး သဘောတူညီချက်ကို ဇူလိုင်လ ၂ ရက်တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည်။

ထိုအကူအညီပေးရေးအစီအစဉ်ဖြင့် အခြေခံကျောင်းများတွင် သင်ထောက်ကူ ပစ္စည်းများ၊ CCA ဆိုင်ရာ သင်ကြားနည်းနှင့် လက်စွဲစာအုပ်များ(ကလေးများကို မည်ကဲ့သို့ မေးမြန်းသင်ကြားမည့်နည်း) နှင့် ဆရာ၊ဆရာများ၏ အရည်အသွေးမြှင့် တင်ရေးဆိုင်ရာ သင်တန်းများအတွက် ဖြစ်သည်။

“ဒီစနစ်က အလွတ်ကျက်ဖြေစနစ် ပပျောက်သွားမယ်။ နည်းနည်းသင်၊ များများလေ့ကျင့်နိုင်လာမယ်”ဟု ၎င်းက ပြောသည်။

ကလေးဗဟိုပြုချဉ်းကပ်နည်းစနစ်CCA သည် ကျောင်းသားနှင့် ဆရာများအကြား အပြန်အလှန်နားလည်မှု ရှိလာစေခြင်း၊ ကလေးများက ဆရာများအား ပိုမိုခင်တွယ်လာခြင်းကြောင့် ကျောင်းနေပျော်သော ကလေးများဖြစ်လာပြီး ကလေးများ၏ စိတ်ခံစားမှုအခြေအနေ ပိုမိုသိရှိလာမည်ဟု ၎င်းက ဆိုသည်။

အဆိုပါစနစ်မှာ ကလေးများကိုယ်တိုင်ပါဝင်နိုင်ပြီး ကလေးများ၏ တီထွင်နိုင်မှုရှိမရှိ၊ တွေးခေါ်ဖွံ့ဖြိုးမှုရှိ၊ မရှိနှင့် ကလေးများ အမှန်တကယ်စာတတ်မြောက်မှု ရှိမရှိအပေါ် အခြေခံ၍ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ ပူးပေါင်းသင်ကြားပေးသော စနစ်တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးကွန် ရက်အဖွဲ့ဝင် ဒေါက်တာစိုးဝင်းဦး(ဒေါက်တာဘိုင်အို)က ထိုစနစ်တွင် ဘဏ္ဍာငွေ လုံလုံလောက်လောက်သုံးစွဲရန်၊ သုံးစွဲရာတွင်လည်း အဂတိလိုက်စားမှု ကင်းရှင်းရန်နှင့် အခြေခံကျောင်းများကို အပြန်အလှန် စစ်ဆေးမည့်အဖွဲ့ ဖွဲ့စည်းရန်အပြင် ကျွမ်းကျင်သည့် ပညာရေး အတိုင်ပင်ခံများနှင့် ဆွေးနွေးရန်စသည့်အချက်များ အားနည်းနိုင်သည်ဟု ဆိုသည်။

ထို့ပြင် ကျောင်းများတွင် ဆရာနှင့် ကျောင်းသား အချိုးအစားလွန်စွာ
ကွာခြားနေခြင်းကို ဖြေရှင်းနိုင်မှသာ အောင်မြင်မည်ဟု ၎င်းက သုံးသပ်သည်။ အဆိုပါစနစ်ပီပြင်စေရန် သင်ထောက်ကူပစ္စည်းလိုအပ်နေသော ကျောင်းများ၏ စာရင်းကို ကောက်ခံနေပြီး လက်စွဲစာအုပ်များကို ကျောင်းတိုင်းတွင် ဖြန့်ဝေသွားမည်ဖြစ်သည်။ ထို့ပြင် အခြေခံကျောင်းတိုင်းကို တစ်နှစ်လျှင် နှစ်ကြိမ် စစ်ဆေးအကဲဖြတ်ရန် စီစဉ်ထားသည်။

အထက(၁)ရန်ကင်း ကျောင်းအုပ်ဆရာကြီး ဒေါ်မိုးသူက “နည်းနည်းသင် များများလေ့ကျင့်နိုင်တဲ့ စနစ်မျိုးဖြစ် တဲ့အတွက် ကလေးတွေမှာ ဖိအားလျော့နည်းသွားမှာဖြစ်တယ်။ ဆရာနဲ့ တပည့်ကြား ပိုပြီးရင်းနှီးလာမယ်။ ပိုပြီးနွေးထွေးလာစေတဲ့အတွက် သင်ကြားရေးလည်း အောင်မြင်လာမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ကလေးဗဟိုပြု ချဉ်းကပ်နည်းစနစ် အောင်မြင်စေရန် ၂၀၁၄-၁၅ ပညာနှစ်မှ စ၍ အခြေခံပညာသင်ရိုးများ ၁၁ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိ လျှော့ချခဲ့ပြီး ကျောင်းသားများနှင့် ဆရာများအတွက် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် လုံလောက်သော အချိန်ရရှိစေရန် ထိုစနစ်ကို စတင်ကျင့် သုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါစနစ်ကို မြန်မာနိုင်ငံ၌ ၁၉၉၄ ခုနှစ်တွင် ကျင့်သုံးခဲ့သော်လည်း ဆရာ၊ ဆရာမများ၏ သင်နည်းစနစ် ပြောင်းလဲရာတွင် လိုက်နာမှု အားနည်းခြင်းကြောင့် အောင်မြင်မှုမရပေ။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List