
ပြီးခဲ့တဲ့လအတွင်းက အီရတ်မှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခဲ့ပြီးနောက် အမေရိကန်စစ်သား အယောက်(၁၀၀)ကျော်မှာ ဦးနှောက်ထိခိုက်မှုဖြစ်ထားတဲ့ အခြေအနေတွေကို စစ်ဆေးတွေ့ရှိရတယ်လို့ အမေရိကန်စစ်ဘက်က အခုလ(၁၀)ရက်နေ့က ထုတ်ဖော်ပြောကြားပါတယ်။
အီရန်ဗိုလ်ချုပ်ကြီး Qassem Soleimani ကို အမေရိကန်စစ်ဘက် ဘဂ္ဂဒက်မြို့လေဆိပ်မှာ ပြီးခဲ့တဲ့လက ဒရုန်းနဲ့တိုက်ခိုက်ချေမှုန်းခဲ့ပါတယ်။ ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရတ်မှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို အီရန်ဘက်က ဒုံးကျည်တွေနဲ့ပြန်လည်တိုက်ခိုက်ခဲ့တာပါ။
ဒီလိုတိုက်ခိုက်ခံခဲ့ရပေမယ့် အမေရိကန်စစ်သားတွေဟာ သေဆုံးခဲ့တာမရှိဘဲ၊ ခန္ဓာကိုယ်မှာထိခိုက်ဒဏ်ရာရတာတွေလည်း ချက်ခြင်းမဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် အခုနောက်ပိုင်း အမေရိကန်စစ်သားတွေမှာ ဦးနှောက်ထိခိုက်ခံထားရတယ်ဆိုတာကို ပိုပိုပြီးတော့ စစ်ဆေးတွေ့ရှိလာရတာဖြစ်ပါတယ်။
ပင်တာဂွန်စစ်ဌာနချုပ်ရဲ့ထုတ်ပြန်ချက်မှာတော့ အီရန်တို့ရဲ့တိုက်ခိုက်ခံရမှုကြောင့် လက်ရှိအချိန်ထိ ဦးနှောက်ထိခိုက်မှုဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိရတဲ့ အမေရိကန်စစ်သားဟာ (၁၀၉)ယောက်ဖြစ်ပြီး၊ ဒီထဲကမှ (၇၆)ယောက်တော့ အလုပ်ပြန်ဝင်နေပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
source photo : reuter
No comments:
Post a Comment