Thursday, December 03, 2015

နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေးမှုထက် ကာကွယ်ရေးဦးစီး ချုပ်နှင့် ဆွေးနွေးမှုအား ပိုမိုစိတ်ဝင်စားဟု ဦးအေးသာအောင်ဆို


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး တွေ့ဆုံဆွေးနွေးမှုထက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှု အား ပိုမိုစိတ်ဝင်စားကြောင်း ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးအေးသာအောင်က ဆိုသည်။
“တွေ့တဲ့အခါမှာ တွေ့ရုံသက်သက်၊ ဆွေးနွေးရုံသက်သက်နဲ့မပြီးဘဲ တကယ်ရေရှည် မှာ ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ နောင်တက်လာမယ့် အစိုးရအနေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့အရေးကြီးပါတယ်။ ပြောရမယ် ဆိုရင်တော့ ကျွန်တော်တို့ တိုင်းပြည် မှာက ပြသ၁နာတွေ စိန်ခေါ်မှုတွေက များပါတယ်။ ဒါတွေကို အားလုံးလက်တွဲ ပူးပေါင်းပြီးတော့ ဆောင်ရွက်မှ အဆင်ပြေမှာပါ။ အထူးသဖြင့်ကာကွယ်ရေး ဦးစီးချုပ်က လက်ရှိဖွဲ့စည်းပုံအရ အတိုင်းအတာတစ်ခုအထိ လုပ်ပိုင်ခွင့်ရှိတယ်။

ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးများကို လည်း ခန့်နိုင်တဲ့ အနေအထားမှာရှိတော့ နောင်တက်လာမယ့်အစိုးရနဲ့ လက်တွေ့မှာ ပူးပေါင်းဆောင်ရွက်ဖို့ အဓိက ကျပါတယ်” ဟု ဦးအေးသာ အောင်က ပြောသည်။

လက်ရှိအချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့သာ အပစ်ခတ်ရပ်စဲရန် NCA လက်မှတ် ရေးထိုးထားပြီးအဖွဲ့ ၁၃ ဖွဲ့ ကျန်ရှိသေးသည့်အတွက် လာမည့် အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေး ဆက်လက် ဆောင်ရွက်သည့် အချိန်တွင် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရာ၌ အာဏာလွှဲပြောင်းရုံ သက်သက်မဟုတ်ဘဲ ရေရှည်ပူးပေါင်း ဆောင်ရွက်ချက်များပါ ဆွေးနွေး၍ သဘောတူညီချက်များ ရရှိပါက ပိုမိုကောင်းမွန်မည်ဟု ထင်ကြောင်း ဆက်ပြော သည်။

“သမ္မတ ဦးသိန်းစိန်ရော ကာချုပ်ရော တကယ့်တိုင်းပြည်မှာ အရေးကြီးတဲ့ ပုဂ္ဂိုလ် တွေပဲ။ နှစ်ယောက် ကွာခြားချက်ကတော့ ရွေးကောက်ပွဲပြီးသွားတဲ့ အခါမှာ သမ္မတ ကတော့ ဆက်ဖြစ်ဖို့မရှိတော့ဘူး။ သူ့ အစိုးရ မဟုတ်တော့ ဘူးဆိုတော့ သူက အပြင်ဘက်ကို ရောက်သွားတာပေါ့လေ။ တပ်မတော် ကတော့ ရှိနေမှာပေါ့။ ရှိနေတဲ့ ခေါင်းဆောင်က ပိုပြေလည်ဖို့ ကောင်းတာ ပေါ့။ သူနဲ့ဆွေးနွေးပြီး နားလည်မှု ရရှိပြီးတော့ သူတို့ နှစ်ယောက် အတူတူ လုပ်ဆောင်သွားမယ် ဆိုရင်ပိုပြီးတော့ ကောင်းသွားတာပေါ့” ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဥက္ကဋ္ဌ ဦးသုဝေက ပြော သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် က အမျိုးသား ပြန်လည် သင့်မြတ်ရေး သဘောထားကို အခြေခံပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးလိုကြောင်း စာဖြင့် တွေ့ဆုံရန် တောင်းဆိုခဲ့ပြီး ဒီဇင်ဘာ ၂ ရက်နေ့တွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

သတင်း - MMK
The Ladies News Journal

No comments:

Post a Comment

My Blog List