Tuesday, August 27, 2013
တက္ကသိုလ်များတွင် အုပ်ချုပ်ရေးပိုင်းကိုသာ အလေးပေးနေကြသည့်အတွက် ကျောင်းသားများ၏ အရေးပါမှု အခန်းကဏ္ဍ ပျောက်ဆုံးလျက်ရှိနေသည်ဟု တက္ကသိုလ်တချို့၏ တာဝန်ရှိသူများက ပြော ကြားကြသည်။
“ပြည်တွင်းမှာရှိတဲ့ တက္ကသိုလ်တွေမှာ စည်းကမ်းပိုင်းထိန်းချုပ်မှုတွေအားနည်းနေပါတယ်။ တက္ကသိုလ် တွေ မှာ အထက်ပိုင်းလူကြီးတွေကအစ အုပ်ချုပ်ရေးပိုင်းကိုပဲ အလေးပေးနေကြတယ်။ ကျောင်းသား တွေ အတွက် အကာအကွယ်ပေးမှု၊ လုံခြုံမှုစတာတွေ လျော့နည်းနေတယ်။ အထက်လူကြီးတစ် ယောက်ဆင်း၊ တစ်ယောက်တက်တိုင်းမူဝါဒတွေ အမျိုးမျိုးပြောင်းလဲနေရတာနဲ့ ကျောင်းသားရေးရာရဲ့ အခန်း ကဏ္ဍတွေ ပျောက်ဆုံးနေပါတယ်။ ဒါတွေကို အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်ဖို့ လိုအပ်နေ ပါပြီ” ဟု ရန်ကုန်တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။တက္ကသိုလ်များအား ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးမည်ဆိုပါက ကျောင်းသားများ၏ လွတ်လပ်စွာ တွေးခေါ်ဖန် တီးခွင့်၊ လွတ်လပ်စွာ ပညာသင်ကြားခွင့်နှင့် လွတ်လပ်စွာပြောဆိုရေးသားနိုင်ခွင့် စသည့် အခွင့်အရေး များ ပြန် လည် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။“ပြည်တွင်းက တက္ကသိုလ်တွေကို နိုင်ငံတကာ တက္က သိုလ်တွေရဲ့ လယ်ဗယ်နဲ့အညီဖြစ်စေဖို့ဆိုရင် ကျောင်းသားတွေရဲ့ အခန်းကဏ္ဍကို လမ်းဖွင့်ပေးနိုင်ရမယ်။ တက္ကသိုလ်ကျောင်းသားတွေရဲ့ လုပ်ပိုင် ခွင့်နဲ့အညီ လမ်းညွှန်ပေးဖို့လိုပါတယ်။ လူကြီးတစ်ဦးပြောင်းတိုင်း မူဝါဒပြောင်းတာကို ပြောင်းလဲသင့်မှ ပြောင်းလဲနိုင်ရပါမယ်။ ရှေ့ကချမှတ်ထားပြီးသားထဲက ကောင်းမွန်မှန် ကန်တဲ့အချက်ကို ပြန်လည် အသုံးပြုပေးဖို့၊ အသိအမှတ်ပြုပေးဖို့ လိုပါတယ်။ အဲဒါဆိုရင် ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ညီတဲ့ တက္ကသိုလ်ပညာရေးကို ဆောင်ရွက်နိုင်မှာပါ” ဟု တက္ကသိုလ်ကျောင်းသား များ သမဂ္ဂခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုကျော်ကိုကိုက ပြောကြားခဲ့သည်။ခိုင်မာသေချာသည့် တက္ကသိုလ်အက်ဥပဒေပေါ်ပေါက်လာမည်ဆိုပါ က ကျောင်းသားများ၏ အခန်း ကဏ္ဍပြန်လည် အရေးပါလာမည်ဖြစ်ကြောင်း သိရသည်။
အနောက်ပိုင်းတက္ကသိုလ်မှ ဌာနမှူးတစ်ဦးက “တက္ကသိုလ်တိုင်းမှာ သူ့နေရာနဲ့သူ တစ်ဦးချင်းစီလိုက်နာ ရမယ့် စည်းကမ်းနဲ့ ကျင့်ဝတ်တွေရှိပါတယ်။ ကျောင်းသားတွေကိုယ်တိုင်ရဲ့ အခန်းကဏ္ဍ၊ လွတ်လပ်ခွင့် ဆိုတာ ကျောင်းသားတစ်ဦးချင်းစီ ထိန်းသိမ်းရမယ့် လူ့ကျင့်ဝတ်နဲ့ ဆိုင်ပါတယ်။ လွတ်လပ်ခွင့်ဆိုတာ စည်းကမ်းနဲ့လဲဆိုင်ပါတယ်။ ကျောင်းသားတစ်ဦး စည်းလွတ်ဝါးလွတ် စည်းကမ်းမဲ့နေရင် သူ့ရဲ့ လွတ်လပ်ခွင့် က သူ့ပတ်ဝန်းကျင်ကိုလဲ ထိခိုက်နိုင်တာမို့လို့ စောင့်ထိန်းရမယ့်အချက်ပါ။ ကျောင်းသား တွေရဲ့အခန်း ကဏ္ဍဆိုတာကျောင်းရဲ့ချမှတ်ထားတဲ့ပေါ်လစီနဲ့ဆိုင်တာမို့လို့တက္ကသိုလ်အက်ဥပဒေထဲမှာသေချာပြဋ္ဌာန်းပေးနိုင် ရင် အကောင်းဆုံးပါ” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်ပေါင်း ၁၆၀ ကျော် ဖွင့်လှစ်ထားပြီး တက္ကသိုလ်ပညာရေး ဥပဒေကို ၁၉၆၄ တွင်စတင်ပြဋ္ဌာန်းခဲ့ပြီး ၁၉၇၃ တွင် ဥပဒေသစ်ရေးဆွဲ အစားထိုးပြဋ္ဌာန်းခဲ့ကာ ၁၉၈၃၊ ၁၉၈၉ နှင့် ၁၉၉၈ ခုနှစ်များတွင် ပြန်လည်ပြင်ဆင်ခဲ့ပြီး လက်ရှိအချိန်အထိ ကျင့်သုံးလျက်ရှိကြောင်း သိရသည်။
The Flower News Journal

No comments:
Post a Comment