Monday, July 07, 2014

တစ်ဦးနှင့်တစ်ဦး လေးစားမှု၊ ယုံကြည်မှု၊ နားလည်မှုသည် အရေးအကြီးဆုံး ဖြစ်သည်ကို နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



တစ်ဦးနှင့်တစ်ဦး လေးစားမှု၊ ယုံကြည်မှု၊ နားလည်မှုသည် အရေးအကြီး ဆုံးဖြစ်သည်ကို နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ဇူလိုင် ၆ ရက်က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ ဒုတိယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင် လူငယ်များအား ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရာတွင် ထားရှိရမည့် စိတ်ထားများကို ပြောဆိုရာတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗမာပါတီမဟုတ်ကြောင်း၊ ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံထားသော ပါတီ သာဖြစ်ကြောင်း၊ ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရန် အခြေခံမှာ တန်းတူညီမျှမှုသာဖြစ်ကြောင်း၊ ပင်လုံစိတ်ဓာတ် ဆိုသည်မှာလည်း တန်းတူညီမျှမှုကိုသာ ဆိုလိုကြောင်း၊ ဗမာတိုင်းရင်းသားများသည် လူအများစု ဖြစ်သောကြောင့် ပို၍အခွင့်အရေးယူသည်မှာ မဖြစ်သင့်ကြောင်း၊ အင်အားများသည့် ပုဂ္ဂိုလ်များသည် အခွင့်အရေးထက် ပို၍တာဝန်ယူ ရမည်ဖြစ်ကြောင်း၊ ပို၍သည်းခံရမည်ဖြစ်ကြောင်း၊ ပို၍ဂရုဏာထားရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။

“အားလုံးရဲ့ကြားမှာ ရဲဘော်၊ ရဲဘက်စိတ်ရှိဖို့၊ တစ်ဦးနဲ့တစ်ဦး လေးစားတဲ့စိတ်၊ ယုံကြည်တဲ့စိတ်တွေ ရှိမယ်။ အဲဒါက အဓိက အရေးကြီးတာပဲ။ အဲဒီလို စိတ်ထားဖို့ဟာ ကျွန်မတို့ရဲ့တာဝန်ပဲ ဖြစ်တယ်။ မိတ်ဆွေကောင်း ဖြစ်ဖို့ဆိုတာဟာ တန်းတူညီမျှမှုဆိုတဲ့ အခြေခံရှိရမယ်။ အဲဒီအပေါ်မှာမှ တစ်ဦးနဲ့တစ်ဦး လေးစားရမယ်။ တစ်ဦးနဲ့တစ်ဦး နားလည် မှုပေးရမယ်။ အဲဒီဟာကို အရေးအကြီးဆုံးပဲ ဆိုတာကို ကျွန်မတို့ လူငယ်တွေ သဘောပေါက်ဖို့လိုတယ်။ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်၊ ကျွန်မတို့ ဒီမိုကရေစီပြည်ထောင်စုရဲ့ အနာဂတ်အတွက် တကယ့်ကို ကျွန်မတို့ခေါင်းထဲမှာ ရဲဘော်ရဲဘက် စိတ်၊ မိတ်ဆွေစိတ်၊ သူငယ်ချင်းစိတ်၊ တစ်ဦးပေါ်တစ်ဦး လေးစားတဲ့စိတ်၊ ယုံကြည်တဲ့စိတ်တွေ တစ်နေ့ထက်တစ်နေ့ တိုးပွားအောင်လို့ ကြိုးစားကြပါ။ အဲဒီလို ကြိုးစားတာက လူမှုရေးအတွက်လည်း ဖြစ်တယ်။ နိုင်ငံရေးအတွက်လည်း ဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတွင် သယံဇာတ အရင်းအမြစ်ထက် လူသားအရင်းအမြစ်ကို ပို၍ပြုစု ပျိုးထောင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် မိမိကိုယ်မိမိဦးစွာ နိုင်ငံသားကောင်းတစ်ဦးဖြစ်ရန်၊ ပတ်ဝန်းကျင်အတွက် တန်ဖိုးရှိစေရန် ပြုစုပျိုးထောင် ရမည်ဟုလည်း တိုက်တွန်းခဲ့သည်။

အဖွဲ့ချုပ်အနေဖြင့် လူငယ်များအား ပြုစုပျိုးထောင်နေခြင်းမှာ တစ်နှစ်၊ နှစ်နှစ်အတွက်သာ မဟုတ်ဘဲ နောင်ဆယ်စုနှစ် များအတွက် ဖြစ်ကြောင်း၊ အဖွဲ့ချုပ်အတွက်သာ မဟုတ်ကြောင်း၊ ဒီမိုကရေစီစနစ် ထူထောင်ရန်အတွက် မှန်ကန်သည့် နိုင်ငံရေးပါတီများ လိုအပ်ကြောင်း၊ အဖွဲ့ချုပ်သည် စစ်မှန်သည့် ဒီမိုကရေစီ နိုင်ငံရေးပါတီတစ်ခု အနေဖြင့် မားမားမတ်မတ် ရပ်တည်နိုင်ရန်အတွက် လူငယ်များအား ပြုစုပျိုးထောင်ခြင်းဖြစ်ကြောင်း၊ မျိုးဆက်သစ် လူငယ်များသည် ဒီမိုကရေစီ ရရှိရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။


Eleven Media Group

No comments:

Post a Comment

My Blog List