Friday, March 13, 2015

အာဏာရှင် အကျင့်မပျောက်သည့် အစိုးရ မိဘပြည်သူများခင်ဗျားဟု ရင်ထဲက မပါဘဲ နှုတ်ခွန်းမဆက်သင့်တော့ဟု အရှင်ဆန္ဒာဓိက မိန့်


လက်ပံတန်း ကျောင်းသားပိတ်ကို အကြမ်းဖက် ဖြိုခွင်းပြီးနောက် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရကို နိုင်ငံတကာ အပါအဝင် အဖွဲ့အစည်း အသီးသီးမှ ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် အများကြည် ညိုလေးစားပြီး ဓမ္မစာပေများ ရေးသားနေသည့် အရှင်ဆန္ဒာဓိက,ကလည်း ရင်ထဲက မပါသည့် မိဘပြည် သူများ ခင်ဗျား အသုံးအနှုန်း မသုံးနှုန်းသင့်တော့ကြောင်း မိန့်ကြားလိုက်သည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် မတ်လ ၁၂ ရက်က ကျင်းပသည့် လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွင်းခံရမှု ရှုတ်ချပွဲသို့ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ပေးပို့သည့် သဝဏ်လွှာ တွင် ရေးသားထားခြင်းဖြစ်သည်။

လစဉ် ရေဒီယိုမိန့်ခွန်းများတွင် သမ္မတ ဦးသိန်းစိန် အစချီပြောဆိုလေ့ရှိသည့် "မိဘပြည်သူများ ခင်ဗျာ" ဟူ သည့် နှုတ်ခွန်းဆက်စကားသည် အပေါ်ယံဟန်ပြသာဖြစ်ပြီး ရင်ထဲက မပါသည့် လေသံဖြင့် မပြောဆို သင့်ကြောင်း သဝဏ်လွှာတွင် ပါရှိသည်။ "မိဘ ပြည်သူများ ခင်ဗျာ ဆိုတဲ့ နှုတ်ခွန်းဆက် စကားကို ရင်ထဲက မပါတဲ့လေသံနဲ့ အပေါ်ယံဟန်ပြ မပြောဆိုသင့်သလို သားသမီးကျောင်းသား၊ ကျောင်းသူတို့ရေ ဆိုတဲ့ နှုတ် ခွန်းဆက်စကားကို မိဘကောင်း တစ်ယောက်ရဲ့ စစ်မှန်တဲ့ မေတ္တာ နှလုံးသားနဲ့ ကရုဏာသံပြည့်ဝ စွာ နွေးနွေးထွေးထွေး ပြောဆိုနိုင်ဖို့ကိုလည်း လုံးဝန် ဝန်မလေးသင့်ပါဘူး" ဟု အရှင်ဆန္ဒာဓိက,က ဆိုသည်။

မတ်လ ၁၀ ရက် လက်ပံတန်းတွင် ပေါ်ပေါက်ခဲ့သည့် ကျောင်းသားသပိတ်ဖြိုခွင်းမှုတွင် ကျောင်းသားများနှင့် အရပ်သား ၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့သည့် ဖြစ်စဉ်ကိုလည်း "အကြမ်းမဖက်တဲ့နည်းနဲ့ ငြိမ်းချမ်းစွာ လူကြီးလူကောင်းဆန်စွာ ဒီမိုကရေစီနည်းကျ ဖြေရှင်းကြပါ" ဟုလည်း အရှင်ဆန္ဒာဓိက,က တိုက်တွန်းထား သည်။

အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည့် အစိုးရတစ်ရပ်သည် အာဏာရှင် အမူအကျင့် မပျောက်သည်ကို လက်ပံတန်း အကြမ်းဖက်မှုက သက်သေ ပြလိုက်ခြင်းဟုလည်း အရှင်ဆန္ဒာဓိက, က ရည်ညွှန်းခဲ့သည်။ "ဘုန်းကြီးလူထွက်ဟာ ဘုန်းကြီး အမူအကျင့် မပျောက်သလို အာဏာရှင် လူထွက်ဟာလည်း အာဏာရှင် အမူအကျင့် မပျောက်ဘူး ဆိုတာကို လက်ပံတန်း အကြမ်းဖက်မှုက ထင်ရှားစွာ သက်သေပြလိုက်ပါပြီ" ဟု သဝဏ်လွှာတွင်ပါရှိသည်။

မတ်လ ၅ ရက် ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့တွင် ကျောင်းသားသပိတ်ဖေါ်ဆောင်မှုကို ထောက်ခံဆန္ဒပြသူ များအား လက်ပတ်နီ အရပ်သားများ၊ စွမ်းအားရှင်များက ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး မတ်လ ၁၀ ရက်တွင် ထပ် မံပေါ်ပေါက်ခဲ့သည့် အကြမ်းဖက် ဖြိုခွင်းမှုများကို ရည်ညွှန်းလျက် အဆိုပါ လုပ်ရပ်များသည် အာဏာရှင် လူထွက်တို့၏ လုပ်ဆောင်ချက်ဟုလည်း ဆရာတော်က ဆိုသည်။

"အာဏာရှင် လူထွက်တွေရဲ့ သရုပ်သကန်ကို အမှန်အတိုင်း ထုတ်ဖေါ်ဝန်ခံလိုက်တာပါပဲ" ဟု ဆိုကာ "နိုင်ငံတော် အကြီးအကဲအားလုံးနီးပါးနဲ့ ဒေသဆိုင်ရာ အကြီးအဲအားလုံးနီးပါးဟာ အာဏာရှင် လက်ထက် က အစိုးရအဖွဲ့အစည်းထဲမှာ ဦးဆောင်ပါဝင်ခဲ့ကြသူတွေဖြစ်လို့ အာဏာရှင် လူထွက်တွေပဲ" ဟုလည်း ဆရာတော်က ဆိုသည်။ မြန်မာနိုင်ငံသားအားလုံး မင်းကောင်းမင်းမြတ် ခေါင်းဆောင်ကောင်းနဲ့ အမြန် ဆုံး တွေ့ကြုံဆုံဆည်းခွင့် ရကြပါစေဟုလည်း ဆရာတော်၏ သဝဏ်လွှာ နိဂုန်းတွင် ဆုမွန်တောင်းထား သည်။

မတ်လ ၁၀ ရက် လက်ပံတန်းမြို့ ကျောင်းသားသပိတ်စခန်း ဖြိုခွင်းမှုတွင် ကျောင်းသား၊ အရပ်သား ၁၂၇ ဦးထိန်းသိမ်းခံခဲ့ရသည်။ ထိန်းသိမ်းခံခဲ့ရသူများထဲမှ ၁၇ ဦးကို မတ်လ ၁၂ ရက်က ပြန်လည်လွှတ်ပေးပြီးဖြစ် သည်ဟု အစိုးရ တာဝန်ရှိသူများက ဆိုသည်။ ကျောင်းသား သပိတ်စခန်းကို အကြမ်းဖက် ဖြိုခွင်းမှု အတွက် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန်တွင် "ဥပဒေအရ" လုပ်ဆောင်ခဲ့ခြင်း သာဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက တုန့်ပြန်ထားသည်။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး မဖြိုးဖြိုးအောင် လည်း ပါဝင်နေရာ ပြန်လွှတ်ပေးရန် အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျူဘုရ့်က မတ်လ ၁၃ ရက် တွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List