Wednesday, November 19, 2014

ဂျပန်စီးပွားရေး ကျဆင်း၍ ဝန်ကြီးချုပ်အာဘေး ကြားဖြတ်ရွေးကောက်ပွဲ ကြေညာရကိန်းဆိုက်


မကြာသေးခင် ရက်ပိုင်းအတွင်း ထွက်ပေါ်လာသော ကိန်းဂဏန်းများအရ ဂျပန် စီးပွားရေးသည် ဝန်ကြီးချုပ် ရှင်ဇို အာဘေး အာဏာပြန်လည် ရရှိလာပြီးနောက် ၂ နှစ်နီးပါးအတွင်း ကျဆင်းသည့် အပိုင်းထဲသို့ ရောက် ရှိခဲ့ရာ ၎င်းအနေနှင့် အခွန်ငွေ တိုးမြှင့်ကောက်ခံမည့် ကိစ္စကို ရပ်ဆိုင်းကာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်း ပပေးရန် စီစဉ်ရတော့မည့် အခြေအနေသို့ ရောက်ရှိသွားကြောင်း ဂျပန် သတင်းဌာနများက ရေးသားဖော်ပြ သည်။ 

တနင်္လာနေ့က ထုတ်ပြန်လိုက်သည့် ကိန်းဂဏန်းများအရ ကမ္ဘာ့တတိယ အကြီးဆုံး ဂျပန် စီးပွားရေးသည် ဒုတိယ လေးလပတ်အတွင်း မမျှော်လင့်ဘဲ ကျဆင်းခဲ့သည်ကို တွေ့ရသည်။ 

ထိုသို့ဖြစ်ရခြင်းမှာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအစိုးရက ပြီးခဲ့သည့် ဧပြီလအတွင်း စတင်အကောင်အထည် ဖော်ခဲ့သည့် ကနဦး အရောင်းခွန် ကောက်ခံရေး အစီအစဉ်၏ ဂယက်ကြောင့် ဖြစ်သည်ဟု စီးပွားရေး ပညာရှင်များက ယုံကြည်ကြသည်။ 

ဂျပန်အစိုးရက ဧပြီလမှစ၍ အရောင်းခွန်များ ကောက်ခံမှုကို ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းသို့ ကနဦးတိုးမြှင့် ကောက်ခံခဲ့ခြင်း ဖြစ်သည်။ 

ဂျပန် စီးပွားရေး ကျဆင်းမှုကို ဖော်ကျူးလိုက်သော အဆိုပါ ကိန်းဂဏန်း များကြောင့် ဝန်ကြီးချုပ် ရှင်ဇို အာဘေး အနေနှင့် အရောင်းခွန် ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ကို ရပ်ဆိုင်းရတော့ မည် ဖြစ်သလို ကြားဖြတ် ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပမည်ဟု ကြေညာရတော့မည် ဖြစ်ကြောင်း ဂျပန် ဥပဒေရေးရာ ကျွမ်းကျင်သူများက ဆိုသည်။

“နောက်ဆုံးတော့ စီးပွားရေး ကျဆင်းတဲ့ ပြဿနာကို ဖယ်ရှားနိုင်မယ့်အခွင့် အရေးကို ကျွန်တော်တို့ ရယူနိုင်ပြီ ဖြစ်ပါတယ်” ဟု ရှင်ဇိုအာဘေးက ဂျပန်ဥပဒေ ပြုအမတ်များ၊ အစိုးရ အရာရှိကြီးများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။ 

ယင်းဖြစ်ရပ်ကြောင့် ဂျပန် စီးပွားရေး လောကတွင် နာမည်ကြီးနေသည့် “ရှင်ဇိုအာဘေး စီးပွားရေး” မူဝါဒကို ပြန်လည် ဆန်းစစ်မှုများ ပြုလုပ်ရန် လိုအပ်မည် ဖြစ်သည်။ 

ရှင်ဇိုအာဘေးကိုယ်တိုင် ပြီးခဲ့သည့် ရွေးကောက်ပွဲ မတိုင်မီ ဂျပန်စီးပွားရေးကို အားကောင်းမောင်းသန် ပြန်ဖြစ်အောင် လုပ်ဆောင်သွားမည်ဟု ကတိကဝတ်ပြုပြီး အချက်သုံးချက်ပါ မူဝါဒကို အကောင်အထည် ဖော်ခဲ့သည်။

“ရှင်ဇိုအာဘေး စီးပွားရေး” ဟူသည့် မူဝါဒ၏ ရည်ရွယ်ချက်မှာ ဝယ်လိုအားနှင့် ရောင်းလိုအား အဆမ တန်မြင့် တက်လာရေးနှင့် မြင့်တက်လာသော ဝယ်လိုအားအတွက် စီးပွားရေး လုပ်ငန်းကြီးများအနေနှင့် ပြည်သူများကို အလုပ်အကိုင် ပိုမိုပေးလာရေးပင် ဖြစ်သည်။ 

ယခုကဲ့သို့ အရောင်းခွန် ကောက်ခံမှု မြင့်တက်ခြင်းကြောင့် စီးပွားရေး ကျဆင်းသည်ဟူသော စွပ်စွဲချက် များနှင့် ပတ်သက်၍ ရှင်ဇိုအာဘေးက “စားသုံးခွန် ကောက်ခံမှုကို အေးအေးဆေးဆေး ပြန်ထိန်းကြည့်ပါ မယ်။ စီးပွားရေး တိုးတက်မှုမရှိဘဲ ပြည်သူတွေရဲ့ဘဝ ကောင်းမွန်မှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List