Thursday, July 17, 2014

အာဇာနည်ခေါင်းဆောင်များကို သမ္မတနှင့် ကာချုပ် အလေးပြုပါက နတ်လူသာဓုခေါ်မည်


နိုင်ငံ့ခေါင်းဆောင်များအနေနှင့် အာဇာနည်နေ့အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုသင့်ပြီး ထိုသို့အလေးပြုပါက နတ်လူသာဓုခေါ်ဆိုမှာဖြစ်ကြောင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးလှဆွေက ဇူလိုင် ၁၆ ရက်က မဇ္ဈိမသတင်းဌာနကို ပြောကြားခဲ့သည်။

ရန်ကုန်မြို့၊ အာဇာနည်ကုန်းတွင် ကျင်းပမည့် အာဇာနည်နေ့အခမ်းအနားကို သမ္မတနှင့်ကာချုပ်တို့ တက်ရောက်အလေးပြုရန် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုခဲ့သော်လည်း နိုင်ငံရေးသမားအများ စုက တောင်းဆိုခြင်းထက် အကြံပြုခြင်းကသာ ပိုမိုမှန်ကန်သည်ဟု ဇူလိုင် ၁၆ ရက်က မဇ္ဈိမသို့ ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးလှဆွေကလည်း “ကျွန်တော်တို့ မြန်မာအာဇာနည် ခေါင်းဆောင်တွေကိုလည်း အခြားနိုင်ငံတွေက အကြီးအကဲတွေ လာရင်ဂါရ၀ပြုကြတာပဲ။ ကိုယ့်ပြည်တွင်း က ခေါင်းဆောင်ကြီးတွေက အလေးပြုသင့်တာပေါ့။ အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုတဲ့အတွက် နတ်လူသာဓုတောင် ခေါ်ဦးမယ်” ဟု ပြောသည်။

၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးကမူ ယင်းသို့ဖြစ်လာပါက ပြည်သူအများ၏ ကျေနပ် ၀မ်းမြောက်မှုကို ရရှိမည်ဖြစ်သော်လည်း လက်ရှိအခြေအနေတွင် မဖြစ်နိုင်ဟုသုံးသပ်သည်။

ထို့နောက် အာဇာနည်တို့ကို မြန်မာပြည်သူတို့က အလေးအမြတ်ပြုကြသည့် အကြောင်းကိုလည်း ပြောကြားခဲ့သည့်အပြင် အာဇာနည်နေ့တွင် အာဇာနည် များကျဆုံးသည့် မနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဥသြဆွဲပေးရန်နှင့်အာဇာနည် တို့၏ အတ္တုပ္ပတ္တိကို ပြည်သူများအတွက် ထုတ်လွှင့်နေသည့် ရုပ်မြင်သံကြား အစီအစဉ်များတွင် ထည့်သွင်းဖော်ပြပေးသင့်ကြောင်းကိုလည်း ဆက်လက်ပြောကြားသည်။

စာနယ်ဇင်းကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးဇော်သက်ထွေးက အရပ်သားအစိုးရအဖြစ် ပထမဦးဆုံး တက်ရောက်လာသည့် အစိုးရသည် ပြည်သူလူထု၏ လိုအင်ဆန္ဒများကို မလိုက်လျောခဲ့ခြင်းကြောင့် သမ္မတ၊ ကာချုပ်စသည့်သူများ တက်ရောက်လာမည်ဟု မယူဆကြောင်းနှင့် ထိုတောင်းဆိုချက်သည် ပြည်သူအများ၏ စိတ်ဝင်စားမှုရရှိရန် လုပ်သကဲ့သို့သာဖြစ်သည်ဟု ယူဆကြောင်းပြောကြားခဲ့သည်။

NLDပါတီ၏ ဥပဒေပြုအဖွဲ့ဝင် ဦးကိုနီက ပြည်သူများ အလေးအနက်ထားသည့် အာဇာနည်နေ့တွင် တိုင်းပြည်၏ထိပ်တန်း ပုဂ်္ဂိုလ်များအနေနှင့် တက်ရောက်အလေးပြုသင့်သည်ဟု ဆိုသည်။ ထို့အပြင် တိုင်းပြည်၏ ထိပ်တန်းပုဂ်္ဂိုလ်များ တက်ရောက်အလေးပြုပါက ထိုသူတို့အနေနှင့် ပြည်သူတို့၏ လေးစား ချစ်ခင်မှုကို ပိုမိုရရှိနိုင်သည်ဟုလည်း ပြောကြားခဲ့သည်။

ထို့အပြင် ပြည်သူ့ခေတ်ဂျာနယ်၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးဖြစ်သကဲ့သို့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်သည့် ကိုဝကတော့ တောင်းဆိုမှ အလေးပြုသည်ဆိုသည်မှာ အဓိပ္ပာယ်မရှိကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ထိုကိစ္စကို တောင်းဆို၍လည်း မရကြောင်းနှင့် အကြံပြုခြင်းကသာ ပိုမိုသင့်လျော်ကြောင်း ပြောကြားခဲ့သည်။

ကိုဝက “အာဇာနည်တွေကို အလေးပြုသင့်ပါတယ်လို့ပဲ အကြံပြုလို့ရမယ်။ လုပ်တာမလုပ်တာက သူတို့အပိုင်းပဲ။ အခုလို ပြောနေရတယ်ဆိုတာကိုက ရုပ်ပျက်တယ်။ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းခါစက သူကိုယ်တိုင် အာဇာနည်ကုန်းသွားတယ်။ အလေးပြုတယ်။ နောက်တဖြည်းဖြည်းနဲ့ အာဇာနည်ကုန်းကို လာအလေးပြုတဲ့ လူတွေရဲ့အဆင့်ကို ချချလာတာ အခုအချိန်အထိပဲ ယဉ်ကျေးမှုဝန်ကြီးလောက်ပဲ လာအလေးပြုတော့တယ်။ ကိုယ့်နိုင်ငံကို လွတ်လပ်ရေးရအောင် ယူပေးခဲ့တဲ့သူကို အလေးမပြုထိုက် ဘူးလားလို့ မေးရုံပဲ” ဟု  ပြန်လည် ဖြေကြားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List