ရန်ကုန်မြို့ တွင် အမျိုးအစားအသစ် တက္ကစီကားများ ဝင်ရောက် လာ သဖြင့် ကားအမျိုးအစားဟောင်း တက္ကစီများကို ဌားရမ်းစီးနင်း လိုသော ကားဌားသူများလျော့ကျလာကြောင်းတက္ကစီမောင်းနှင်သူများထံမှ သိရ သည်။
“ကျွန်တော်ကားက ဆလွန်းကားပါ သိပ်တော့ မဟောင်းသေးဘူး။ အလယ် အလတ်အဆင့်လောက်တော့ ရှိတယ်။ ဒါပေမယ့်ကားဌားတဲ့ သူတွေက လမ်းမှာ ကားဌားဖို့တားရင် ကျွန်တော့်ကားရဲ့နောက်မှာ တက္ကစီလုပ်ထားတဲ့ အခု အသစ်ဝင်လာတဲ့ကားတွေပါလာရင် အဲ့ဒီ ကားတွေ ကို ရွေးပြီး တားကြတာမျိုးတွေရှိတော့ ကားမောင်းရတာ သိပ်အဆင်မပြေဘူး။ ဒါတောင် ကိုယ့် ကားက သိပ်မဟောင်းသေးလို့၊တော်တော် ဟောင်းတဲ့ ကားတွေဆိုရင်တော့ ပိုဆိုးမယ်ထင်တယ်” ဟုတက္ကဆီမောင်းနှင်သူ ကိုဇော်မိုးက ပြောကြားသည်။
တက္ကစီအသစ်များကို ပြောင်းလဲမောင်းနှင်လိုသော်လည်း စပေါ်ငွေမှာ များပြားလွန်းကြောင်းကို “ကျွန်တော့် ကားက စပေါ်ငွေ၎သိန်း ပေးရတယ်။ တစ်နေ့ကို အုံနာခက တစ်သောင်း သွင်းရတယ်။ ကားဆီ က မောင်းရင် မောင်းသလောက်ကုန်ပေမယ့်တစ်နေ့ကို အနည်းဆုံး ၄ဂါလံ လောက် ကုန်တယ်။ အသစ် သွင်းတဲ့ တက္ကစီကားတွေက အရမ်းဈေးမြင့်တယ်။ အုံနာခ၁၀သိန်းလောက်ရှိတယ်။ တစ်နေ့ အုံနာခ တစ်သောင်း နှစ်ထောင်ကနေ တစ်သောင်းခွဲလောက်အထိ ရှိတယ်။ ဆီကျတော့ သူတို့ကအကုန်သက် သာတယ် ၂ဂါလံ၊ ၃ဂါလံလောက်ထည့် ထားရင် တနေကုန်မောင်းလို့ရတယ်၊ ကားအသစ် ကို ပြောင်း ပြီး မောင်းချင်ပေမယ့်အုံနာခမတတ်နိုင်လို့ ဒီကားပဲ ဆက်မောင်းနေရတယ်။” ဟုငါးနှစ်ခန့် တက္ကစီမောင်း နှင်နေသူ ဦးအောင်နိုင်က ပြောကြားသည်။
တက္ကစီကားအသစ်များကို ရွေးပြီးဌားရမ်းမှု များလာခြင်းနှင့်စပ်လျဉ်းပြီး “ကားဌားစီးတယ်ဆိုတာက အချိန် အတိုင်းအတာတစ်ခု ခရီးအတိုင်း အတာ တစ်ခုအထိ ကားဌားတဲ့သူက အဲ့ဒီကားကိုပိုင် တယ် လို့ ပြော ရမှာပေါ့။ ကြိုက်တဲ့ကားကို ရွေးပြီးတားပိုင်ခွင့်လည်း ကားဌားတဲ့သူဆီမှာ ရှိတယ်လေ။ ကား အဟောင်း ဌားစီးလည်း ဒီဈေးပဲ ကားအသစ်ဌားစီးလည်း ဒီဈေးပဲဆိုတော့ ကားအသစ် ပဲရွေးပြီး ဌားစီးကြ မှာပေါ့။ ဘာလို့လဲ ဆိုတော့ ကားအသစ်ကပိုမြန်တယ်။ ပြီးတော့ ပိုသန့်ရှင်းတယ်။ တချို့ကားတွေ ဆို အဲယား ကွန်းတို့ တီဗီတို့ပါ ဖွင့်ပေးထားတော့ စီးရတဲ့လူက သက်သောင့်သက်သာ ပိုရှိတယ်” ဟု တက္ကစီ စီးနင်းသူ မမေသုတက မှတ်ချက်ပေးပြောကြားသည်။
“ကျွန်တော်က အရင်ကတည်းက တက္ကစီမောင်းတာပါ။အိမ်မှာ အရင်ကတည်းက တက္ကစီကားဟောင်းလေး ပိုင်ထားတော့ ကားအဟောင်း အပ်တော့ စလစ်ရတယ်လေ။ စလစ်ကလက်ထဲမှာ ရှိနေတော့ စုထားတဲ့ပိုက်ဆံလေးတွေနဲ့ လိုတဲ့ငွေလေးကို ဟိုနည်းနည်းဆွဲ ဒီနည်းနည်းဆွဲ နဲ့ ကားအသစ်ဝယ်လိုက် တယ်။ Probox ကားလေးပေါ့။ အလုံးအရင်းနဲ့ မ၀ယ်နိုင်တော့ အရစ်ကျနဲ့ ဝယ်တာပေါ့။ မရှိလို့သာ အရစ်ကျနဲ့ ၀ယ်ရတယ်။ ဘဏ်အတိုးနှုန်းတွေ ဘာတွေနဲ့ဆိုတော့ ကားတန်ဖိုးကတော့ ပိုများသွားတာပေါ့။ ကျွန်တော် ဝယ်တဲ့ဆီမှာတော့တစ်နေ့ကို တစ် သောင်းနှစ်ထောင်နဲ့ ဆယ်ရက်ကို တစ်သိန်းနှစ်သောင်း သွင်းရတယ်။ ကားအသစ်ဆိုတော့ လူကတော့ အရမ်းကြိုက်တယ်။ ဌားတဲ့သူလည်း များတယ်။ ဈေးကတော့ ပုံမှန်ဈေးပဲ တောင်းပါတယ်။ များများအဌားလိုက်ရမှ မြန်မြန် အကြွေးတွေ ကျေမှာ ဆိုတော့” ဟုတက္ကစီကိုယ်တိုင် မောင်းနှင်သူ Probox အဌားကားပိုင်ရှင် တစ်ဦး ကပြောကြားသည်။
အစိုးရမှ နိုင်ငံခြားမှ မော်တော်ကားတင်သွင်းခွင့်များ ပေးခဲ့ပြီးနောက် ရန်ကုန်မြို့ တွင် အိမ်စီးမော်တော်ကား အမျိုးအစားအသစ်များကိုသာ မက တက္ကစီဈေးကွက်တွင်လည်း ကားအမျိုးအစားအသစ်များကို ပါတင် သွင်းလာခဲ့ကြပြီး AAနံပါတ်နှင့် တက္ကစီကားအသစ်များမှာလည်း ကား အရောင်းဆိုင်များတွင် နေရာယူခဲ့ ကြသည်။ တက္ကစီပြုလုပ်ထားသော ကားအမျိုးအစားအသစ်များတွင် AD Van၊ Mark II ၊ Harrier နှင့် Pro box ကားအမျိုး အစားများဖြစ်ကြသည်။
ဆုဝေ
The Myanma Age

No comments:
Post a Comment