Thursday, February 05, 2015

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပနိုင်တော့မည်


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး အတွက် ပြည်လုံးကျွတ် ဆန္ဒခံ ယူပွဲ ကျင်းပနိုင်တော့ မည် ဖြစ်ကြောင်း သိရသည်။ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေ ကြမ်းကို ပြည်ထောင်စု လွှတ်တော်က ဖေဖော်ဝါရီလ ၃ ရက်၌ အတည်ပြုလိုက်သဖြင့် လာမည့် မေလ တွင် ပြည်လုံး ကျွတ် ဆန္ဒခံ ယူပွဲ ကျင်းပနိုင်တော့မည်ဟု လွှတ်တော် ကိုယ်စားလှယ်တချို့က ဧရာဝတီသို့ ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အတွက် ပြည်လုံးကျွတ် ပြည်သူ့ ဆန္ဒခံယူပွဲ ကျင်းပရန် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၉ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ဆွေးနွေးခဲ့ကြပြီး အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်၊ လွှတ်တော်နှစ်ရပ်လုံးက သဘောတူ သည့် ဥပဒေကြမ်းအဖြစ် ပြည်ထောင်စု လွှတ်တော် က ထိုနေ့တွင် ဆုံးဖြတ်၍ သမ္မတထံသို့ ပေးပို့ခဲ့သည်။

ထိုကဲ့သို့ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်း အတည် ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းအား သမ္မတ ဦးသိန်းစိန်က သဘောထားမှတ်ချက် ၁၁ ချက်ဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း လွှတ်တော်သို့ ပြန်လည် ပေးပို့ခဲ့သည်။

ထို ၁၁ ချက်ကို ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီလ ၂ နှင့် ၃ ရက်နေ့များတွင် ပြန်လည် ဆွေးနွေး ခဲ့ကြပြီး အချက်တချို့ကို သမ္မတ၏ ဆန္ဒ သဘောထားအတိုင်း ပြန်လည် အတည်ပြုပေးခဲ့ကြောင်း သိရသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က“နောက်ဆုံးအဆင့် ပြီးသွားပြီ။ ဥပဒေဖြစ်ဖို့ပဲ ရှိတော့တယ်။ သမ္မတပေး တဲ့ အချက်တွေထဲမှာ ကောင်းတဲ့အချက်တွေ ပါပါတယ်။ သူ့မှာလည်း ရှေ့နေအဖွဲ့ ရှိတာကိုး။ White Card တွေ မပေးသင့်ဘူးလို့ ရခိုင်အမတ်တွေ တင်ပြပုံ ကောင်းပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုတုန်းက ပါတယ်ဆိုတော့ လက်ခံရမှာပဲ။ တချို့ဥပဒေတွေက ဆန္ဒနဲ့ ဆုံးဖြတ်ရတာ မဟုတ်ဘူး။ အကျိုးအကြောင်းနဲ့ ဆုံးဖြတ်ရတာ”ဟု ဧရာဝတီသို့ ပြောသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအား ၂၀၁၅ ခုနှစ် မေလတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဦးဆောင် ကျင်းပပေးမည်ဟု လွှတ်တော်က အတည်ပြုခဲ့ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း ကလည်း ပြောသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကလည်း“ဥပဒေကြမ်း ပူးပေါင်းကော်မတီက ကျနော်တို့ အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းတခုကို သမ္မတဘက်က ပြန်ကြားလာတဲ့ တပိုဒ်ချင်းကို ကျိုးကြောင်း ဆီလျော်စွာ ပြန်သုံးသပ်တာပေါ့။ ဥပဒေကြမ်းကို ပြီးတာနဲ့ သမ္မတဆီကို ပေးပို့ပြီး ပြဌာန်းဖို့ အတွက် လက်မှတ်ထိုးခိုင်းရမယ်။ မထိုးရင်လည်း ရတယ်။ တပတ်အတွင်း အတည် ပဲ”ဟု  ပြောသည်။

ယခု ဥပဒေကြမ်းကို လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်ပြီး ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေနှင့်အညီ သမ္မတထံသို့ ပြန်လည် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List