Thursday, September 11, 2014

အမျိုးသားပညာရေးဥပဒေကို သန်လျင်နည်းပညာတက္ကသိုလ်၌ ကန့်ကွက်စာရွက်များ ဖြန့်ဝေ


ပြည်ထောင်စုလွတ်တော်တွင် အတည်ပြုထားသည့် အမျိုးသားပညာရေးဥပဒေမူကြမ်းကို အစိုးရမှ အတည် ပြုသည်ဖြစ်စေ၊ အတည်မပြုသည်ဖြစ်စေ ကျောင်းသားများ၊ ဆရာများနှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)မှ ထုတ်ပြန်ထားသည့် အချက်(၉)ချက်ကို မရမချင်းလုပ်ဆောင်သွားမည် ဟု ဒဂုံတက္ကသိုလ်မှ ကျောင်းသားသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ကိုနန်းလင်းက မဇ္ဈိမကို ပြောသည်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း စာရွက်ကမ်းခြင်းနှင့် ဟောပြောစည်းရုံးမှု အချို့ကို တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့က ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်ရှိ နည်းပညာတက္ကသိုလ် (သန်လျင် GTC)တွင် စက်တင်ဘာ ၁၁ရက်က ပြုလုပ်စဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ) စက်တင်ဘာလ ၁၁ ရက်တွင် သန်လျင် GTC ကျောင်းသားများ စာမေးပွဲ ဖြေဆိုနေသည့် နေ့ဖြစ်ပြီး ယင်းလှုပ်ရှားမှုအပေါ် ကျောင်းသားများက စိတ်ဝင်စားမှု အားနည်းခဲ့သည်။

အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ကြောင်း စာရွက်ကမ်းခြင်းနှင့် ဟောပြောစည်းရုံးမှု အချို့ကို တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့က ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်ရှိ နည်းပညာတက္ကသိုလ် (သန်လျင် GTC) တွင် စက်တင်ဘာ ၁၁ရက်က ပြုလုပ်ခဲ့သော်လည်း သန်လျင် နည်းပညာကျောင်းသားများ စိတ်ဝင်စားမှု အလွန်နည်းခဲ့သည်။ ယင်းလှုပ်ရှားမှု လုပ်သည့် အချိန်သည် နည်းပညာတက္ကသိုလ် စာမေးပွဲများ ကျင်းပနေသည့် အချိန်လည်းဖြစ်သည်။

"ကျောင်းသားတွေက အမျိုးသားပညာရေး ဥပဒေမူကြမ်းကိုမသိကြဘူး။ ကျွန်တော်တို့ တ.က.သ (တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ)တွေအနေနဲ့ အခုလို လိုက်ကန့်ကွတ်ကြောင်း သူတို့အနေနဲ့ ပူးပေါင်းပါဝင်လာအောင် လုပ်ဆောင်သွားမယ်" ဟု ယင်းကဆိုသည်။

ယခုရေးဆွဲထားသည့် အမျိုးသားပညာရေး ဥပဒေမူကြမ်းပါ အခန်း(၄)၌ အမျိုးသားပညာရေးကော်မရှင်တွင် ပညာရေးစနစ်တစ်ခုလုံးအား ဗဟိုချုပ်ကိုင်နိုင်အောင် အခွင့်အလမ်းများ ပေးထားသည်ကို တွေ့ရှိသည်။
ထိုအပြင် အခန်း(၅) ပုဒ်မ(၂၇)တွင် အဆင့်မြင့်ပညာကဏ္ဍ တစ်ခုလုံးအား ဗဟိုမှချုပ်ကိုင်နိုင်အောင် အခွင့် အာဏာပေးထားသည့် ယင်းအချက်များကို တ.က.သ များအနေဖြင့် ကန့်ကွက်သည်ဟု ယင်းကဆိုသည်။

ယင်းဥပဒေသာ အတည်ပြုပါက "ဗဟိုချုပ်ကိုင်မှုကို သွားပြီး လုံခြုံရေးရှုထောင့်က သွားတယ်။ ကျောင်း သားတွေကို ဘယ်လိုထိန်းချုပ်မလဲစသဖြင့် အဲ့လိုရှုထောင့်မျိုးက သွားနေသရွှေ့ ပညာရေးစနစ်ကနိုင်ငံ တကာတန်းဝင်တဲ့ ပညာရေးစနစ်ဖြစ်မလာနိုင်ဘူး။

စေတနာမမှန်တဲ့ ဥပဒေတစ်ခုမှာ ဘယ်လို့မှ တိုးတက်လာနိုင်စရာမရှိဘူး" ဟု ဒဂုံကျောင်းသားသမဂ္ဂ (ပြင်ပဆက်ဆံရေးတာဝန်ခံ) ပိုင်ရဲသူ ကဆိုသည်။တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တ.က.သ)မှ ရန်ကုန်ကွန်ပျုတာတက္ကသိုလ် (ဗဟန်းနယ်မြေ)ရှေ့တွင် ကန့်ကွက်ဟောပြောမှု တစ်ရပ်ကိုလည်း စက်တင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့သည်။

၎င်းဥပဒေကြမ်းကို မသိရှိသေးသည့် ကျောင်းသားများ သိရှိနားလည်စေရန်အတွက် တက္ကသိုလ်ကျောင်း သား သမဂ္ဂများမှ တက္ကသိုလ်အသီးသီးတွင် ယင်းကဲ့သို့ ဟောပြောလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး စက်တင်ဘာ ၉ ရက်ကလည်း ကွန်ပျူတာတက္ကသိုလ်(လှော်ကား)တွင် ဟောပြောမှုတစ်ခုပြုလုပ်
ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂ရက်ကလည်း တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ဦးစီးကာ ဒဂုံတက္ကသိုလ်ကျောင်းသား များ အပါအဝင် ဒဂုံတက္ကသိုလ်အတွင်း၌ ယင်းဥပဒေကြမ်းအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ယင်းအပြင် အမျိုးသားပညာရေးဥပဒေကြမ်းကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် ပြည်မြို့ရှိ တက္ကသိုလ် ကျောင်းသားများက ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများ စက်တင်ဘာလအတွင်း ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ပြီး တောင်ကြီးတွင်လည်း ကန့်ကွက်ရန် စီစဉ်လျက်ရှိသည်။

ဇူလိုင်လ ၃၁ရက်တွင် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြဌာန်းခဲ့သည့် ယင်းဥပဒေကို ကျောင်းသား များ၊ ဆရာများ၊ ပညာရှင်များနှင့် ပြည်သူတို့၏ သဘောဆန္ဒများနှင့် မပါဝင်သည့် ပညာရေးဆိုင်ရာ အခြေခံမှု မျာကို ဒီမိုကရေစီစံနှုန်းနှင့် မညီသည့်အတွက် တက္ကသိုလ်ကျောင်းသားများမှ ကန့်ကွက်ကြောင်း သဘော ထားထုတ်ပြန်ချက် သြဂုတ်လ ၂၆ရက်ကလည်း ထုတ်ပြန်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List