Thursday, December 03, 2015

လူအချင်းချင်း ရှိခိုးရခြင်း ကင်းဝေးပါစေ


ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနေတုန်းမှာ ကိုယ်စားလှယ် တစ်ယောက်က လက်အုပ်ချီ နှုတ်ဆက်တာကို “မိတ်ဆက်တဲ့လူတွေ လက်အုပ်ချီစရာ မလိုပါဘူး။ ဒီအထဲမှာ ဘုန်းကြီးတစ်ပါးမှ မပါဘူး..” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်ဆိုတဲ့ စကားက အခုရက်ပိုင်း လှုပ်ခတ်သွားတယ်။ အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာတွေမှာလည်း ထောက်ခံသူ၊ ဝေဖန်သူတွေနဲ့ ပွဲနည်းနည်းဆူသွားတယ်။
တကယ်တော့ လူနဲ့လူချင်း ရှိခိုးကန်တော့ရခြင်းဟာ မြန်မာ့ရိုးရာ နှုတ်ဆက်တဲ့ ဓလေ့လားဆိုတာ နဝတ၊ နအဖ ခေတ်ကြီးပြင်းတဲ့ လူငယ်၊ လူရွယ်တွေကြားမှာ ဝေဝါးစရာဖြစ်နေတာ ကြာခဲ့ပါပြီ။ ဟိုအရင် အင်္ဂလိပ် သူ့ကျွန်ဘဝခေတ် စနစ်မှာလည်း အုပ်စိုးသူ၊ ဖိနှိပ်သူ မင်းအစိုးရ အာဏာပိုင်များကို ဘုရားထူး၊ ရှိခိုးရတဲ့ ဓလေ့ဟာ ကြိုးနီစနစ် အခွင့်ထူးခံ ဗြူရိုကရက်များ ကြီးစိုးခြင်းနဲ့အတူ အထက်-အောက် အစိုးရယန္တရား အဆင့်ဆင့်မှာ တည်ရှိခဲ့ဖူးတယ်။

စာရေးဆရာသိန်းဖေမြင့်ကို သူ့အဖေက အင်္ဂလိပ်ကျောင်းထားပေးခဲ့ခြင်းဟာ သူ (ဖခင်) မြေတိုင်းစာရေးဘဝမှာ လာသမျှ မြေတိုင်းဗိုလ်ဝန်ထောက် အရာရှိမင်းဆိုသူတွေကို လက်အုပ်ချီ၊ ဘုရားထူးခဲ့ရလို့၊ ငါ့သားပညာတတ်၊ ဘွဲ့ရ၊ ဝန်ထောက်ဗိုလ်ဖြစ်ရင် ဘုရားထူးလွတ်မှာပဲဆိုပြီး အဲဒီစိတ်၊ မျှော်မှန်းချက်နဲ့ အင်္ဂလိပ်ကျောင်း ပို့ခဲ့ခြင်းဖြစ်တယ်လို့ ဆရာသိန်းဖေမြင့်က စာတစ်ပုဒ်မှာ တခုတ်တရ ထည့်ရေးဖူးခဲ့တယ်။

ကိုလိုနီခေတ် တစ်လျှောက်လုံး ကျောင်းတွေမှာ၊ အစိုးရဌာနတွေမှာ ဒီလက်အုပ်ချီ ပြဿနာဟာ အတော် အငြင်းပွားဖွယ် ဖြစ်ခဲ့တယ်။ မြန်မာပညာရှင်ကြီးများ ဆွေးနွေးပွဲတွေ လုပ်ခဲ့ရတယ်။ မတူကွဲပြားတဲ့ လက်အုပ်ချီခြင်းပုံစံ၊ စနစ်၊ အနှစ်သာရတွေကို ထောက်ပြဝေဖန်ခဲ့ကြရတယ်။ အုပ်စိုးသူ ရှင်ဘုရင်ဟာ မင်းကျင့်တရားနဲ့ ညီမှသာ အရိုအသေပြုခံထိုက် ကြောင်း၊ ဒါတောင်မှ အရိုအသေပြုရပုံနဲ့ သဘောဟာ အနန္တောအနန္တငါးပါး အပေါ် ပြုမူရပုံနဲ့ ကွာခြားကြောင်းတွေကို ရှေးမြန်မာကြီးများ ကျွန်သ ဘောက်ဘဝမှာ အာခံတန်ပြန် အသံတွေ ထွက်ခဲ့ကြရဖူးပါတယ်။

မည်သို့ဆိုစေ မြန်မာလူမျိုးများဟာ ရှေးသက်ဦးဆံပိုင် အာဏာရှင် ပဒေသရာဇ်ခေတ်မှာ ကတည်းက မင်းစိုးရာဇာရဲ့ ဓားကိုကြောက်လို့ အရိုအသေပေး လက်အုပ်ချီ ဦးညွတ်ခဲ့ရစေဦး၊ အခြေခံသဘောမှာတော့ လူမှုဓလေ့တွေမှာ တရားလွန် ဟန်လုပ် ရိုကျိုးယဉ်ကျေးပြတတ်တဲ့ လူမျိုး မဟုတ်ကြောင်းကတော့ သမိုင်းထင်ရှားခဲ့ပါတယ်။

ဟန်လုပ်ယဉ်ကျေးပြပြီး ‘Thank you’ တို့ ‘Please’ တို့ ခဏခဏဆိုတတ် တဲ့ လူမျိုးလည်း မဟုတ်ပါဘူး။ စိတ်ထဲက နှစ်လိုတဲ့ ယဉ်ကျေးမှု ကိုယ်နှုတ်အမူ အရာ ရှိပြီးဖြစ်လို့ အပေါ်ယံယဉ်ကျေးပြ၊ အလွန်အကျွံ အောက်ကျို့ပြတာ မျိုးတွေကို နေ့စဉ်လူမှုဓလေ့မှာ ရိုးရာသဘောအရ ပြုလုပ်လေ့မရှိပါဘူး။

ဒါပေမဲ့ လူနဲ့လူချင်းဖိနှိပ်၊ စာနာထောက်ထားမှုမဲ့၊ လူသားဆန်မှုမရှိ၊ လူသား တရားကင်း၊ တရားလွန် အရိုအသေခံ၊ အထက်-အောက် နိုင့်ထက်စီးနင်း လုပ်၊ ကြီးနိုင်ငယ်ညှဉ်းပြု စတဲ့ ဓလေ့ဆိုးတွေ အရိုးစွဲနေတဲ့ စစ်အာဏာရှင် စနစ် တိုင်းပြည်မှာ ရာစုဝက် အမြစ်တွယ်ပြီးနောက် အခုမျက်မှောက် ခေတ်မှာတော့ လူအချင်းချင်း လက်အုပ်ချီ အရိုအသေမပေးသူက မြန်မာ့ ယဉ်ကျေးမှု မရှိသူအဖြစ် တလွဲထင်မြင် ယူဆခံထိနေရပါပြီ။

ရုပ်မြင်သံကြား သတင်းတက်ဆက်မှုတွေမှာ၊ သတင်းကြေညာသူတွေမှာ၊ ဟိုဟိုဒီဒီ လူမှုဘဝတွေမှာ၊ စီးပွားလုပ်ငန်း ကြော်ငြာတွေမှာ ဟန်လုပ် တည်ဆောက်ထားတဲ့ လက်အုပ်ချီ ပုံရိပ်တွေ နေရာယူ ပျံ့နှံ့ကျယ်ပြန့်နေ ပါပြီ။

စဉ်းစားကြည့်ကြပါ။ အခုလူအများ ဇွတ်လုပ်ပြကြရတဲ့ “မင်္ဂလာပါ” နှုတ်ခွန်းဆက် လက်အုပ်ချီပြီး မြန်မာအစစ်ဖြစ်လျက် မြန်မာစကား အသံထွက်ကို ပီသအောင် မထွက်တတ် မထွက်နိုင်တာမျိုးလို၊ ကာလံဒေသံ၊ လူပုဂ္ဂိုလ်၊ ရဟန်း၊ သံဃာလူကြီးလူငယ် ဆွေမျိုး၊ အဖေဘက်၊ အမေဘက် သင့်တင့်လျောက်ပတ်တဲ့ မြန်မာစကား မသုံးတတ်တာကမှ ပိုလို့ မြန်မာ ယဉ်ကျေးမှု ယုတ်လျော့ရာ ရောက်ပါသေးတယ်။ မူလကိုယ့်ယဉ်ကျေးမှု လူမှုထုံးတမ်းမှာလည်း မရှိတဲ့၊ လူလူချင်း နှိမ်ချ ခွဲခြားလူ့ဂုဏ်သိက္ခာကို ထိပါးတဲ့၊ ခိုင်းလို့ ကြောက်လို့ အကျိုးမျှော်လို့ စီးပွားကြောင့် ဥစ္စာ ကြောင့် ရာထူးကြောင့် မဖြစ်မနေလုပ်နေရတဲ့ လက်အုပ်ချီ ရှိခိုးဓလေ့လို မလျော် ကန်တဲ့ အပြုအမူ မကျင့်သုံး မပြုလုပ်တဲ့အတွက် မြန်မာ့ယဉ်ကျေးမှု အဆင့်အတန်း နိမ့်ကျ ယုတ်လျော့စရာ အကြောင်းမရှိပါဘူး။

အားလုံးသိကြတဲ့အတိုင်း မြန်မာ (ဗမာ)တွေ ကာလ၊ဒေသမရွေး လက်အုပ်ချီအရိုအသေပေးခြင်းဟာ ဗုဒ္ဓမြတ်စွာဘုရားနဲ့ ဘုရားရဲ့သားတော် ရဟန်း သံဃာတော် တွေကိုသာ ပြူမူလေ့ရှိပါတယ်။ နေရာ၊ ဒေသ၊ အခြေအနေ အပေါ် မူတည်ပြီး လက်အုပ်ချီ ဂါရဝပြုလေ့ရှိကြတဲ့ နောက်တစ်မျိုးက ဘုရား၊ တရား၊ သံဃာနဲ့အတူ တစ်ဂိုဏ်းတည်းထား လေးစားရိုသေမြတ်နိုးရတဲ့ မိဘနဲ့ ဆရာသမားတွေအပေါ်မှာ ဖြစ်ပါတယ်။

အလားတူ အခြေအနေ၊ အချိန်အခါအလိုက် လက်အုပ်ချီ အရိုအသေ ပေးလေ့ရှိကြ တာက မိမိထက် အသက်ကြီး၊ ဝါကြီး၊ သီလပညာ သိက္ခာကြီး ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်များ၊ လူကြီးသူမများကို ဖြစ်ပါတယ်။ နောက်တစ်ချက် ထူးခြားတဲ့ အခြေအနေ ဖြစ်စဉ်သဘောမျိုးဖြစ်တဲ့ မိမိအသက်ကို ကယ်ခဲ့သူ (သို့မဟုတ်) ဆေးဆရာ သမားတော်ကြီးများကိုလည်း ကျေးဇူးသိတတ်တဲ့ သဘောရှိခိုးကန်တော့ ဂါရဝပြုလေ့ ရှိကြပါတယ်။ ဒီလိုအချက်၊ အခြေအနေ မျိုးတွေ၊ သီးခြားထူးခြား ဖြစ်စဉ်မျိုးတွေကလွဲလို့ နေ့စဉ် လူမှုဘဝမှာတော့ လူအချင်းချင်း လက်အုပ်ချီ၊ ဦးညွတ်နှုတ်ဆက်တယ်ဆိုတာ မြန်မာ့ (ဗမာ့) ဓလေ့မှာ လုံးဝမရှိခဲ့ပါဘူး။

ဒီလက်အုပ်ချီဓလေ့ဟာ ဟိန္ဒူဘာသာ ယဉ်ကျေးမှုဓလေ့ထုံးစံမှာ မြစ်ဖျား ခံကာ သူတို့ရဲ့ လူမှုထုံးတမ်းမှာပါ တည်ရှိနေပြီး အိန္ဒိယယဉ်ကျေးမှု ပျံ့နှံ့ရောက်ရှိတဲ့ ဗမာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေကို သက်ရောက်လာခဲ့ပါတယ်။

တချို့ နိုင်ငံတွေမှာ နေ့စဉ်သုံး နှုတ်ခွန်းဆက်ရာမှာပါ ဓလေ့အနေနဲ့ သုံးလာကြပါတယ်။ ဥပမာ – အိန္ဒိယနိုင်ငံမှာ လူအချင်းချင်း နှုတ်ဆက်ရင် လက်အုပ်ချီ ဦးညွတ် ဒူးညွတ်ပြီး “Namasté” လို့ နှုတ်ဆက်သလို ထိုင်းနိုင်ငံ မှာဆိုရင် အလားတူအမူအရာနဲ့ “Sawasdee” လို့ နှုတ်ဆက်ပါတယ်။ ကမ္ဘောဒီးယားမှာဆိုရင် “Sampeah” လို့ဆိုပြီး နှုတ်ဆက်ကြပါတယ်။

ဗြိတိသျှကိုလိုနီ ကျွန်သဘောက်ဘဝ လွတ်မြောက်ရေး ကြိုးပမ်းစဉ် ကာလတုန်းက သခင်ဘသောင်း ဦးဆောင်တဲ့ ဒို့ဗမာအစည်းအရုံးဝင် ရှေးသခင်ကြီးတွေဟာ လူအချင်းချင်း၊ အထူးသဖြင့် အုပ်စိုးသူ၊ သြဇာ အာဏာရှိသူ အင်္ဂလိပ်နဲ့ လက်ပါးစေ အခွင့်ထူးခံလူတန်းစားတွေကို ဘုရားထူး၊ သခင်တပ်ခေါ်၊ လက်အုပ်ချီ၊ ဦးညွှတ် အရိုအသေ ပေးနေရ တာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပါတယ်။

လူတိုင်း နာမည်ရှေ့မှာ သခင်တပ်ခေါ်ရင်း ပဒေသရာဇ်စနစ်ဆိုးနဲ့ ကိုလိုနီနယ်ချဲ့စနစ်ဆိုးဒဏ်ကို ရာစုနှစ်၊ ဆယ်စုနှစ်များစွာ ခံစားရင်း ကျွန်စိတ်ဝင်နေရှာကြတဲ့ ဗမာနိုင်ငံသား လူမျိုးပေါင်းစုံကို “သခင်စိတ်” သွင်းပေးခဲ့ပါတယ်။ ဒါဟာ တိုင်းပြည်ကို သူ့ကျွန်ဘဝက လွတ်မြောက်စေခဲ့တဲ့ အတွေးအခေါ် လက်နက်ကောင်း တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ဒါကို နောင်တိုင်းပြည်မှာ ဆယ်စုနှစ်ငါးစုကျော် တိုင်းသူပြည်သားအပေါ် ဗိုလ်ကျစိုးမိုးခဲ့တဲ့ စစ်အာဏာရှင်တွေက စစ်ဘုရင်ဓလေ့ ပဒေသရာဇ် ဉာဉ်လည်း မပျောက်၊ ကိုလိုနီ အမွေဆိုးကိုလည်း ဆက်လက်ထိန်းသိမ်းလိုပြီး အတွေးအခေါ် ကျပ်မပြည့်၊ လူလူချင်း ခွဲခြားတဲ့စိတ်နဲ့ သာမန်ထက်ပို အရိုအသေပေးမှု ခံယူချင်ကာ သူတို့ရဲ့ မင်းခမ်း၊ မင်းနား၊ ပွဲလမ်းသဘင်နဲ့
တိုင်းခန်းလှည့်လည်တဲ့ ခရီးစဉ်တွေမှာ ကျောင်းသားလူငယ်များနဲ့ ပြည်သူလူထုကို အတင်းအဓမ္မ လက်အုပ်ချီ ကြိုဆိုနှုတ်ဆက်ခိုင်းရင်းနဲ့ လက်အုပ်ချီ နှုတ်ဆက်တဲ့ ဓလေ့ကို လူမှုထုံးတမ်းအဖြစ် ဇွတ်အတင်း သွတ်သွင်းရှင်သန်စေခဲ့ပါတော့တယ်။

ဒါဟာ ကြောက်စိတ်၊ အငုံ့စိတ်အုပ်စိုးသူ လုပ်သမျှခံမယ့် ကျွန်စိတ်ကို တိုင်းပြည်မှာ အထူးသဖြင့် လူငယ်မျိုးဆက်သစ်ကြားမှာ ရှင်သန်စေချင်လို့ စနစ်တကျ ရည်ရွယ်ချက် ရှိရှိ ကြံစည်ခဲ့ကြခြင်းပါ။ ဒီအကျိုးဆက်က နာခံတော်နောက်လိုက် ကျွန်ကောင်းဖြစ် တာကို အရည်အချင်းတစ်ခုအလား လိုလိုချင်ချင် ခံယူကာ အရပ်ဘက် ဌာနဆိုင်ရာတိုင်း၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍ မကျန် စာသင်ခန်းတွေ အထိပါ အရိုးစွဲ ကျင့်သုံးလာခဲ့ ကြပါတော့တယ်။ ‘ရေဘူးပေါက်တာမလိုချင် ရေပါတာလိုချင်တယ်’ အာဏာနဲ့ ဇွတ်နာခံစေခိုင်း လုပ်စေမှု၊ အမိန့်တည်စေမှုတွေဟာ တိုင်းပြည်ရဲ့ ကဏ္ဍစုံမှာ အမြစ်တွယ်ခဲ့ပါပြီ။

ဒီလိုနဲ့ အထက်အမိန့်ကို ကြောက်လို့ မဖြစ်မနေလုပ်ရတဲ့ အဖြစ်တွေ၊ ဟန်ပြတွေ၊ ဇွတ်ခေါင်းငုံ့ ဖော်ဆောင်ရတဲ့စတဲ့ မတော်မတည့်မှု အစုစုရဲ့ ဆိုးကျိုးဒဏ်ကို ခံရရင်း နိုင်ငံလည်း ယိုယွင်းပျက်စီး ချွတ်ခြုံကျ ယုတ်လျော့ခဲ့ရတာ လက်ရှိ ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ဆုံးစာရင်းဝင်တဲ့ ဘင်္ဂလာဒေ့ရှ်အောက်၊ အီသီယိုးပီးယားအောက် ရောက်နေရရှာတဲ့ ပကတိ တိုင်းပြည်ကို မျက်မြင်တွေ့ခဲ့ရပါပြီ။

နောက်တစ်ချက်က ဒီလက်အုပ်ချီ ဓလေ့ကြောင့်ပဲ သက်ဦးဆံပိုင် စစ်ဘုရင် မင်းစိတ်ပေါက်သူ လူတန်းစား၊ တစ်သီးတစ်သန့် ကိုးကွယ်ပူဇော်ရှိခိုးခံ လူတန်းစား၊ အုပ်စိုးသူ လူတန်းစား၊ ဘုရားထူးခံ လူတန်းစားစတဲ့ VIP တံဆိပ်ကပ်ခံ အရာရာအခွင့်ထူးခံ ပြည့်စုံကုံလုံ ကြွယ်ဝစံစားနေရတဲ့ လူမှုအစုအဖွဲ့အုပ်စု လူလက်တစ်ဆုပ်စာကိုလည်း ဖန်တီးလိုက်ပါတယ်။ ကျန်တဲ့ လူထုလူအများကတော့ အဲဒီ လူတန်းစားအတွက် အလုပ်အကျွေးပြု ရင်း ငတ်ရင်း၊ ခံရင်း လူတန်းစားမညီမျှ မှုတွေ၊ လူမှု-စီးပွား တရားမဲ့မှုတွေ တိုင်းပြည်မှာ ပိုတိုးလာခဲ့တော့တယ်။

ဒါ့အပြင် ဒီလိုရုပ်ပိုင်းဆိုင်ရာအရ ဝပ်တွားခယရတဲ့ လူမှုဓလေ့ဟာ နိုင်ငံရေး ဓလေ့ Politcal Culture ကိုလည်း လွှမ်းမိုးသက်ရောက် ပြုပြင်စွမ်းပါတယ်။ လူမှုထုံးတမ်းမှာ၊ ပညာရေးစနစ်မှာ အလွန်အမင်း ရိုကျိုးခေါင်းငုံ့ ဒူးထောက် စိတ်ကို ဆိုခဲ့သလို အစီစဉ်တကျ ထည့်သွင်းခဲ့တော့ တိုင်းပြည်တစ်ခုလုံးရဲ့ နိုင်ငံရေးနိုးကြွမှု ရေချိန်ကို အတိုင်းအတာတစ်ခုအထိ အုပ်စိုးသူ အာဏာရှင်က ထိန်းချုပ်နိုင်ခဲ့ပါ တယ်။

တစ်မတ်သား ရွှေရည်စိမ် ဒီမိုကရေစီကို အခွင့်အရေးတစ်ခုအဖြစ် မြင်စေ တဲ့အထိလည်း နိုင်ငံရေးအမြင်မှားတွေကို ဖြစ်စေနိုင်ခဲ့ပါတယ်။ လွှတ်တော် မရှိတာနဲ့ စာရင်၊ အရပ်သားအစိုးရအဖွဲ့ လုံးလုံးမရှိတာနဲ့စာရင်၊ အခြေခံ ဥပဒေနဲ့ မအုပ်ချုပ်တာနဲ့ စာရင် စစ်ဗိုလ်များကြီးစိုးတဲ့ လွှတ်တော်၊ အစိုးရနဲ့ စစ်ဖွဲ့စည်းပုံ ရှိလာတာ အမြတ်ပဲဆိုတဲ့ ဒီမိုကရေစီဈေးပေါင်ကျိုးတရား တွေကိုလည်း လူထုလူပြိန်း အများကြိုက် ရေပန်းစားတရား ဖြစ်စေခဲ့ပါတယ်။

ဒါတွေ အားလုံးဟာ ပြန်မပြောရ၊ မဆိုရ ပြားပြာဝပ် အောက်ကျို့ တရားလွန် ယို့ယို့နေရတဲ့ လက်အုပ်ချီဓလေ့၊ အငုံ့ကြောက်စိတ်ကို နေ့စဉ်သုံး လူမှု ဓလေ့မှာ အောင်အောင်မြင်မြင် သွတ်သွင်းခဲ့ခြင်းက အဓိကအကြောင်းကြီး အဖြစ် ပါခဲ့ပါတယ်။

ဒါကြောင့် အခုအချိန်မှာ စံချိန်မီဒီမိုကရေစီစနစ် လူ့ဘောင်ကို အမှန်တကယ် ရှေးရှုချင်တယ်ဆိုရင် နိုင်ငံရေး ရည်ရွယ်ချက်နဲ့ စစ်ဗိုလ်ချုပ်ကြီးများ အစဉ်အဆက် ဇွတ်ပုံဖော် ဇောင်းပေးခဲ့တဲ့ လက်အုပ်ချီ လူမှုဓလေ့ ကနေ တိုင်းပြည်ကို ဘယ်လောက် ထိခိုက်နစ်နာစေသလဲ၊ စစ်ကျွန်သက်ဆိုးရှည်စေ နေသလဲ ဆိုတာကို ကျွန်တော်တို့ နိုင်ငံသားအများစု ဘာသာလူမျိုးစုံ လက်ခံနားလည် မြင်တတ်ဖို့ မဖြစ်မနေ လိုနေပါပြီ။

‘လက်အုပ်ချီ’ နဲ့ ‘မင်္ဂလာပါ’ ဟာ စစ်ဗိုလ်ချုပ်များရဲ့ နိုင်ငံရေးအာဏာ အကျိုး အတွက် ဖန်တီးထားတဲ့ ‘လုပ်’ ယဉ်ကျေးမှု ဖြစ်ကြောင်း၊ အစဉ်အဆက် မြန်မာ့ရိုးရာ နေ့စဉ်သုံး ဓလေ့ထုံးစံ မဟုတ်ကြောင်း အားလုံးဆင်ခြင်နိုင်ကြ ရင်း လူလူချင်း ရှိခိုးခံလူတန်းစားနဲ့ ဓလေ့အမြန်ဆုံး တိုက်ဖျက်နိုင်စေဖို့ရာ ဆွေးနွေးတင်ပြ နှိုးဆော်လိုက်ကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး
(ဆက်သွယ်ရန်နှင့် ပြန်လည်ဝေဖန်ရန် - nyeinchanaye81@gmail.com)

The Ladies News Journal

No comments:

Post a Comment

My Blog List