Wednesday, December 18, 2013

ရန်ကုန် - ဗန်ကောက် နေ့ချင်းရောက် ခရီးစဉ်နှစ်ထပ်ဘတ်စ်ကားကြီး များဖြင့် ပြေးဆွဲမည်

18.12.2013

ရန်ကုန်- သထုံ -ဘားအံ-ကော့ကရိတ်-မြ၀တီ-မဲဆောက်-ဗန်ကောက်ခရီးစဉ်ကို Yangon Air-Bus-Taxi လိုင်းမှ ၂၀၁၄ ခုနှစ် မြန်မာ- ထိုင်း နှစ်သစ်ကူးပွဲတော် အမီ ပြေးဆွဲသွားရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည် ။

မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ အဲကွန်းနှစ်ထပ်ဘတ်စ်ကားကြီးများဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ၁၂ နာရီကြာမြင့်မည်ဟု ဆိုသည်။

ခရီးစဉ်တစ်ခုလျှင် ခရီးသည် ၁၂၀ ဆံ့ပြီး တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှင့် နိုင်ငံခြားသားတစ်ဦးလျှင် US$ 40 နှုန်း သတ်မှတ်ထားကာ ယာဉ်အစီးရေ ၂၀ ဖြင့် တစ်ရက်ခြား ပြေးဆွဲမည် ဖြစ်သည်။

ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ကျန်းမာရေးဆိပ်ကမ်း ကားဝင်းအတွင်းမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ဘားအံမြို့သို့ နံနက် ၁၀နာရီ ရောက်ရှိကာ ကော့ကရိတ်မြို့သို့ နံနက် ၁၁ နာရီ ရောက်ရှိမည်ဖြစ်သည်။ မြ၀တီမြို့သို့ မွန်းလွဲ ၁ နာရီ ရောက်ရှိပြီး မဲဆောက်မြို့မှ ဗန်ကောက်မြို့သို့ မွန်းလွဲ ၂ နာရီ စတင်ထွက်ခွာကာ ဗန်ကောက်မြို့သို့ ညနေ ၆နာရီတွင်ေ၇ာက်ရှိမည် ဖြစ်သည်။

The Mirror Daily

စိတ်ဓာတ်တွေတံခါးဖွင့်တဲ့ပွဲ


ခင်မောင်ညို(ဘောဂဗေဒ)

ဆရာကြီးတစ်ယောက်က နေပြည်တော်မှာလုပ်မယ့် ဆွေးနွေး ပွဲတစ်ခုကို လိုက်ခဲ့ဖို့ခေါ်တယ်။ လိုက်ခဲ့ဆိုတော့လဲ လိုက်သွားတာ ပါပဲ၊ ဘာခက်တာမှတ်လို့။ သီးသီး သန့်သန့် ကိုယ့်ကိုတာဝန်ပေးထား တာမျိုးမဟုတ်ရင် မိုက်ခဲထဲမပါ ပါဘူး။ ဒါပေမယ့် မကြာခဏ ဆိုသလို မိုက်ကိုင်ထားတဲ့သူတွေ ဆီက မိုက်ပြန်တောင်းရတဲ့ အလုပ် မျိုးတွေကို မကြာခဏလုပ်လုပ်နေ ရတယ်။

နေပြည်တော်လိုက်သွားတာ က ဆီးဂိမ်းလို့ခေါ်တဲ့ အရှေ့တောင် အာရှအားကစားပွဲကို တစေ့ တစောင်း ကြည့်ချင်တာလဲပါပါ တယ်။ တမင်သက်သက်တော့ မရောက်ခဲ့ပါဘူး။ ဧည့်သည်ဆိုတာ က တက်ဆိုတက်၊ ဆင်းဆိုဆင်း၊ စားဆိုစား၊ အိမ်ရှင်တွေပင်ပန်းမယ့်၊ အလုပ်ပိုမယ့် အလုပ်မျိုးတွေ မလုပ် ချင်လို့မသွားတာလဲ ပါပါတယ်။အသက်ရလာတဲ့အခါ ကြည့်ရလဲ ကောင်းကောင်း၊ မကြည့်ရလဲ ဘာမှမဖြစ်ဘူးဆိုတဲ့ စိတ်အခံလေး ရှိနေတာလဲပါတာပေါ့။
၁၁၅ မိုင် ယာဉ်ရပ်နားစခန်း လောက်ရောက်တော့ အားကစား သမားတွေကြိုမယ့် ယာဉ်တန်း ထင်ပါရဲ့။ ရန်ကုန်ဘက်ကို မောင်း လာတာတွေ့ရတယ်။ ၁၁၅ မိုင် စခန်းမှာလဲ မီးရှူးတိုင်ကြိုဆိုမယ့် စင်မြင့်ဆောက်ထားတာ တွေ့ရ တယ်။ နေပြည်တော်ဟိုတယ်ဇုန် အဝင်မှာလဲ အလံတွေတွေ့ရတယ်။ နောက်တစ်ရက် အားကစားရုံမုခ်ဦး ရှေ့က ဖြတ်သွားတယ်။ ဒီလောက် ပါပဲ။

ဆရာကြီးတစ်ယောက်က အိမ် ရှင်တွေကို သမီးမှာတဲ့ဇီးကွက်ရုပ် နှစ်ရုပ် ဝယ်ခိုင်းတယ်။ ဒါလဲ အား ကစားလှုပ်ရှားမှုမှာ ပါဝင်တာပဲ လေ။ ကျွန်တော်တို့တစ်တွေက အပြန်မှာ ၁၁၅ မိုင်ရောက်တော့ င်္နနူ စားသောက်ဆိုင်ရှေ့မှာရောင်း နေတဲ့ တီရှပ်တွေ၊ ဦးထုပ်တွေ အားပေးကြတယ်။ ပြည်ပခရီး သွားတဲ့အခါမြန်မာနိုင်ငံနဲ့ပတ်သက် လို့ သပ်သပ်ရပ်ရပ်ရှိတဲ့ အမှတ် တရပစ္စည်းပေးစရာများများစားစား မရှိဘူး။ အခုဒီပွဲမှာ အမှတ်တရ ပစ္စည်းတွေ အတော်လေးစုံလင်တာ နဲ့ပဲ သဘောကျတယ်။

ရန်ကင်းစက်မှု(၁)လမ်းပေါ် မှာတော့ အားကစားသမားတွေ ဖြတ်သန်းသွားလာတဲ့ယာဉ်တန်း ကို မကြာခဏတွေ့ရပါရဲ့။ ဖွင့်ပွဲ ကျင်းပတဲ့နေ့ကလဲကိုယ်ကတစ်နေ့ လုံး လျှောက်သွားနေတာဆိုတော့ တစ်နေရာမှာ မီးရှူးတိုင် နေပြည် တော်ရောက်တာတွေ့လိုက်တယ်။ ပြီးတော့ အိမ်မှာကလဲ ရုပ်မြင် သံကြားလုံးဝမရှိဘူးဆိုတော့ ဘာမှ မကြည့်ဖြစ်ပါဘူး။
ဒါပေမယ့် အင်တာနက်နဲ့ နောက်တစ်နေ့သတင်းစာမှာဓာတ်ပုံ တွေ၊ သတင်းတွေ၊ ဝေဖန်ချက်တွေ စုံနေတာတွေ့ရပါတယ်။ အဆင် မပြေတာတွေ၊ သဘောမကျ တာတွေလဲကြားရပါရဲ့။ ဒါပေမယ့် သဘောအကျဆုံး ဝေဖန်ချက်က တော့ ''ဒီပွဲဟာ မြန်မာနိုင်ငံတံခါး ဖွင့်လှစ်တဲ့ အထိမ်းအမှတ်ဖြစ် တယ်''ဆိုတဲ့ခေါင်းစဉ်ပါ။
တစ်ဖက်မှာ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့သူတွေ အများကြီးရှိနေ တာ၊ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်တွေ နည်းနေတာ၊ နေပြည်တော်အားကစားကွင်းမှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်နိုင်ပေ မယ့် တစ်နိုင်ငံလုံး မီးမလင်းသေး တာအားလုံးမှန်ပါတယ်။ ပျဉ်းမနား က ဟိုတယ်လေးတစ်ခုမှာ ခြင် တစ်ကောင်နှစ်ကောင်လောက်လာ ကိုက်တော့ အားကစားသမား တွေကိုရော ခြင်ကိုက်သလားလို့ တောင် စဉ်းစားမိလိုက်သေးတယ်။ ဒီဖွင့်ပွဲအတွက် အကူအညီယူတဲ့ ကိစ္စတွေကိုလဲ ဝေဖန်ကြတာတွေ့ ရတယ်။

လုပ်စရာတွေကတော့ အများ ကြီးပါပဲ။ ဒီအထဲမှာ လုပ်သင့်တာ တွေလဲရှိတယ်။ လုပ်ချင်တာတွေ လဲရှိတယ်။ လုပ်သင့်ပေမယ့် မလုပ် နိုင်သေးတာ၊ လုပ်ချင်ပေမယ့် လုပ်လို့မရသေးတာတွေရှိတယ်။
ဆွေးနွေးပွဲမှာလဲ ဒီသဘောပဲ ထားပါတယ်။ သူတို့ကိုယ်တိုင် စွမ်းနိုင်သမျှ၊ နားလည်သမျှကြိုး စားလုပ်ထားတာဆိုတဲ့ အခြေအနေ ကိုသိနေတယ်။ သူတို့နားမလည် တာ၊ နားမလည်သေးတာတွေကိုလဲ ကိုယ်ကသိနေလေတော့ ထွေထွေ ထူးထူးဝေဖန်ချက်
မပေးခဲ့ပါဘူး။ ဝေဖန်ချက်မပေးဘဲနေတာတောင် မှ ပြောတဲ့သူတွေရှိနေလေတော့ အချိန်က မလောက်ချင်ပါဘူး။ ဒီအားကစားပွဲနဲ့ အရင်အား ကစားပွဲတွေယှဉ်ရင် အမြင်အမျိုး မျိုးနဲ့ ပြောကြဆိုကြ၊ ရေးသားကြ၊ ဆွေးနွေးနိုင်ကြတာဖြစ်တယ်။

အရင်ကအစိုးရမီဒီယာကပဲတွေ့ရ မြင်ရတယ်။ တစ်ဖက်သတ်ဆန် တယ်။ အခုတော့ မီဒီယာပေါင်းစုံ ကသွားလာဝင်ထွက်၊ သတင်းတွေ တင်ဆက်ခွင့်ရကြတယ်။ မြန်မာ နိုင်ငံက ရုပ်ပိုင်းဆိုင်ရာ တံခါး ဖွင့်လှစ်တဲ့အထိမ်းအမှတ် သာမက ထူးခြားတဲ့ အသိအမြင်အသစ်တွေ၊ တိုးတက်တဲ့ အတွေးအခေါ်တွေ၊ ကွဲလွဲတဲ့စိတ်သဘောထားတွေကို လက်ခံနိုင်တဲ့ သဘောထားတွေ ဖွင့်လှစ်ပေးတဲ့ အားကစားပွဲလဲ ဖြစ်ပါစေလို့ ကျွန်တော်ဆုတောင်း နေမိတယ်။

The Union Daily

သူရိယနေ၀န်းဂျာနယ်နှင့် ပတ်သက်သည့် ပြန်ကြားရေးတောင်းဆိုမှု စာနယ်ဇင်းကောင်စီ လိုက်လျောမည်မဟုတ်

ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၁၃ ခုနှစ်

သူရိယနေ၀န်းဂျာနယ်တွင် ဖော်ပြမှုများသည် စာနယ်ဇင်းကျင့်ဝတ်များနှင့်မညီညွတ်ဘဲ အစိုးရကိုထိခိုက် စေသည်ဟုဆိုကာ ညှိနှိုင်းဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီ (ယာယီ)သို့ အကြောင်းကြားခဲ့သော်လည်း စာနယ်ဇင်းကောင်စီဘက်မှ ၀င်ရောက်ညှိနှိုင်းပေးမည်မဟုတ်ဟု စာနယ် ဇင်းကောင်စီ အတွင်းရေးမှူးဦးကျော်မင်းဆွေက ဒီဇင်ဘာ ၁၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

“စာနယ်ဇင်းကောင်စီက ယာယီပဲဖြစ်တဲ့အတွက် တစ်စုံတစ်ခုကို ဖိအားပေးခွင့်မရှိပါဘူး။ ပြန်ကြားရေးဌာ နက သူရိနေ၀န်းဂျာနယ်နဲ့ပတ်သက်ပြီး ဒီလိုမျိုးအကြောင်းကြားစာ လက်ခံရရှိထားတယ်ဆိုတာကို အသိ ပေး အကြောင်းကြားစာ ပို့မှာပါ”ဟု ဦးကျော်မင်းဆွေက ပြောသည်။

သူရိယနေ၀န်းဂျာနယ်ပါ ရေးသားဖော်ပြမှုများသည် စာနယ်ဇင်းကျင့်ဝတ်များနှင့်မညီညွတ်သည့်အတွက် ညှိနှိုင်းဆောင်ရွက်ရန် စာနယ်ဇင်းကောင်စီ(ယာယီ)သို့ ဒီဇင်ဘာ ၁၂ ရက်က ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီသို့ ပေးပို့ခြင်းဖြစ်သည်။

စာနယ်ဇင်းကောင်စီမှ သူရိယနေ၀န်းဂျာနယ်သို့ပေးပို့သည့် အသိပေးအကြောင်းကြားစာကို ဒီဇင်ဘာ၁၇ ရက်စွဲဖြင့် စာတိုက်မှတစ်ဆင့် ပေးပို့လိုက်ခြင်းဖြစ်သည်။ အကြောင်းကြားစာတွင် ပြန်ကြားရေးဝန်ကြီးဌာ နမှ သူရိယနေ၀န်းဂျာနယ်နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် အကြောင်းအရာများ ပါဝင်သည်ဟုလည်း ဦးကျော်မင်းဆွေက ဆိုသည်။

ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် သူရိယနေ၀န်းဂျာ နယ် ထုတ်ဝေရန် လျှောက်ထားစဉ်က လိုက်နာကျင့်သုံးရမည့် စံနှုန်းများကို လိုက်နာရန် လက်မှတ်ရေး ထိုးခဲ့သော်လည်း အဆိုပါ စံနှုန်းများအား ဖောက်ဖျက်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သူရိနေ၀န်းဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးမိုးဟိန်းသို့ မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပိတ်ထားသဖြင့် ပြန်လည်ဖြေကြားချက် မရခဲ့ပေ။ ဦးမိုးဟိန်းက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)၊ ဂျာနယ်လစ်ကွန်ရက်၊ ဂျာနယ်လစ်သမဂ္ဂ စသည်တို့သည် တစ်နိုင်ငံလုံးအား ကိုယ်စားပြု၊ မပြုနှင့် စာနယ်ဇင်းဝါဒ၊ ကျင့်ဝတ်၊ အက်ဥပဒေ၊ အခြေခံမူများကို မည်သူ တွေက ရွေးချယ်ထားသနည်းဟု အောက်တိုဘာလအတွင်းက မဇ္ဈိမ၏ မေးမြန်းမှုတစ်ခုတွင် ပြန်လည် မေးခွန်းထုတ်ထားသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်ကလည်း သူရိယအလင်း အပတ်စဉ်ထုတ်ဂျာနယ်၏ ရေးသားဖော်ပြမှုများ သည် စာနယ်ဇင်းကျင့်ဝတ်နှင့်မညီပာု အောက်တိုဘာ ၃၀ ရက် နေ့စွဲဖြင့် သဘောထားဖြင့်ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သေးသည်။

အငြိမ်းစားယူသွားပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မြေးဖြစ်သူ နေရွှေသွေးအောင်နှင့် ပတ်သက် သည့် “မော်စကိုမှာသာတဲ့လ” ဆောင်းပါးကို သူရိယအလင်းဂျာနယ်တွင် ဖော်ပြပြီးနောက် ထုတ်ဝေသူနှင့် အမှုဆောင်အရာရှိချုပ်တို့ သဘောထားမတိုက်ဆိုင်မှု ဖြစ်ပေါ်ပြီးမှ သူရိယနေ၀န်းဂျာနယ်အဖြစ် ထပ် မံပေါ်ပေါက်လာခဲ့သည်။

Mizzima

မန္တလေးတိုင်းရှိ မြို့နယ်လေးခုတွင် ၀န်ထမ်းအိမ်ရာများ ၂၀၁၄ အပြီးသတ် ဆောက်လုပ်မည်

ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၁၃ ခုနှစ်

မန္တလေးတိုင်းအတွင်း မြို့နယ်လေးခုအတွက် ဆောက်လုပ်မည့် ၀န်ထမ်းအိမ်ရာစီမံကိန်းအတွက် တင်ဒါ ခေါ်ယူမှုကို ဒီဇင်ဘာ ၁၆ ရက်တွင် ပိတ်သိမ်းလိုက်ပြီဖြစ်ပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အပြီးဆောက် လုပ်သွားမည်ဟု တိုင်းမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်ကျော်လင်းက ပြော သည်။

“လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်မှာ တင်ပြတောင်းဆိုတဲ့အတွက် ဆောင်ရွက်ခြင်းဖြစ်ပါ တယ်။အိမ်ရာစီမံကိန်းအတွက် တင်ဒါပြန်ရွေးမယ့်နေ့က ရက်အတိအကျတော့ မသတ်မှတ်ရသေးပါဘူး။ ဒီတစ်ပတ်အတွင်း ပြန်ဖွင့်မှာပါ။ ဒေသခံမဟုတ်တဲ့ ၀န်ထမ်းတွေအတွက် သက်သာတဲ့ဈေးနှုန်းနဲ့ နေရာချ ထားပေးမှာပါ”ဟု ပြောသည်။

အောင်မြေသာစံ၊ ချမ်းမြသာစည်၊ မိတ်္ထီလာ၊ မြင်းခြံမြို့နယ်များတွင် ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် ယခုလ ၆ ရက်က အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ရာ တင်ဒါလျှောက်ထားသည့် ကုမ္ပဏီ ၁၀ ခုခန့်ရှိသည်။ ဖော် ပြပါ မြို့နယ်လေးမြို့နယ်တွင် အိမ်ရာများကို လေးခန်းတွဲ၊ သုံးထပ် တည်ဆောက်မည်ဖြစ်သည်။

အလားတူပင် လာမည့်ဘဏ္ဍာနှစ်များတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၂၈မြို့နယ်အတွက် ၀န်ထမ်း အိမ်ရာ ဆောက်လုပ်ရေးစီမံကိန်းများကို ဆောင်ရွက်သွားမည်ဟုလည်း ဦးကျော်ကျော်လင်းက ပြော သည်။

မန္တလေးမြို့တွင် တာဝန်ကျသည့် ၀န်ထမ်းများနေထိုင်ရန် အရှေ့ပြင် ၀န်ထမ်းအိမ်ရာစခန်း၊ စိတ္တမဟီ ၀န် ထမ်းအိမ်ရာစခန်းနှင့် မြရည်နန္ဒာ ၀န်ထမ်းအိမ်ရာစခန်း သုံးခုရှိသည်။

ဖြိုး
Mizzima

အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများ စတင်ရန် ဇန်နဝါရီတွင် ညှိနှိုင်းမည်

ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၁၃ ခုနှစ်

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်များ စတင်နိုင်ရန် အတွက် ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီက ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်တွင် ညှိနှိုင်း အစည်းအဝေး ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီအဖွဲ့ဝင် ဦးစောလှထွန်း ကပြောကြားသည်။

ယင်းအစည်းအဝေးတွင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆပ်ကော်မတီများ ဖွဲ့စည်းမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ကော်မတီ အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ကော်မတီ၏ အစီရင်ခံစာကို ဇန်နဝါရီ လကုန်တွင် ပြည်ထောင်စု လွှတ်တော်သို့ အပြီးသတ် တင်ပြရမည် ဖြစ်သောကြောင့် ကော်မတီသို့ ရောက်ရှိနေသော အကြံပြုချက်များကို ကြိုတင် ညှိနှိုင်းမှုများ ပြုလုပ်သွားရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အခုအစည်းအဝေးမှာ ဆပ်ကော်မတီတွေ ဖွဲ့ပြီး ဘယ်အပိုင်းကို ဘယ်လိုခွဲမယ်ဆိုတာ လုပ်သွားပါလိမ့်မယ်” ဟု ကော်မတီဝင် ဦးဝင်းမြင့် (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) က ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူလူထုနှင့် အသင်းအဖွဲ့အစည်းများက အကြံပြုစာ ၁၅၀၀ ကျော် ပေးပို့ထားပြီ ဖြစ်ပြီး အဆိုပါ အကြံပြုချက်များကို အဖွဲ့ဝင် ၁၀၉ ဦးက ဥပဒေ၏ အခန်းကဏ္ဍအလိုက် သီးခြား ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အကြံပြုစာများကို ယခုလ ၃၁ ရက်နေ့ မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်က ကြေညာထားသည်။

The Voice Weekly

အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲ များ ပြုလုပ်ရန် EU ကူညီမည်

ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တို့အကြား အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲ များ ပြုလုပ်ရန် ဥရောပသမဂ္ဂက ကူညီမည်ဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ ကောင်စီ၏ မြန်မာ့အရေး အနှစ်ချုပ် သုံးသပ်ချက်တွင် ဖော်ပြထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ် ရုံးတာဝန်ခံ Tom Lambert ကဆိုသည်။

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွင် အဟန့်အတားသဖွယ် ကြန့်ကြာနေသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များကို အဆင်ပြေ ချောမွေ့လာစေရန်အတွက် ဥရောပသမဂ္ဂ နိုင်ငံများအနေနှင့် အထောက်အပံ့များ ပေးရန် အဆင်သင့် ရှိနေပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရာတွင်လည်း အမျိုးသမီးများ အပါအဝင် အလွှာအသီးသီး၊ နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ ပါဝင်သင့်ကြောင်း အဆိုပါ သုံးသပ်ချက်တွင် ဖော်ပြထားသည်ဟု ၎င်းက ရှင်းပြသည်။

ဥရောပသမဂ္ဂ အနေနှင့် မြန်မာနိုင်ငံ အစိုးရက ဆောင်ရွက်နေသော အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အသိအမှတ် ပြုသော်လည်း၊ တစ်နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိရေးကိုလည်း ပိုမိုမျှော်လင့်ကြောင်း၊ ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများသည် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ အစိုးရက ဖွဲ့စည်းပေးထားသည့် ငြိမ်းချမ်ရေး စင်တာတို့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အပါအဝင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို ပါဝင် ကူညီသွားမည် ဖြစ်ကြောင်း အဆိုပါ သုံးသပ်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပနိုင်ရေး၊ လူ့အခွင့်အရေး အကာအကွယ်ပေးရေးတို့ အပါအဝင် လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် အကြမ်းဖက်မှုများကို ကိုင်တွယ် ဖြေရှင်းရေး၊ လက်နက် လျှော့ချရေးနှင့် လက်နက် မပြန့်ပွားရေးတွင် နိုင်ငံတကာ အဖွဲ့အစည်းများ သဘောတူညီချက်များကို လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း အဆိုပါ သုံးသပ်ချက်တွင် ဥရောပသမဂ္ဂ ကိုယ်စားလှယ်များက ၎င်းတို့၏ အမြင်ကို ထည့်သွင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက ပထမဦးဆုံးအကြိမ် ရောက်ရှိ လာခဲ့သည့် EU ဥက္ကဋ္ဌ မြန်မာ ငြိမ်းချမ်းလုပ်ငန်းစဉ်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ကို ၂၀၁၃ ခုနှစ် အတွက် ထောက်ပံ့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ရှိ မြန်မာ ငြိမ်းချမ်းရေးစင်တာတွင် လက်မှတ်ရေးထိုးခဲ့သည်။

The Voice Weekly

ရာထူးမှထုတ်ပယ်ခံရသော ပတ်ဆောင်ဟွာ လက်ကျန်လစာ ခံစားခွင့်ရမည်မဟုတ်

18.12.2013

ဒီဇင်ဘာ ၁၆ ရက်က ကစားခဲ့သော ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ ဆီးမီးတက်ရေး အဆုံးအဖြတ်ပွဲ စဉ်တွင် အင်ဒိုနီးရှားအသင်းအား ၁-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့ရပြီးနောက် ပွဲပြီးပြီးချင်းမှာပင် နည်းပြ ပတ် ဆောင်ဟွာကို ရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြေညာခဲ့သည်။ ပတ်ဆောင်ဟွာကို ၂၀၁၁ ဒီဇင်ဘာက ၂ နှစ်သက်တမ်းရှိ စာချုပ် ချုပ်ဆိုထားခြင်းဖြစ်ရာ ၎င်း၏ စာချုပ်သက်တမ်းမှာ ယခုနှစ် ဒီဇင်ဘာကုန် မှပြည့်မည် ဖြစ်သော်လည်း လ၀က်ခန့်အလိုတွင် ထုတ်ပယ် လိုက် ခြင်းဖြစ်သောကြောင့် လက်ကျန်လစာ ခံစားခွင့်ရရှိတော့ မည်မဟုတ်ဟု မြန်မာအသင်းမန်နေဂျာ ဦးစိုးမိုးကျော်က ပြောသည်။

“သူ့ရဲ့စာချုပ်က ဒီလကုန်မှ ပြည့်မှာဖြစ်ပေမယ့် ရာထူးကထုတ်လိုက်တဲ့အတွက် မြန်မာနည်းပြအဖြစ် သူ ဆက်ရှိနေမှာမဟုတ်သလို စာချုပ်သက်တမ်းရဲ့ လက်ကျန် လစာခံစားခွင့်လည်း ရရှိတော့မှာမဟုတ်ပါ ဘူး။ သူကလည်း သူ့တာဝန်သူယူပြီး နှုတ်ထွက်သွားတာဖြစ်တဲ့အတွက် နောက်ထပ် ဇာတ်လမ်းဆက်စ ရာ အကြောင်းမရှိတော့ပါဘူး”ဟု ဦးစိုးမိုးကျော်က ပြောသည်။ ပတ်ဆောင်ဟွာသည် မြန်မာနိုင်ငံသို့ ၂၀၁၁ခုနှစ် အောက်တိုဘာတွင် ရောက်ရှိလာခဲ့ပြီး အင်ဒိုနီးရှားဆီးဂိမ်းသို့ လေ့လာသူအဖြစ်တက်ရောက် ခဲ့ကာ ဒီဇင်ဘာတွင် ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ၎င်းအား ကိုရီးယားသံရုံး၏ အစီအစဉ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဘက်မှ နေထိုင်စားသောက်ရေးအတွက်သာ တာဝန်ယူ ခဲ့ရပြီး လစာကို မြန်မာပေါ်စကိုကုမ္ပဏီက ပေးချေခြင်းဖြစ်ကြောင်း ၎င်းအား နည်းပြအဖြစ် ခန့်အပ်စဉ်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့သည်။

လစာနှင့်ပတ်သက်၍ တရားဝင် ထုတ်ဖော်ခြင်းမရှိသော်လည်း တစ်လ ဒေါ်လာ ၅၀,၀၀၀ နှင့် ၆၀,၀၀၀ ကြားရှိနိုင်ကြောင်း ဘောလုံးအဖွဲ့ချုပ်မှ အကြီးတန်းအရာရှိတစ်ဦးက ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။၂၀၁၃ ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းနှင့်ပွဲ၌ ပွဲထွက်စာရင်းမှချန်လှပ်ခံရသော တိုက်စစ်မှူးကျော်ကိုကို မှ ပတ်ဆောင်ဟွာကို ထိုင်ကန်တော့ပြီးမှ ဒုတိယပိုင်း၌ ၀င်ကစားခွင့်ရခဲ့ခြင်းမှာလည်း အမှန်ပင်ဖြစ် ကြောင်း မြန်မာအသင်းမန်နေဂျာ ဦးစိုးမိုးကျော်က ဆိုသည်။

“ကျော်ကိုကိုက နည်းပြရဲ့ နည်းစနစ်ပိုင်းနဲ့ပတ်သက်ပြီး ဝေဖန်လို့ဆိုပြီး ပွဲထွက်လူစားရင်းက ချန်လှပ်ခံရ တာပါ။ ဒါနဲ့ ပထမပိုင်းအပြီးမှာ ဥက္ကဋ္ဌက မှားတဲ့သူ တောင်းပန်လိုက်ပါဆိုလို့ ကျော်ကိုကိုက ထိုင်ကန် တော့တောင်းပန်တော့မှ ၀င်ကစားခွင့်ရခဲ့တယ်”ဟု ဦးစိုးမိုးကျော်က ပြောသည်။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲတွင် ထိပ်တိုက်တွေ့ဆုံမှုစည်းမျဉ်းဖြင့် ဆုံးဖြတ်ခြင်းကို မသိရှိဟု ပတ်ဆောင်ဟွာက ပြောဆိုခဲ့ ခြင်းအပေါ်တွင်လည်း ဦးဇော်ဇော်က ဒေါသပေါက်ကွဲခဲ့ပြီး ပွဲမတိုင်ခင်ရက်၊ ပွဲကစားမည့်ရက်များတွင် တာဝန်ရှိသူအားလုံး၊ နည်းပြအဖွဲ့ဝင်အားလုံးက အသိပေးထားခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့ပြီး နံရံကို လက်သီးနှင့်ထိုးခဲ့သည်။

Mizzima - News in Burmese

Tuesday, December 17, 2013

အလှဘုရင်မဆုဖြစ်သည့် Most Beautiful of 2013 Top-80 တွင် ခင်ဝင့်ဝါ ပါဝင်

 ဒီဇင်ဘာ ၁၇၊၂၀၁၃
မြန်မာနိုင်ငံမှ Miss Supranational 2013 ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ခင်ဝင့်ဝါသည် Miss Univer-se & Missology ၀က်ဘ်ဆိုဒ်က ကျင်းပသည့် Most Beautiful Queen of 2013 Top -80 စာရင်းတွင် ပါဝင်နေသည်။ ယင်းဝက်ဘ်ဆိုဒ်သည် ယခုနှစ်အတွင်းတွင် ကျင်းပခဲ့သည့် အလှမယ်ပြိုင်ပွဲများတွင် ပါဝင် ကြသည့် အလှမယ်များကို Most Beautiful Queen of 2013 ဆုကို ရွေးချယ်မည် ဖြစ်သည်။

“Miss Universe & Missology ၀က်ဘ်ဆိုဒ်က အယောက် ၈၀ စရွေးတာကို တွေ့ရတယ်။ ဒါကကျတော့ အလှမယ်ပွဲတွေကို အထူးသီးသန့်စောင့်ကြည့်တဲ့ မီဒီယာဝက်ဘ်ဆိုဒ်တစ်ခုပေါ့။ အရင်နှစ်တွေကတော့ တစ်နှစ်လုံးမှာ အကောင်းဆုံး ကျင်းပခဲ့တဲ့ပြိုင်ပွဲဆုရယ်၊ အလှဆုံး အလှမယ်ဆုတစ်ခုရယ် ချီးမြှင့်တယ်။ ဒီနှစ်တော့ ဘယ်လိုရွေးချယ်ပေးမလဲဆိုတာ ကျွန်တော်တို့လဲ အတိအကျ ဘာမှ မသိရသေးဘူး။ Like လုပ်ခိုင်းတာလဲ တွေ့တယ်။ ဘယ်လိုထပ်ရွေးချယ်မလဲဆိုတာတော့ စောင့်ကြည့်ရမယ်” ဟု Miss Supr-anational Myanmar Organization မှ ကိုဝေယံအောင်က ပြောသည်။ ယင်း ၀က်ဘ်ဆိုဒ်က ပြုလုပ် သည့် အလှမယ်ရွေးချယ်ပွဲ Most Beautiful Queen of 2013 အတွက် ကိုယ်နှစ်သက်သည့် အလှမယ် များကို Like လုပ်ပြီးရွေးချယ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ခင်ဝင့်ဝါသည် Miss Supranational 2013 ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ပြီး နောက်ပိုင်းတွင်The Ideal Beauty Website ၏ အယောက် ၁၀၀ စာရင်းတွင် စတင်ပါဝင်ခဲ့ပြီး အယောက် ၅၀ ထပ်မံ ရွေးချယ်ခြင်း တွင်လည်း ထပ်မံရွေးချယ် ခြင်းခံရသူဖြစ်သည်။

Mizzima - News in Burmese

တရုတ် နိုင်ငံသား ၂၃ ဦး သမ္မတ အမိန်ဖြင့် ပြည်နှင်ခံရ


ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၁၃ ခုနှစ်

မန္တလေး တိုင်းဒေသကြီး ရမည်းသင်းမြို့ မိုးထိမိုးမိဒေသရှိ အမျိုးသား ကြီးပွား တိုးတက်ရေး ရွှေတူးဖော် ထုတ်လုပ်မှု ကုမ္ပဏီ၏ ရွှေ လုပ်ကွက်များတွင် ခိုးဝင် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို သမ္မတ အမိန့်ဖြင့် မန္တလေး လေဆိပ်မှတဆင့် ပြည်နှင်ပို့ဆောင် ပေးလိုက်ပြီ ဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။

“ခိုးဝင်လာတဲ့ နိုင်ငံခြားသားတွေကို ပြည်နှင် ပို့ဆောင်တယ် ဆိုတာ သမ္မတရဲ့ အမိန့်နဲ့ပဲ လုပ်ဆောင်လို့ ရတာပါ။ ကျနော်တို့က ဖြစ်ရပ်တွေကို တိုင်းဒေသကြီး ၀န်ကြီးချုပ်ဆီ တင်ရတယ်။ အဲဒီကမှ သမ္မတရုံး အဆင့်ဆင့်ပေါ့။ အခုလို ပြည်နှင်ဒဏ် ပေးခွင့်ရှိတာ သမ္မတ လက်မှတ်ပါမှ လုပ်ခွင့်ရှိတာပါ” ဟု မန္တလေးတိုင်း လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

မိုးထိမိုးမိ ဒေသရှိ ရွှေလုပ်ကွက်များကို ရရှိထားသော အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ ပိုင်ရှင် ဦးစိုးထွန်းရှိန်သည် သမ္မတနှင့် နီးစပ် ရင်းနှီး ကျွမ်းဝင်သူ တစ်ဦး ဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သူများထံက သိရသည်။

မိုးထိမိုးမိ ဒေသရှိ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီတွင် နည်းပညာ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရန် အတွက် တရုတ် နိုင်ငံသား ၂၃ ဦးကို ဒေသတွင်း လုပ်ကွက်သို့ ခေါ်ယူ လုပ်ကိုင်နေခြင်းကြောင့် ဒီဇင်ဘာလ ၉ ရက်နေ့က ပြည်နှင်ပို့ဆောင် လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် ကုမ္ပဏီ လုပ်ကွက် အတွင်း ယမ်းဖောက်ခွဲ ရွှေတူးစဉ် အောက်ဆီဂျင် ပြတ်လပ်ပြီး တရုတ် နိုင်ငံသား ၃ ဦး ဆေးရုံတင် ကုသမှု ခံယူရာမှ တရုတ် နိုင်ငံသားများ ခိုးဝင် လုပ်ကိုင်နေသည်ကို သိရှိရခြင်း ဖြစ်သည်ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ တဦးက ဆိုသည်။

မိုးထိမိုးမိ လုပ်ကွက် Adit (1) အတွင်း ယမ်းဖောက်ခွဲပြီး ရွှေတူးဖော်စဉ် တရုတ်နိုင်ငံသား Mr.Zhang Ongquiang၊ Mr.Liao Guotai နှင့် Mr.Zhang Denghua တို့ အောက်ဆီဂျင် ပြတ်လပ်ပြီး သတိလွတ် သွားသည့် အတွက် မိုင်းမြို့ ဆေးခန်းသို့ ပို့ဆောင်ရာ လမ်းခရီးတွင် Mr. Zhang Denghua သေဆုံး သွားကြောင်း သိရသည်။

ယင်းဖြစ်ရပ်ကြောင့် မန္တလေး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ကုမ္ပဏီသို့ ၀င်ရောက် စစ်ဆေးရာတွင် အဆိုပါ တရုတ် နိုင်ငံသား ၃ ဦးအပြင် တခြား တရုတ် နိုင်ငံသား ၂၀ ဦးတို့ကို ထပ်မံ တွေ့ရှိရကြောင်း သိရသည်။

တရုတ် နိုင်ငံသားများအား တရားမ၀င် လက်ခံသူ လုပ်ကွက် မိုင်းတာဝန်ခံ ဦးမင်းမင်းဦးကို ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေ အပိုဒ် ၁၄ အား ဖောက်ဖျက် ကျူးလွန်မှုဖြင့် ၁၉၄၀ ပြည့်နှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၅ (၁) အရ ရမည်းသင်းမြို့နယ် တရားရုံးသို့ တရား စွဲဆို တင်ပို့ခဲ့သည်။

ပြစ်မှု ထင်ရှားသဖြင့် ဦးမင်းမင်းဦးအား ဒဏ်ငွေ ကျပ်နှစ်သိန်း ပေးဆောင်ရန် အမိန့် ချမှတ်ခဲ့ပြီး မပေးဆောင်နိုင်ပါက ထောင်ဒဏ် ၁ နှစ် ကျခံစေကြောင်း အမိန့် ချမှတ်ခဲ့ရာ ဦးမင်းမင်ဦးက ဒဏ်ငွေ ကျပ်နှစ်သိန်း ပေးဆောင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို ဒီဇင်ဘာလ ၆ ရက်နေ့က ၁၉၄၇ခုနှစ် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၄(၂)/ ၂၀၁၃ အရ ရမည်းသင်းမြို့နယ် တရားရုံးက တရား စွဲဆိုခဲ့ရာ ပြစ်မှု ထင်ရှားသဖြင့် ငွေကျပ်နှစ်သိန်း ပေးဆောင် စေခဲ့ပြီး ဖြစ်သည်။

မိုးထိမိုးမိ ရွှေလုပ်ကွက်များတွင် ရွှေလုပ်သားများနှင့် အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ၏ ရွှေလုပ်ကွက် ပိုင်ဆိုင်မှုနှင့် လုပ်ကိုင်မှု အငြင်းပွားမှု များမှာ ယခုအချိန်အထိ ပြေလည်မှု မရရှိသေးပေ။

ရမည်းသင်းခရိုင် မိုးထိမိုးမိဒေသ ရွှေသတ္တု တူးဖော်ခြင်း လုပ်ငန်းကို အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ အုပ်စုက တရားဝင်လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး အသေးစား ရွှေထုတ်လုပ်မှု ဇုန် ၁၂ ခု အတွင်း အလုပ်သမား ၂ သိန်းကျော်ကို ၅ နှစ် သက်တမ်းဖြင့် ထွက်ရှိသည့် ရွှေဗြုန်းများအား အချိုးကျ ခွဲယူရန် ကတိရှိခဲ့သော်လည်း ၇ လအကြာ ၂၀၁၁ ဧပြီလတွင် အသေးစား ရွှေထုတ်လုပ်မှုကို ပိတ်ပင်ခဲ့သည်။

အသေးစား ရွှေထုတ်လုပ်ခွင့် ပြန်လည် ရရှိရန် ရွှေလုပ်သားများသည် ၂၀၁၁ ခု မေလ ၁ ရက်နေ့က ပထမဦးဆုံးအကြိမ် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ပြီး ဇွန်လ ၁၄ ရက်နေ့တွင် နေပြည်တော်သို့ ပထမအကြိမ် ချီတက် ဆန္ဒပြခဲ့ရာ လမ်းခုလတ်တွင် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက စေ့စပ်ညှိနှိုင်းခဲ့ပြီး ရွှေမြင်တင် စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီအုပ်စုတွင် ဝေလင်းထိုက်၊ အာရှအမြုတေ၊ ဓနစမ်းရေ၊ ရွှေလမင်း၊ ရွှေညီအစ်ကို၊မြင့်မိုရ်ရွှေတောင်၊ ရဲညီနောင်၊ မြမျိုးသက်ဦး၊ နေခြည်ပွင့်၊ ကန္တာရစိမ်း၊ ရေတော်သား၊ ရွှေပုံသာ၊ B.B.K.၊ ရွှေပလောင်၊ မိုးရွှေဝါ၊ ဆွတ်မိုင်၊ ရွှေစုမိုးပြည့်နိုင် စသည့် ကုမ္ပဏီများ ပါဝင်သည်။

ရမည်းသင်းမြို့နယ် အတွင်းရှိ မိုးထိမိုးမိ ရွှေလုပ်ကွက်
ဧရာဝတီ

ခါးဆစ်ရိုး ထိခိုက်စေသည့် အမူအကျင့်များ


ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၁၃ ခုနှစ်

- ထိုင်ခြင်းသည် မတ်တတ်ရပ်ခြင်းထက် ခါးဆစ်ရိုးပေါ် (၄၀) ရာခိုင်နှုန်း ဖိအားပိုမိုသက်ရောက်သည်။ ထို့ ကြောင့် နာရီဝက်တိုင်း မတ်တတ်ရပ်ပါ။ အညောင်းဆန့်ပါ။

- လေ့ကျင့်ခန်းပြုလုပ်သူများ၏ (၄၀) ရာခိုင်နှုန်းသည် ခါးနာသည့်အခါ လေ့ကျင့်ခန်းပြုလုပ်ခြင်းရပ်
် ဆိုင်းတတ်ကြသည်။ လမ်းလျှောက်ခြင်း၊ အကြောဆန့်ခြင်း၊ ယောဂလေ့ကျင့်ခြင်းဖြင့် ခါးနာရောဂါကို အမြန်သက်သာစေသည်။

- လေးလံသည့်အိတ်များလွယ်ခြင်း၊ ဆွဲခြင်းသည် ပုခုံးကို အနိမ့်အမြင့်မညီ ဖြစ်စေသောကြောင့် ခါးဆစ်ရိုးစောင်းစေသည်။ ဘေးကင်းစွာလွယ်နိုင်၊ ဆွဲနိုင်သည့် အများဆုံးအလေးချိန်သည် လူ့ခန္ဓာကိုယ်အလေးချိန်၏ (၁၀) ရာခိုင်နှုန်းသာရှိသင့်သည်။

- ကျန်းမာရေးနှင့်ညီညွတ်အောင် အစာမစားသည့်အခါ အ၀လွန်လာစေပြီး ခါးဆစ်ရိုးကို အားပြုရမှုလွန်ကဲစေသည်။

- မွေ့ရာဟောင်းများသည် လူ့ခန္ဓာ ကိုယ်အလေးချိန်ကို အပြည့်အ၀ ထောက်ပံ့မပေးနိုင်ဘဲ အိပ်ချိန်ကြာလာသည်နှင့် ပျော့အိလာပြီး ကျောရိုး ဆစ်ကိုကျွံဝင်သွားစေသည်။ ထို့ကြောင့် အိပ်ရာနိုးလာသည့်အချိန်တွင် ခါးနာဝေဒနာခံစားရတတ်သည်။ ထို့ကြောင့်မွေ့ရာများကို အနည်းဆုံး ငါးနှစ်တစ်ကြိမ် လဲလှယ်ပါ။

- ဒေါက်ဖိနပ်အမြင့်စီးလျှင် ကျောရိုး ကြွက်သားများ အလုပ်ပိုလုပ်ရသည်။ ဒေါက်ဖိနပ်စီးသည့်အခါ ဖနောင့်အောက်တွင် ကူရှင်ခံစီးပါ။ ဒေါက် ဖိနပ်စီး၍ ဝေးဝေးမလျှောက်ပါနှင့်။

- စိတ်ဆိုးခြင်း၊ စိတ်ဖိစီးခြင်းကြောင့် ကျောကြွက်သားများ တောင့်တင်းစေသည်။ ဒေါသလျှော့ပါ။ စိတ်ဖိစီးမှု လျှော့ပါ။

- တစ်ပတ်လျှင် (၁၅) နာရီခန့် တီဗီကြည့်ခြင်းသည် ခါးနာခြင်းကို သုံးဆပိုမိုဖြစ်ပွားစေသည်။ တီဗီ ကြည့်ချိန်လျှော့ချပါ။ ကြော်ငြာဝင်ချိန်တွင် အကြောဆန့်ပါ။

- ခါးနာခြင်းကို လစ်လျူရှုမထားပါ နှင့်။ နောက်ထပ် ဒဏ်ရာဒဏ်ချက်မ ဖြစ်ခင်ကုသမှုခံယူပါ။


Ref: Health Updates Journal

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရွေးချယ်ခွင့်ပြုရန် ဥရောပသမဂ္ဂ တိုက်တွန်း

ဒီဇင်ဘာ ၁ရ ရက်၊ ၂၀၁၃ ခုနှစ်

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် သမ္မတ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရေး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေများ ပြောင်း လဲပေးရန် ဥရောပနိုင်ငံများက မြန်မာအစိုးရကို တိုက်တွန်းလိုက်သည်။

ဒီဇင်ဘာ ၁၆ ရက် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ပြုလုပ်သည့် ဥရောပနိုင်ငံများ၏ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ၂၀၁၅ တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်မလာ ပါက ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ အရာမထင် ဖြစ်သွားနိုင်ပြီး ပြည်တွင်းမငြိမ်သက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟုလည်း သတိပေးလိုက်သည်။

မြန်မာနိုင်ငံ၏ လက်ရှိ ရွေးကောက်ပွဲဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသားနှင့် လက် ထပ်ခဲ့သဖြင့် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံပိုင်ခွင့် မရှိချေ။ မြန်မာနိုင်ငံတွင် လက်ရှိ အစိုးရသည် အမှန်တကယ် ပြုပြင်ပြောင်းလဲလိုသော ဆန္ဒ ရှိ၊ မရှိ ဆိုသည်ကို ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ပြောင်း လဲခြင်း ရှိ၊မရှိက ပြသကာ အဆုံးအဖြတ်ပေးလိမ့်မည်ဟု အနောက်နိုင်ငံများက စောင့်ကြည့်နေကြသည်။

Financial Times သတင်းစာတွင် ဖော်ပြထားသည့် အီးယူအစည်းအဝေး၏ သုံးသပ်ချက် မူကြမ်းတွင် “မြန်မာနိုင်ငံတွင် ရေရှည် ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးရရှိရန် ယနေ့ခေတ် ဒီမိုကရေစီ၏ လိုအပ်ချက်များနှင့်အညီ ဖွဲ့စည်းပုံဥပဒေကို အားလုံးပါဝင်သည့် ပြန်လည်သုံးသပ်မှု လုပ်ဆောင်ရန် အီး ယူကောင်စီက တိုက်တွန်းအားပေးသည်”ဟု ပါရှိသည်။

“၂၀၁၅ ခုနှစ်တွင် ပွင့်လင်းသော အားလုံးပါဝင်သည့် ယုံကြည်လောက်သော ရွေးကောက်ပွဲများ ဖြစ်လာ နိုင်ရန် ဖွဲ့စည်းပုံဥပဒေကို ပြုပြင်သင့်သည်”ဟုလည်း ဆိုထားသည်။

သမ္မတဦးသိန်းစိန်လက်ထက်တွင် ၂၀၁၀ မှစ၍ မြန်မာအစိုးရ၏ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများကို ဥရောပနိုင်ငံခြားရေးဝန်ကြီးများက ချီးကျူးထားသည်။ လွတ်လပ်ပြီး မျှတသော ရွေး ကောက်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် စစ်အုပ်ချုပ်ရေးဟောင်းကို ဖိအားပေးနိုင်မည်ဟု မျှော်လင့်ထားသည်။

လွန်ခဲ့သော သုံးနှစ်အတွင်း နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ သတင်းစာ ဆင်ဆာအားလုံး ဖယ်ရှားပေးခြင်း၊ လွတ်လပ်သော ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးခြင်း၊ ပိုမိုတိုးတက်သောဥပဒေများ ပြဋ္ဌာန်းလာခြင်း စသည့် လုပ်ဆောင်မှုများကြောင့် မြန်မာအစိုးရအပေါ် အပြင်းထန်ဆုံး ဝေဖန်နေသူများ ပင်လျှင် တအံ့တသြ ဖြစ်ခဲ့ကြသည်။

“မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအပြောင်းအလဲဖြစ်ဖို့ ဥရောပသမဂ္ဂက အပြည့်အ၀ တွန်းအားပေးဖို့ အရေးကြီး တယ်”ဟု အီးယူသံတမန်တစ်ဦးက ပြောသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်ယှဉ်ပြိုင်ခွင့်ရရန် မြန်မာ့ခေါင်းဆောင်များကို ဗြိတိန်က အကြိမ်ကြိမ် တိုက်တွန်းခဲ့သည်။

လက်ရှိ ဥပဒေများအောက်တွင် ပြုလုပ်သော ရွေးကောက်ပွဲသည် “ရယ်စရာလုပ်ဇာတ်” သာ ဖြစ်မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက အောက်တိုဘာလအတွင်း ပြောကြားထားသည်။

“ရွေးကောက်ပွဲကို ရွေးကောက်ပွဲဟုပင် မခေါ်နိုင်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောကြားထားသည်။

Mizzima

ဆီးဂိမ်းပိတ်ပွဲမှာ အကောင်းဆုံးတင်ဆက်ဦးမယ့် နီနီခင်ဇော်


ဒီဇင်ဘာ ၁ရ ရက်၊ ၂၀၁၃ ခုနှစ်

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲတော်ကြီး ဖွင့်ပွဲမှာ မြန်မာပြည်ကို ချစ်တဲ့ မြန်မာပြည်သူ တစ်ယောက် အနေနဲ့ ဖွင့်ပွဲအခမ်း အနားမှာ “သွေးချင်းတို့ ဌာနေ မြန်မာ ပြည်”နဲ့ “One the Day” သီချင်း နှစ်ပုဒ်ကို နီနီခင်ဇော်က ပါဝင် သီဆို ခဲ့ပါတယ်။ အဲဒီ သီချင်းနှစ်ပုဒ်ကို ဓိရာမိုရ် နဲ့ အောင်နိုင်စန်း တို့က ရေး စပ်ပေးခဲ့ တာဖြစ်ပြီး ဖွင့်ပွဲ အခမ်း အနားမှာ သီဆိုရတဲ့ နီနီခင်ဇော်ရဲ့ ရင်တွင်း ခံစားချက်ကို မေးမြန်းကြည့် တဲ့အခါ “နီနီတို့လို ဆိုတဲ့သူ ကိုယ်တိုင် တောင် အဲဒီလောက် ကြီးကျယ် ခမ်း နားလိမ့်မယ်လို့ မထင်ထားဘူး။

နီနီ တို့ ခဏခဏ အစမ်းလေ့ကျင့်တယ်။ တကယ့် ပွဲကြီးမှာကျတော့ ဘာနဲ့မှ မတူတဲ့ ခံစားချက်မျိုး ခံစား ရပါတယ်။ အမှား အယွင်းလည်း လုံးဝ မရှိခဲ့ဘူး။ ခမ်းခမ်းနားနားနဲ့ ဒီပွဲကြီးကို ပြီးဆုံး နိုင်ခဲ့တဲ့ အတွက် တအား ဝမ်းသာပါတယ်။ နီနီ အချစ်သီချင်းတွေ ဆိုရတာ ထက်စာရင် ဒီလိုမျိုး သီချင်းတွေ ဆို ရတာ ပိုပြီးတော့ သဘောကျပါတယ်။ နိုင်ငံချစ်စိတ် နဲ့ဆိုရတာဖြစ်တဲ့ အတွက် တအားကြီး ခက်ခက်ခဲခဲ ဖြစ် တာမျိုး တော့မရှိခဲ့ပါဘူး” လို့ နီနီခင်ဇော် က ပြောပါတယ်။

နီနီခင်ဇော် ရဲ့ မြန်မာ့ လက်ရွေးစင် အားကစား သမားတွေ အပေါ် အားပေး စကားသံ ကလည်း “မြန်မာ အသင်းက အခု တော်တော် များများ အားကစားနည်းတွေ မှာ ရွှေတွေ ရကြတယ်။ နီနီက ဘောလုံး ဝါသနာပါတော့ မြန်မာဘောလုံး အသင်းကို ရွှေရစေချင်တယ်။ ကျန်တဲ့ အားကစားနည်းတွေ ကိုလည်း နီနီအမြဲတမ်းစဉ် ဆက် မပြတ် အားပေး နေပါတယ်။”လို့ နီနီခင်ဇော် က ပြောပါတယ်။

ဆီးဂိမ်း ပွဲတော်ကြီးရဲ့ ပိတ် ပွဲ အခမ်းအနားမှာလည်း သီချင်း နှစ်ပုဒ်နဲ့ နှုတ်ဆက်မယ့် နီနီခင်ဇော် က “ပိတ်ပွဲမှာ သီချင်းနှစ်ပုဒ် ဆိုရ မယ်။ “ကမ္ဘာမြေအေးချမ်းပါစေ ပန်းပွင့်တွေ ဆုတောင်းနေ” ဆိုတဲ့ ကိုထူးအိမ်သင် ရဲ့ သီချင်း အဟောင်း လေးပါ။ အဲဒီသီချင်းလေး ကကျ တော့ အလိုက်ဆိုရမယ်။ နောက်တစ်ပုဒ်ကကျတော့ နီနီနဲ့ ယဉ်ကျေးမှုက အစ်ကို တစ်ယောက်နဲ့ ပိတ်ပွဲ အတွက် လူအယောက် တစ်သောင်း နဲ့ ပြန်ပိတ်ရမယ့် သီချင်းလေး ပေါ့။

ကိုဓိရာမိုရ် ရေးပေးထားတာပါ။ “ပြန်ဆုံမယ်” ဆိုတဲ့ သီချင်းလေးနဲ့ ပိတ်မှာပါ” လို့ပြောပါတယ်။ ဆီးဂိမ်း အပြီး ၂ဝ၁၄ နှစ်ဆန်းပိုင်းမှာ တစ်ကိုယ်တော် အခွေဖြစ်တဲ့ “မာရီယို” အမ်တီဗီကို ထွက်ရှိလာတော့ မှာ ဖြစ်ကြောင်း လည်း နီနီခင်ဇော်က သတင်းပေးသွားပါတယ်။

မျိုးမောင်
Popular Myanmar News

နာရေးကူညီမှုအသင်း(ရန်ကုန်) ၁၃ နှစ်ပြည့် တရားပွဲကျင်းပမည်

 17-12-2013
လာမည့် ဇန်န၀ါရီ ၁ ရက်တွင် ကျရောက်မည့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ၁၃ နှစ်မြောက် နှစ် ပတ်လည်အထိမ်းအမှတ်အဖြစ် တရားပွဲများကို သုံးရက်တိုင် ကျင်းပမည်ဟု အသင်းအုပ်ချုပ်ရေးမှူး ဒေါ် ဧရာမောင်မောင်က ဒီဇင်ဘာ ၁၆ တွင် မဇ္ဈိမကို ပြောသည်။

နှစ်ပတ်လည်နေ့တွင် တရားပွဲကျင်းပခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး တရားပွဲများကို မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်းရုံးတွင် ကျင်းပမည် ဖြစ်သည်။

ဒီဇင်ဘာ ၃၁ ရက်တွင် သီတဂူဆရာတော် အရှင်ဥာဏိဿရ၊ ဇန်န၀ါရီ ၁ ရက်တွင် ဒေါက်တာနန္ဒာမာ လာဘိဝံသနှင့် ဇန်န၀ါရီ ၂ ရက်တွင် တွံတေးဆရာတော် အရှင်ဣန္ဒကတို့က တရားဟောမည် ဖြစ်သည်။

“ရန်ကုန် နာရေးကူညီမှုအသင်းမှာ တရားပွဲကျင်းပတယ်ဆိုတာ ဒါ ပထမဆုံးအကြိမ်ပါ။ နှစ်ပတ်လည် အထိမ်းအမှတ်အတွက် အခမ်းအနားတွေတော့ မလုပ်ပါဘူး”ဟု ဒေါ်ဧရာမောင်မောင်က ပြောသည်။

ဇန်န၀ါရီ ၁ ရက် နံနက် ဆယ်နာရီတွင် သံဃာတော် ၁၃ ပါးကို ဆွမ်းကပ်လှူမည်ဖြစ်ပြီး ယင်းနေ့တွင် လူ ရွှင်တော် အယောက် ၄၀ ကလည်း ရုပ်အလောင်း သယ်ယူမှုတွင် ပါဝင်ကူညီမည်ဖြစ်သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ၂၀၀၁ ခုနှစ်ဇန်န၀ါရီ ၁ ရက်တွင် စတင် တည်ထောင်ခဲ့သည်။ အ သင်း၏ခံယူချက်မှာ အသင်းသူအသင်းသားများသည် “မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာဟူသည့် ဗြဟ္မစိုရ်တရားလေးပါးကို နှလုံးသွင်းကာ အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် ကိစ္စရပ်များအား တာဝန်ယူ ကူညီဖေးမ ဆောင်ရွက်ကြပါမည်”ဟု ဖြစ်သည်။

Mizzima - News in Burmese

မန်စီမြို့နယ်၌ ဒီဇင်ဘာ ပထမလ၀က်အတွင်း ကေအိုင်အေ လက်နက်ကိုင် အဖွဲ့များက လူ ၅၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်မလွတ်သေး

17-12-2013
ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်း ဒီဇင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ ကေအိုင်အေ လက်နက်ကိုင် အဖွဲ့အစည်းက လူ ၅၁ ဦးကို ဖမ်းဆီးသွားပြီး ယနေ့အထိ ပြန်လွတ်လာခြင်း မရှိသေးကြောင်း ဗန်းမော်ခရိုင် အုပ်ချုပ်ရေးဌာနနှင့် ဒေသခံကျေးရွာများက ဒီဇင်ဘာ ၁၆ ရက်က ပြောကြားသည်။
ဖမ်းဆီးခေါ်ဆောင် မှုများကို ဒီဇင်ဘာ ၄ ရက်၊ ၇ ရက်၊ ၈ ရက်၊ ၁၃ ရက်နေ့များတွင် မန်စီမြို့နယ် အတွင်းရှိ မန်ဖွ၊ ပါတော်၊ ကျော်ခေါင်၊ ဟန်ထက် ကျေးရွာအနီးရှိ ခပရာ ကျေးရွာဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့အထိ လူ ၅၁ ဦး ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ခေါ်ဆောင်သွားရာတွင် အသက် ၁၈ နှစ်အောက် လူငယ် ၁၃ ဦး၊ ၅၅ နှစ်အရွယ် လူကြီးတစ်ဦး ပါဝင်ကြောင်း သိရသည်။ ဗန်းမော်ခရိုင် အုပ်ချုပ်ရေး အရာရှိ တစ်ဦးက ''အခြားနေရာ တွေမှာလည်း ဖမ်းတာတွေ ရှိပေမယ့် စာရင်းကောက်လို့ မရနိုင်ဘူး ဖြစ်နေတယ်။ ၅၁ ဦးမှာ ကချင်လူမျိုးက လေးဦးပါပြီး ကျန်တဲ့ ၄၇ ဦးက ရှမ်းတွေလို့ စာရင်းရပါတယ်။ မန်ဝိန်းလေး၊ ဟန်ထက်နားမှာ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ နောက်ဆုံးဖြစ်ခဲ့တာပါ။ ကျေးရွာတွေ အများစုက ဆက်ကြေး ပေးရတယ်ဆိုတာ သတင်းပဲရတယ်'' ဟု ဒီဇင်ဘာ ၁၆ ရက်ညနေက ပြောကြားသည်။

အစိုးရဌာနသို့ ရောက်ရှိနေသော စာရင်းများအရ မန်စီမြို့နယ် ကုန်းတိန်ကျေးရွာမှ ၁၇ သိန်း၊ မန်ဝိန်းလေး ကျေးရွာမှ ၁၀ သိန်း၊ ဟန်ထက်ကျေးရွာမှ ၂၅ သိန်း၊ ဂွေ့ကြီး ကျေးရွာမှ ၁၅ သိန်း၊ မန်မကောက်ကျေးရွာမှ ၁၅ သိန်း၊ သစ်ဆုံးကျေးရွာမှ ခုနစ်သိန်း ကေအိုင်အေ လက်နက်ကိုင် အဖွဲ့သို့ ပေးသွင်းရန် အကြောင်းကြားထားပြီး နောက်ဆုံးပေးရမည့်ရက် သတ်မှတ်ခြင်း၊ ပေးသွင်းခြင်း မပြုလုပ်ရသေးကြောင်း အစိုးရရုံးမှ သိရသည်။
ကချင်ပြည်နယ် အစိုးရ အရာရှိ တစ်ဦးက ''လူဆွဲတာက မန်စီတစ်ဝိုက်မှာတင် မဟုတ်ပါဘူး။ ဒီလထဲမှာပဲ ၀ိုင်းမော်နောင်စီပေါမှာ လေးဦးဆွဲတယ်။ တနိုင်းပယင်းမော်မှာ ဆွဲတယ်။ ပယင်းမှော်ကတော့ ကေအိုင်အေ နယ်မြေဖြစ်လို့ သတင်းမပြည့်စုံဘူး'' ဟုဆိုသည်။
ပယင်းမှော်မှ ရောင်းဝယ်သူ တစ်ဦးက ''ပယင်းမှော်မှာတော့ ကချင်နဲ့ ရ၀မ်ဆွဲတာပါ။ ရှမ်း၊ ဗမာ၊ ရခိုင်၊ လီဆူ မပါဘူး၊၊ မိုးကုတ်က လီဆူတွေကတော့ ကားအစင်းပြတ်ငှားပြီး မိုးကုတ်ဘက်ကို ပြေးကြတာ တွေ့တယ်'' ဟု ပြောကြားသည်။

ယင်းသို့ အခြေအနေများကို ကေအိုင်အို ဗဟိုသို့ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။ ကေအိုင်အို နည်းပညာ အကြံပေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ''ဒီကိစ္စကို ကေအိုင်အို ဗဟိုကို အကြိမ်ကြိမ် မေးမြန်းပေမယ့် မဟုတ်ဘူးလို့ အကြောင်းပြန်တယ်။ ကေအိုင်အေ တပ်မဟာ (၃) ကိုမေး တာလည်း မဟုတ်ဘူးလို့ဘဲ အကြောင်းပြန်နေတယ်။ ရှမ်းရေးရာ အဖွဲ့ရဲ့ စာကတော့ ရုံးကိုရောက်လာပါတယ်။ ကြားထဲကနေ ဘာဖြေရမှန်း မမှန်းတတ်အောင် ဖြစ်နေတယ်'' ဟု ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက ဆိုသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေစိုက် ရှမ်းမျိုးနွယ်စုများ ရေးရာအဖွဲ့မှ ဦးစိုင်းထင်လင်းက ''အခုလောလောဆယ်တော့ ဒေသခံတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနဲ့ ညှိနှိုင်းဆောင်ရွက် နေပါတယ်။ နည်းပညာ အကြံပေးအဖွဲ့ကနေ ကေအိုင်အေကိုလည်း စာပို့ထားပါပြီ။ ဖမ်းခေါ်သွားတာက တစ်ဦးတည်းသော သားတွေပါတယ်။ ကလေးတစ်ယောက်နဲ့ မိသားစုရှိတဲ့ လူတွေပါတယ်။ ကချင်ပြည်နယ် အစိုးရကတော့ ဘာမှမလုပ်ပေးနိုင်လို့ ဘာစာရင်းမှ မပို့ဘူး။ ဆန္ဒဖော်ထုတ်ပြီး တောင်းဆိုသွားဖို့ သေချာပါတယ်။ ရက်ကတော့ မသတ်မှတ်ရသေးဘူး'' ဟု ပြောကြားသည်။

မန်စီမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းကြိုင်က ယင်းသို့ လူဆွဲခေါ်မှုများ၊ ဆက်ကြေး ကောက်နေသည်ကို သတင်းကြားထားပြီး အချက်အလက် ပြည့်စုံအောင် မသိရသောကြောင့် ဒီဇင်ဘာ ၁၆ ရက်မှ စတင်နေသော ကချင်ပြည်နယ် လွှတ်တော်တွင် အဆိုတင်သွင်းရန် မရှိကြောင်း၊ သီးခြားသာ တင်ပြသွားရန် ရှိကြောင်း ဖြေကြားသည်။

Eleven Media Group

မန္တလေးမြို့တွင် အပူချိန် ရုတ်တရက် ကျဆင်းပြီး အနီးဝန်းကျင်မြို့များပါ သိသာစွာ အအေးပိုခဲ့

17-12-2013


မန္တလေးမြို့တွင် ဒီဇင်ဘာ ၁၆ ရက်က အပူချိန် ရုတ်တရက် ကျဆင်းခဲ့ပြီး အနီးဝန်းကျင် မြို့များ၌ပါ အပူချိန် ကျဆင်း၍ သိသာ စွာအအေးပိုခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၅ ရက် မန္တလေးမြို့ အနိမ့်ဆုံး အပူချိန်မှာ ၁၇ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် ရှိခဲ့ရာမှ ဒီဇင်ဘာ ၁၆ ရက်၌ ၁၃ ဒီဂရီ စင်ဒီဂရိတ်အထိ ကျဆင်းသွားသောကြောင့် အအေးပိုခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ပါဝင်သော မြို့နယ်များတွင် ဒီဇင်ဘာ ၁၅ ရက် အပူချိန်ထက် ၃ ဒီဂရီ စင်တီဂရိတ်မှ ၅ ဒီဂရီစင်တီဂရိတ် ခန့်အထိ ကျဆင်းသွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (အထက်မြန်မာပြည်)မှ မှတ်တမ်းများအရ သိရသည်။

''ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းလောက်မှာ လေအေးတွေ စတိုက်ပြီး အအေးသိသိသာသာ ပိုလာတာကို သတိထားမိတယ်။ အရင်ရက်တွေက ညနေ ၆ နာရီဆိုရင် အနွေးထည် မ၀တ်ဘဲနေလို့ ရသေးတယ်။ အဲဒီနေ့ ညနေပိုင်းက အနွေးထည်ဝတ်ပြီးမှ အပြင်ထွက်နိုင်တယ်။ ညပိုင်း ၉ နာရီ ကျော်လောက်မှာလည်း မိုးရွာသလိုမျိုး လေတိုက်သံတွေ ကြားရတယ်။ မနက်ရောက်တော့လည်း နေသာပူနေတာ ရာသီဥတုက စိမ့်အေးနေတာပဲ'' ဟု ချမ်းမြသာစည် မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၆ ရက်တွင် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မန္တလေးမြို့၌ ၁၃ ဒီဂရီ စင်တီဂရိတ်၊ ပြင်ဦးလွင်မြို့ ၂ ဒီဂရီစင်တီဂရိတ်၊ ကျောက်ဆည် ၁၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်၊ မိတ္ထီလာ ၁၂ ဒသမ ၂ ဒီဂရီစင် တီဂရိတ်၊ မြင်းခြံ ၉ ဒသမ ၅ ဒီဂရီစင်တီ ဂရိတ်၊ ညောင်ဦး ၁၂ ဒသမ ၄ ဒီဂရီစင်တီဂရိတ်နှင့် ရမည်းသင်း ၁၂ ဒသမ ၂ ဒီဂရီစင် တီဂရိတ် အသီးသီး ရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ အတွင်း၌ ထူးခြားဖြစ်စဉ်အဖြစ် မိုးကုတ်မြို့၌ မိုးရွာသွန်းကာ မိုးသီးများ ကျဆင်း၍ အအေးသိသာစွာ ပိုခဲ့ပြီး ပြင်ဦးလွင် မြို့တွင်လည်း အပူချိန် ၂ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းသွားခြင်းကြောင့် သိသာစွာ အအေးပိုခဲ့ကြောင်း သိရသည်။

(ဒီဇင်ဘာလ ပထမပတ်အတွင်း မန္တလေးမြို့ နံနက်ပိုင်းအချိန်အား မြင်တွေ့ရစဉ်)

  Eleven Media Group

သမ္မတမှတ်ချက်ဖြင့် ပို့ထားသည့် ဥပဒေကြမ်းနှစ်ခု လာမည့် လွှတ်တော်တွင် ဆွေးနွေးမည်

 17-12-2013
လာမည့် န၀မအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ သဘော ထားမှတ်ချက် ပြန်လည်ပေးပို့ထားသည့် ဥပဒေကြမ်းနှစ်ခုကို ထပ်မံ ဆွေးနွေးမည်ဖြစ်သည်ဟု ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးဦးစောလှထွန်းက မဇ္ဈိမကို ပြောသည်။

“လာမယ့် အစည်းဝေးမှာ သမ္မတမှတ်ချက်နဲ့ ပေးပို့ထားတဲ့ ဥပဒေကြမ်းတွေအပြင် တခြားဝန်ကြီးဌာနတွေက တင်လာတဲ့ ဥပဒေတွေလည်းရှိတယ်။ ဒါတွေကို လွှတ်တော်စဖို့ ၁၀ ရက်အလိုမှာ ဆွေးနွေးရမှာ ပါ။ လက်ရှိ ဘယ်လောက်အထိ ကော်မတီကို ရောက်နေတယ်ဆိုတာကိုတော့ မသိရသေးဘူး”ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောသည်။

လွှတ်တော်ဘက်မှ ပြီးခဲ့သည့် အဋ္ဌမအကြိမ် အစည်းအဝေးတွင် အတည်ပြုခဲ့သည့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းနှင့် အထူးစီးပွားရေးဇုန် ဥပဒေကြမ်းတို့ကို နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက် ပြန်လည်ပေးပို့ထားခြင်း ဖြစ်သည်။

ယင်းဥပဒေများအပြင် ပြီးခဲ့သည့် အစည်းဝေးအတွင်း ဆွေးနွေးရန် ကျန်ရှိခဲ့သည့် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကိုလည်း အစည်းအဝေးအစတွင် ပြန်လည်ဆွေးနွေးမည်ဖြစ်သည်ဟု ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် လွှတ်တော်အတွင်း ဆွေးနွေးစဉ် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့အကြား ကွဲလွဲမှုများရှိခဲ့သည့် မီဒီယာဥပဒေကြမ်းကိုလည်း ဆက်လက်ဆွေးနွေးရန်ရှိသည်ဟုပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဒေါ်ခင်ဋ္ဌေးကြွယ်က ပြောကြားသည်။

န၀မအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ဇန်န၀ါရီလ ဒုတိယပတ်တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါ အစည်းအဝေးကာလအတွင်း ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းရန်လည်း ရှိနေသည်။ ထို့ပြင် ၂၀၁၄ - ၂၀၁၅ ခုနှစ်၊ ပြည် ထောင်စုအစိုးရ၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကိုလည်း ဆွေးနွေးရမည်ဖြစ်သည်။

Mizzima

မော်တော်ယာဉ်ပါမစ် ထုတ်ပေးခြင်းမှ အမေရိကန်ဒေါ်လာ (၉၅,၂၇၆,၃၁၀) ကောက်ခံရရှိခဲ့

17-12-2013
ပြည်တွင်း၌ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကို လုပ်ကိုင်လျက်ရှိ ရာ မြို့ပြအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိစေ ရန်အတွက် မော်တော်ယာဉ်သစ်များ ကို ပြည်ပမှတင်သွင်းခွင့်ကိုပြုပေး လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး တွင် (၈) လတာအတွင်း မော်တော် ယာဉ်ပါမစ်ထုတ်ပေးမှုမှ အမေရိ ကန်ဒေါ်လာ (၉၅,၂၇၆,၃၁၀) ကောက်ခံရရှိခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးမှ သိရှိရ သည်။

မော်တော်ယာဉ်ပါမစ်ထုတ်ပေး ရာတွင် တစ်ဦးချင်းပါမစ်အပါအ၀င် အခြားသော မော်တော်ယာဉ်တင်သွင်း ခွင့်ပါမစ်များ ထုတ်ပေးလျက်ရှိ ကြောင်းလည်းသိရှိရသည်။ မော်တော် ယာဉ်ပါမစ် ထုတ်ပေးခဲ့ရာတွင် (၂၀၁၃) ဧပြီလတွင် (၁၈၃၉) စီး၊ မေ လတွင် (၁၈၁၂) စီး၊ ဇွန်လတွင် (၁၂၁၂) စီး၊ ဇူလိုင်လတွင် (၁၈၀၆) စီး၊ သြဂုတ်လတွင် (၁၆၇၉) စီး၊ စက် တင်ဘာလတွင် (၁၆၅၀) စီး၊ အောက် တိုဘာလတွင် (၁၈၉၀) စီး၊ နိုဝင်ဘာ လတွင် (၁၇၇၃) စီး စသဖြင့် (၈) လ တာကာလအတွင်း စုစုပေါင်း မော် တော်ယာဉ်တင်သွင်းခွင့်ပါမစ် (၁၃ ၆၆၁) စီးအထိ ခွင့်ပြုခဲ့ကြောင်း သိ ရှိရသည်။

ဤကဲ့သို့ (၈) လတာအတွင်း ကားပါမစ် ထုတ်ပေးမှုမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ အမေ ရိကန်ဒေါ်လာ (၉၅ç၂၇၆ç၃၁၀) ကို ရှာဖွေပေးခဲ့ကြောင်းလည်း သိရှိရ သည်။ ထို့အပြင် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မော်တော်ယာဉ်ပါမစ်များ ထုတ်ပေး လျက်ရှိရာ တစ်နေ့လျှင် အစီးရေ (၇၀) ခန့် ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

Auto World Journal

ပတ်ဆောင်ဟွာ၏အပြောကြောင့် နံရံကိုလက်သီးဖြင့် ထိုးခဲ့ပြီးပေါက်ကွဲခံစားခဲ့ရတဲ့ ဦးဇော်ဇော် မြန်မာပရိသတ်အားလုံးကို ရှိခိုး၍ တောင်းပန်

 17-12-2013
အင်ဒိုနီးရှား အသင်းကို အုပ်စုနောက်ဆုံး ပွဲစဉ်တွင် ရှုံးနိမ့်ကာ ဆီးဂိမ်းဘောလုံး ပြိုင်ပွဲ၏ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက် မြန်မာ အသင်းကို (၂)နှစ်ကြာ တာဝန်ယူခဲ့သည့် တောင်ကိုရီးယား နိုင်ငံသား နည်းပြချုပ် ပတ်ဆောင်ဟွာကို မြန်မာအသင်း၏ နည်းပြချုပ် အဖြစ်မှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥကဌ ဦးဇော်ဇော်က ကြေငြာခဲ့သည်။ ပတ်ဆောင်ဟွာသည် ဦးဇော်ဇော် အပါအ၀င် မြန်မာ့ ဘောလုံး အသိုင်းအ၀န်း၏ ယုံကြည်ကိုးစားမှုကို အထူးရရှိခဲ့သည့် နည်းပြ တစ်ဦး ဖြစ်ပြီး မြန်မာ ယူ-၂၃ အသင်းအပါအ၀င်၊ မြန်မာ့ လက်ရွေးစင် အသင်းကိုပါ တစ်ဦးတည်း တာဝန်ယူခွင့် ရရှိခဲ့သူ ဖြစ်သည်။

"ရလဒ်ဆိုးအတွက် ပရိသတ်တွေကို ကျွန်တော် စိတ်မကောင်းလွန်းလို့ ရှိခိုးတောင်းပန် ချင်ပါတယ်။ ပတ်ဆောင်ဟွာနဲ့ ကျွန်တော်တို့ရဲ့ လက်တွဲမှုက ဒီမှာပဲ ရပ်ပါပြီ။ သူနဲ့ စာချုပ်သက်တမ်း ကျန်နေသေးပေ မယ့် ဆက်ပြီး လက်တွဲတော့မှာ မဟုတ်ပါဘူး"ဟု မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥကဌ ဦးဇော်ဇော်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာ အသင်းသည် အုပ်စုနောက်ဆုံးပွဲ ဖြစ်သည့် အင်ဒိုနီးရှားနှင့် ပွဲတွင် သရေရ ပါက အုပ်စုမှ လွတ်မြောက်နိုင်မည် ဖြစ်သော်လည်း ပွဲချိန် ပထမပိုင်းတွင် ပေးခဲ့ရသည့် ပင်နယ်တီဂိုးကြောင့် အုပ်စုအဆင့်မှပင် နှုတ်ဆက်ခဲ့ရပြီ ဖြစ်သည်။ နည်းပြ ပတ်ဆောင်ဟွာသည် အသင်း၏ ပွဲထွက်လူစာရင်းတွင် အဓိက တိုက်စစ်မှူး ကျော်ကိုကိုအား ထည့်သွင်းခဲ့ခြင်း မရှိဘဲ အင်ဒိုနီးရှားကို ရင်ဆိုင် ခဲ့သည်။ ပတ်ဆောင်ဟွာ ၏ အသင်းသည် ပွဲချိန် ပထမပိုင်းတွင် မည်သို့မျှ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ဘဲ အင်ဒိုနီးရှား အသင်း၏ တိုက်စစ်ကို အလူးအလဲ ခုခံခဲ့ရပြီးနောက် ပင်နယ်တီဂိုးကိုပါ ခွင့်ပြုခဲ့ရသည်။ ပတ်ဆောင်ဟွာ အနေဖြင့် ဒုတိယပိုင်းတွင် ကျော်ကိုကို ကို ထည့်သွင်းကာ တိုက်စစ်ဆင်ခဲ့သည်။ သို့သော် မြန်မာ အသင်း၏ ဒုတိယပိုင်း ခြေစွမ်းပြမှုမှာ ရလဒ်ကို မည်သို့မျှ ပြောင်းလဲနိုင်ခြင်း မရှိတော့ဘဲ ပွဲအပြီးတွင် အရှုံးရလဒ်ကိုသာ လက်ခံခဲ့ရခြင်း ဖြစ်သည်။

ပွဲအပြီးတွင် လူထုတ်ပုံနှင့် ပတ်သက် သတင်းထောက်များက မေးမြန်းသောအခါ ပတ်ဆောင်ဟွာက Head to head စနစ်ဖြင့် ဆုံးဖြတ်မည်ကို ကျော်ကိုကိုအား လူစားလဲချိန်ထိ မိမိလုံးဝ မသိခဲ့ကြောင်း ဆိုခဲ့သည်။ ပတ်ဆောင်ဟွာ ၏ အဆိုပါ အပြောအတွက် ဦးဇော်ဇော်မှာ ဒေါသပေါက်ကွဲခဲ့ပြီး နံရံကိုပင် လက်သီးဖြင့် ထိုးခဲ့သေးသည်။ ထို့အပြင် ဦးဇော်ဇော်က ပတ်ဆောင်ဟွာ ၏ အဆိုပါ ပြောဆိုမှုမှာ ခေါင်းရှောင်မှု သက်သက်သာ ဖြစ်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့သည်။

Soccer Myanmar

၈၈ မျိုးဆက်အဖွဲ့၏ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ အကြံပြုချက်များကို လွှတ်တော်လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြမည်

 17-12-2013
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ အကြံပြုချက်များကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြသွားရန်ရှိကြောင်း အဆိုပါအဖွဲ့မှ ဦးကိုကိုကြီးက ဒီဇင်ဘာ ၁၆ တွင် ပြောကြားသည်။

လက်ရှိတွင် ၈၈ မျိုးဆက်အဖွဲ့၏ ခေါင်းဆောင်များအကြားတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းနှင့် လွှတ်တော်ကော်မတီမှ သတ်မှတ်ထားသည့် နောက်ဆုံးထားပေးပို့ရမည့်ရက် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ တင်ပြသွားမည်ဖြစ်ကြောင်း၊ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်ရန်ခက်ခဲအောင် ပြုလုပ်ထားသည့်အချက် ပုဒ်မ ၇၄ ချက်အထိ ရှိနေသည့်အတွက် ၎င်းတို့အနေဖြင့် ပြင်ဆင်လိုသည့် အချက်များ ဆိုခြင်းထက် ပြင်ဆင်သင့်သည့် နိုင်ငံရေးအယူအဆများကိုသာ တင်ပြသွားမည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

"တော်တော်များများက ပုဒ်မတွေနဲ့ ချဉ်းကပ်တာပေါ့။ ကျွန်တော်တို့က ဖွဲ့စည်းပုံကို မြင်တာက နိုင်ငံရေးပြဿနာလို့ပဲမြင်တယ်။ နိုင်ငံရေးသဘောတူညီချက်ရပြီးသွားမှ ဘယ်ဥပဒေတွေကို ပြင်မယ်မပြင်ဘူးဆိုတာကို စဉ်းစားရမှာ။ ကျွန်တော်တို့ကတော့ နိုင်ငံရေးအယူအဆအရသာ ချဉ်းကပ်ချင်တာ"ဟု ၎င်းက ဆိုသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အဓိကအချက်မှာ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုရှိရေးပင်ဖြစ်ကြောင်း၊ လက်ရှိဖွဲ့စည်းပုံတွင် လုံခြုံရေးအတွက် ကြိုတင်ကာကွယ်ထားသည့် အချက်များပါနေကြောင်း၊ တစ်ဦးနှင့်တစ်ဦးသာ ယုံကြည်မှုရှိလာပြီး ယင်းကဲ့သို့ ကြိုတင်ကာကွယ်ထားသည့် အချက်များလျော့ပါးသွားပြီး ပြေလည်သွားမည်ဟု ထင်ကြောင်းလည်း ၎င်းက ပြောကြားသည်။

ဦးကိုကိုကြီးက "အဓိကကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေက စကားလုံးတွေ၊ ပုဒ်မတွေဆိုတာက လူကဖန်တီးထားတာပဲ။ တကယ်တော့ အဖွဲ့အစည်းတွေကြား၊ လူတွေကြားထဲမှာ ယုံကြည်မှုရဖို့က အရေးကြီးတယ်။ အဲဒါပြီးသွားရင် ဖွဲ့စည်းပုံက အားလုံးသဘောတူညီတဲ့ ဖွဲ့စည်းပုံဖြစ်သွားမှာပေါ့။ ယုံကြည်မှုမရမချင်းကတော့ တစ်ယောက်ကိုတစ်ယောက်၊ တစ်ဖက်ကိုတစ်ဖက် ပိတ်ဆို့ထားတာတို့၊ အပေါ်စီးယူထားတာတို့ အချက်တွေကရှိနေမှာပဲ"ဟု ဆိုသည်။

ပြည်ထောင်စုလွှတ်တော်အနေဖြင့် တပ်မတော်သားများအပါအ၀င် လွှတ်တော်တွင်းပါဝင်သော ပါတီအသီးသီးမှ ကိုယ်စားလှယ်များဖြင့် လွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီအနေဖြင့် လေ့လာသုံးသပ်တွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ တင်ပြသွားရမည် ဖြစ်သည်။

လက်ရှိတွင် အဆိုပါကော်မတီသို့ တင်ပြရန် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြန်မာနိုင်ငံအနှံ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ် ပြည်သူ့ဆန္ဒသဘောထားများ လိုက်လံကောက်ယူနေသကဲ့သို့ အခြားအဖွဲ့အစည်းအချို့မှလည်း ပြည်သူ့ဆန္ဒသဘောထား ကောက်ယူမှုများ ပြုလုပ်ကာ အဆိုပါကော်မတီသို့ တင်ပြမှုများရှိနေကြောင်း သိရသည်။
Eleven Media Group

Monday, December 16, 2013

ပြုံးပြုံးလေးနေခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

16-12-2013 ပြုံးပြုံးလေးနေတာက သင့်ကို ပုံမှန်ထက် ပိုတောက်စေတဲ့အပြင် သင့်ခန္ဓာကိုယ်ကိုလည်း ကောင်းကောင်း အလုပ်လုပ်စေပါတယ်။ အပြုံးကြောင့် သင့်ကျန်းမာရေး ကို ကောင်းမွန်စေသလို ဖိစီးမှုအဆင့်ကို လျော့ကျကာ ဆွဲဆောင်မှုရှိစေပါတယ်။

(၁) အပြုံးက သင့်ကို ဆွဲဆောင်မှုရှိစေ ပါတယ်

လူတွေကို ပြုံးနေတဲ့ပုံဆွဲလိုက်တဲ့အခါ တည်တဲ့ပုံတွေ ထက် ပိုပြီးဆွဲဆောင်မှုရှိတာကို လေ့လာမှုတွေအရ သိရ ပါတယ်။ မျက်မှောင်ကြုတ်တာ၊မျက်စောင်းထိုးတာ စတဲ့ အပြုအမူတွေက မျက်နှာကို ရှိရင်းစွဲ အသက်ထက် ပိုရင့် သလို ဖြစ်စေကာ ပြုံးတာက ငယ်နုတဲ့အသွင်ရစေတာ
ကြောင့်ပါ။

(၂) အပြုံးက စိတ်ကိုပြောင်းစေနိုင်တယ်

နောက်တစ်ခါ သင်စိတ်ဓာတ်ကျနေရင် ပြုံးနိုင်အောင် ကြိုးစားပြီး ပြုံးကြည့်လိုက်ပါ။ စိတ်ခံစားမှုက အကောင်းဘက်ကို ပြောင်းလဲသွားပါလိမ့်မယ်။ ပြုံးတာက စိတ်ကို ပြောင်းလဲစေတဲ့ လှည့်ကွက်တစ်ခုပါပဲ။

(၃) အပြုံးက ကူးစက်တတ်ပါတယ်

လူတစ်ယောက်က ပြုံးနေရင် အဲဒီအခန်းက လင်းနေသလိုပဲ တခြားလူတွေရဲ့စိတ်ကိုပါ ပျော်ရွှင်လာစေပါ တယ်။ ပြုံးနေတဲ့သူဟာ တခြားလူတွေဆီ ပျော်ရွှင်မှုကို သယ်ဆောင်လာတာပါ။

(၄) အပြုံးက စိတ်ဖိစီးမှုကို သက်သာစေပါတယ်

စိတ်ဖိစီးမှုဖြစ်နေရင် မျက်နှာမှာပေါ်လွင်နေပါတယ်။ အဲဒီအချိန်မှာ ပြုံးလိုက်ရင် သင်ရဲ့ ပင်ပန်းစိတ်ဓာတ် ကျပြီး နွမ်းနယ်နေတဲ့ပုံပျောက်သွားပါလိမ့်မယ်။

(၅) အပြုံးက ကိုယ်ခံစွမ်းအားစနစ်ကိုမြင့်တက်စေပါတယ်

ပြုံးတာကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းကောင်းအလုပ်လုပ်အောင် ကူညီနိုင်ပါတယ်။
ပြုံးလိုက်တဲ့အခါ ခုခံအားဆိုင်ရာလုပ်ငန်းဆောင်တာတွေက ကောင်းမွန်သွားတာကြောင့် အပန်းပြေစေပါ တယ်။

(၆) အပြုံးက သွေးဖိအားကိုလျော့ကျစေပါတယ်

ပြုံးလိုက်တဲ့အခါ သွေးဖိအားက သိသိသာသာလျော့ကျသွားပါတယ်။ အိမ်မှာ မိနစ်အနည်းငယ်ကြာထိုင်ပြီး
သွေးပေါင်တိုင်းကြည့်ပါ။ တစ်မိနစ်လောက်ပြုံးပြီး ပြုံးနေရင်းမှာပဲ သွေးပေါင်ထပ်တိုင်းကြည့်ပါ။ ခြားနားချက် ကို သင်တွေ့ရပါလိမ့်မယ်။

(၇) အပြုံးက ကောင်းတဲ့အရာတွေထွက်စေတယ်

လေ့လာမှုတွေအရ ပြုံးတာကြောင့် အန်ဒေါ်ဖင်၊ သဘာဝ အကိုက်အခဲပျောက်ဆေးနဲ့ ဆီရိုတိုနင်စတဲ့
ကောင်းတဲ့ဓာတ်တွေ ထွက်ရှိလာတာကို တွေ့ရပါတယ်။ ဒါကြောင့် ပြုံးတာကို သဘာဝဆေးဝါး တစ်လက် လို့ ဆိုကြတာပါ။

(၈) အပြုံးက မျက်နှာကို ပင့်တင်ပေးပြီး နုပျိုစေပါတယ်

ပြုံးလိုက်တဲ့အခါမှာ ကျွန်မတို့သုံးလိုက်တဲ့ ကြွက်သားတွေက မျက်နှာကို ပင့်တင်ပေးလိုက်သလိုဖြစ်စေတာကြောင့် ပိုနုပျိုတဲ့ ပုံဖြစ်သွားစေပါတယ်။

(၉) အပြုံးက အောင်မြင်သူတစ်ဦးလို ထင်ရစေတယ်

ပြုံးနေတဲ့သူတွေကို ကြည့်ရတာ ယုံကြည်မှုပိုရှိတဲ့ဟန်ပေါက်စေပြီး လုပ်ငန်းကိစ္စတွေမှာ စိတ်ချရတဲ့ပုံပေါက်စေပါတယ်။ အစည်းအဝေးတွေနဲ့ အရေးကြီးတဲ့ တွေ့ဆုံမှုတွေမှာ များများပြုံးလိုက်ပါ။ အရင်နဲ့မတူတဲ့တုံ့ပြန် မှုကို ရရှိလာပါလိမ့်မယ်။

(၁၀) အပြုံးက အကောင်းမြင်စေပါတယ်

ပြုံးပြုံးလေးနေရင်း တစ်ခုခုကို အဆိုးဘက်က တွေးကြည့်ဖို့ မလွယ်ပါဘူး။ သင်ပြုံးလိုက်တဲ့အခါမှာ ဦးနှောက် ဆီကို “ဘ၀က နေပျော်စရာကောင်းတယ်” ဆိုတဲ့ သတင်းပေးပို့မှု ရောက်ရှိသွားတာကြောင့် ဖြစ်ပါတယ်။

ပြုံးပြုံးလေးနေရင်း စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုနဲ့ ပူပင်သောကတွေကို ဖယ်ရှားလိုက်ပါ။

မှ - (ngwesusan.blogspot.com)

Nway Wint


ပင်းတယလေပြင်း အိမ် ၃၆ လုံး ပျက်စီး၊ ကလေးနှစ်ဦး ဒဏ်ရာရ

16.12.2013

ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့နယ်တွင် ဒီဇင်ဘာလ ၁၄ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၃၀ ခန့်က လေပြင်းတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာလေးရွာမှ လူနေအိမ် ၃၆ လုံး ပျက်စီးခဲ့ပြီး အသက် ၁၆ နှစ်အောက် ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း လေဘေးသင့်သူ များကို သွားရောက် ကူညီပေးသည့်အဖွဲ့မှ ကိုတိုးက ပြောကြားသည်။

မိုးရွာသွန်းချိန် လေပြင်း တိုက်ခတ်မှုကြောင့် ကူးကော်၊ ဝါးပြား၊ ဒရယ်အင်းနှင့် စံသီကုန်း ကျေးရွာတို့မှ လူနေအိမ်များ ပျက်စီးခဲ့ပြီး ဝါးပြားရွာတွင် နေထိုင်သူ အသက် ၁၄ နှစ်အရွယ် မောင်ဇော်မင်းထွန်းမှာ နေအိမ်ထုပ်တန်း ဦးခေါင်းပေါ် ပြုတ်ကျသဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း၊ အသက် ၁၅ နှစ် မစိုးစန္ဒာထွန်းမှာ အိမ်ခေါင်မိုးပေါ်မှ အုတ်ခဲပြုတ်ကျ ထိမှန်သဖြင့် နဖူးတွင် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သောကြောင့် ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။
“ခေါင်းပေါ် ထုပ်တန်းပြုတ်ကျတဲ့ ဒဏ်ကြောင့် ဖြစ်ဖြစ်ချင်း ကောင်လေးက သတိမေ့သွားတာ။ ဒီနေ့ နံနက် ၁၀ နာရီအထိ သတိမရသေးဘူး” ဟု လေဘေးဒဏ်သင့်သူများကို သွားရောက် ကူညီ ထောက်ပံ့ပေးသောအဖွဲ့မှ ကိုတိုးက ရှင်းပြသည်။

လေပြင်း တိုက်ခတ်မှုကြောင့် ကူးကော်ကျေးရွာမှ လူနေအိမ် ၂၃ လုံးနှင့် အခြေခံပညာ အထက်တန်း ကျောင်းတစ်ကျောင်း၊ ဝါးပြားကျေးရွာမှ လူနေအိမ် ၁၁ လုံး၊ ဒရယ်အင်းကျေးရွာမှ လူနေအိမ် နှစ်လုံး၊ စံသီးကုန်းကျေးရွာမှ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ဓမ္မာရုံတစ်ရုံနှင့် မီးစက် အဆောက်အအုံ တစ်လုံးတို့ အမိုးလန် ပျက်စီးခဲ့ကြောင်း၊ ကူးကော်ကျေးရွာရှိ နေအိမ်နှစ်လုံးနှင့် ဝါးပြားကျေးရွာမှ နေအိမ်နှစ်လုံးတို့ ပြိုလဲပျက်စီးခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲခန့်တွင် လေပြင်းတိုက်ခတ်မှု ရပ်တန့်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
“မိုးရွာပြီး ၁၅ မိနစ်လောက်အကြာမှာ လေပြင်းတွေ ကျလာတာ။ ပင်းတယမှာ ဒီလိုရာသီမျိုးမှာ လေပြင်းတိုက်တာ တစ်ခါမှ မဖြစ်ဖူးဘူး။ ဒီနေ့လည်း မိုးတစ်နေကုန် ရွာပေမယ့် လေမတိုက် တော့ဘူး” ဟု လေဘေးသင့်သူများကို သွားရောက် ကူညီပေးသည့်အဖွဲ့မှ ကိုတိုးက ပြောကြားသည်။

လေပြင်းတိုက်ခတ်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေဘေးသင့် ဒေသခံ ၅၀ ကျော် ကို ပင်းတယမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနတို့မှ သွားရောက်ကာ ကူညီ ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice

ကွာရှင်းထားသော လင်မယားနှစ်ဦး နှင့်အတူ သုံးလအရွယ် သမီးကလေးတို့အား သုံးလောင်ပြိုင်သတ်မှု ဖြစ်ပွား

ကွာရှင်း ပြတ်စဲထားသော လင်မယားနှင့် သုံးလသမီးတို့၏ သုံးလောင်းပြိုင် ဓားဒဏ် ရာများဖြင့်သေဆုံးနေ သည့်ဖြစ်ရပ်တစ်ခု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ လွယ် လုံကျေးရွာအုပ်စု ဟွေလုံကျေး ရွာ အရှေ့မြောက်ဘက် တစ်မိုင် ကွာ လယ်တောစပ်တွင်ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဟွေလုံကျေးရွာ၏ အရှေ့ မြောက်ဘက်ရှိ ဟွေလုံကျေးရွာ ပိုင် ရိတ်သိမ်းပြီးလယ်ကွက်အနီး တောစပ်တွင် ကျိုင်းတုံမြို့နယ် လွယ်လုံကျေးရွာအုပ်စု ကတ်ရိုး ကျေးရွာနေ ၂၁နှစ်အရွယ် မောင် အားကျဲမှာ ဝမ်းဗိုက်အတွင်းမှ အူ များထွက်၊ လည်ပင်း တွင် တစ်လက်မခွဲခန့် ထိုးသွင်းဒဏ်ရာနှစ် ချက်၊ ယာဘက်နားအောက်ဘက် တွင် တစ်လက်မခန့်ပြတ်ရှဒဏ်ရာ နှစ်ချက်တို့ရရှိကာ သေဆုံးလျက်ရှိ နေသည်ကို ပထမစစ်ဆေးတွေ့ရှိ ရသည်။

မောင်အားကျဲအလောင်း ၏ အနောက်မြောက်ဘက်ကိုက် ၁ဝဝခန့်အကွာတွင် ၁၈နှစ်အရွယ် မဘူးချွန်အား လည်ပင်းတွင် ပြတ် ရှဒဏ်ရာတစ်ချက်၊ ယာဘက်နို့ အုံအောက်ဘက်တွင် ထိုးသွင်း ဒဏ်ရာနှစ်ချက်တို့ဖြင့် သေဆုံး နေပြီး မဘူးချွန်၏ အလောင်း နှင့် အတူ စောင်နှင့်ပတ်၍ပွေ့ချီထား သော သုံးလသားအရွယ် မ.. .ကိုလည်း လည်ပင်းတွင်ပြတ် ရှဒဏ်ရာသုံးချက်ရရှိကာ သေ ဆုံးလျက်ရှိနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ကြကြောင်း သိရသည်။

မောင်အားကျဲနှင့် မဘူးချွန် တို့မှာ စိတ်သဘောထားချင်း မ တိုက်ဆိုင်၍ လွန်ခဲ့သောတစ်လ ခန့်က လူကြီးများရှေ့တွင် ကွာ ရှင်းထားသော ဇနီးမောင်နှံဖြစ် ပြီး မ....မှာ ယင်းတို့၏ရင် သွေးငယ်ဖြစ်ကြောင်း သိရသည်။ ဟွေလုံကျေးရွာပိုင် လယ် မြေအနီး တောစပ်တွင် ဒီဇင်ဘာ ၁၂ရက် နံနက် ၁၁နာရီခွဲခန့်က အမျိုးသားတစ်ဦး၏ အလောင်း တစ်လောင်းအားတွေ့ရှိရကြောင်း လွယ်လုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ခမ်း၏ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားချက် အရ ကျိုင်းတုံ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ဝင်း၊ ကျိုင်း တုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင် မောင်သိန်း၊ ကျိုင်းတုံမြို့ မြို့မရဲ စခန်းမှ တပ်ဖွဲ့ဝင်များ၊ ကတ် တောင်ကျေးရွာ ရဲကင်းစခန်းမှူး ဒုတိယရဲအုပ်ကျော်မိုး၊ လွယ်လုံ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး ၊ ဟွေလုံရွာသူကြီးတို့သည် အခင်း ဖြစ်နေရာသို့ သွားရောက်ကြည့် ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ အမှုဖြစ်စဉ်နှင့်ပတ် သက်၍ ပြစ်မှုကျူးလွန်သူအား အမြန်ဆုံး စုံစမ်းဖော်ထုတ်ဖမ်း ဆီးအရေးယူနိုင်ရန် ကျိုင်းတုံမြို့ မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယ ရဲမှူး ရဲကြည်က (ပ)၁၄၀/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ-၃၀၂အရ အ မှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နဒီဧရာ
Yangon Media Group

အနုပညာရှင်များ ထိန်းသိမ်းနေထိုင် ပြောဆိုကြရန် ရုပ်ရှင် အစည်းအရုံး ကြေညာချက်ထုတ်

အနုပညာရှင်များ အနေနှင့် ရုပ်ရှင် ရိုက်ကွင်းများ၊ ဖျော်ဖြေပွဲများ၊ လူအများ သွားလာ အပန်းဖြေရာ နေရာများသို့ အလုပ်ဖြင့် လည်းကောင်း၊ အပေါင်းအသင်းများနှင့် အပျော်တမ်းသွားလာ စားသောက်ရာတွင် လည်းကောင်း မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်မှု၊ အနေ အထိုင် အပြောအဆို အပြုအမူများမှအစ ကိုယ်ကျင့်တရားနှင့် မိမိတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းကြရန် ရုပ်ရှင်အစည်းအရုံး နာယကကြီးများက မေတ္တာရပ်ခံကြောင်း ကြေညာချက် တစ်စောင်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

“ဒီကြေညာချက်ကတော့ အနုပညာရှင်တွေ အနေနဲ့ ဝတ်စားဆင်ယင်တဲ့ နေရာမှာပဲ ဖြစ်ဖြစ်၊ နယ်ရိုက်ကွင်းတွေ သွားတဲ့အခါပဲ ဖြစ်ဖြစ် သတိလေးထားပြီး နေထိုင်သွားလာ ဝတ်ဆင်ကြဖို့ ကြေညာချက် ထုတ်တာပါ။ ကိုယ်ကတော့ ကိုယ်လုပ်တာ ဘယ်သူမှ မသိဘူးလို့ ထင်ချင် ထင်လိမ့်မယ်။ နောက်ပြီး အခုခေတ်က IT ခေတ် ဖြစ်တဲ့အတွက် ကိုယ့်သတင်းတွေက ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ထွက်လာနိုင်တယ်။ အဲဒီအတွက် သတိလေးထားပြီး နေကြဖို့ ပြောချင်တာ ပါ” ဟု ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရုပ်ရှင်အစည်းအရုံး နာယက အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဒါရိုက်တာ ဦးနှင်းမိုးက ပြောကြားသည်။

ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူ လူကြီးများ၏ မေတ္တာ ရပ်ခံချက် ဖြစ်သည့်အတွက် လိုက်နာရမည်ပင် ဖြစ်ကြောင်း၊ ဒီမိုကရေစီခေတ်တွင် လွတ်လပ်စွာ နေထိုင် နိုင်ကြသော်လည်း လူတိုင်းသည် ကိုယ့်စည်း၊ ကိုယ့်ဘောင်နှင့် နေထိုင်နိုင်ကြပါက အကောင်းဆုံး ဖြစ်ကြောင်း၊ ယခုကတည်းက ကိုယ့်အသိစိတ်ဓာတ်နှင့်ကိုယ် ထိန်းထိန်း သိမ်းသိမ်း နေထိုင်ကြရမည် ဖြစ်ပြီး ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်လာသည်မှာ သိက္ခာကျကြောင်း သရုပ်ဆောင် အေးမြတ်သူက ဆိုသည်။

ယခုကဲ့သို့ ထုတ်ပြန်ချက်မျိုးကို အစိုးရ အဆက်ဆက်ကလည်း ထုတ်ခဲ့ဖူးပြီး အရေးကြီးသည်မှာ မိမိ၏ ပင်ကို အသိစိတ်ဓာတ်နှင့် ထိန်းသိမ်းသည်ကသာ အကောင်းဆုံး ဖြစ်ကြောင်း၊ ကြေညာချက် ထုတ်ပြန်ရုံနှင့်လည်း လိုက်နာကြမည်ဟု မထင်ကြောင်း၊ လတ်တလောတွင်လည်း မလုပ်သင့်သည်ကို လုပ်သည့် အနုပညာရှင်များကို ပရိသတ်များက ဒဏ်ခတ်နေပြီး ထိုသို့ မလုပ်ပါက အပြောခံရမည် မဟုတ်ကြောင်း ဒါရိုက်တာဝိုင်းက ပြောကြားသည်။
  The Voice Weekly 

ရေ (လုံးဝ) မသောက်သင့်ဆုံးအချိန်

ဘယ်အချိန်များက ရေသောက်ရန်အသင့်တော်ဆုံး အချိန်များဖြစ်ပါသလဲ?
(ရေခဲရေနဲ့ ရေနွေးတွေကို မဆိုလိုပါ။ ရိုးရိုးသောက်ရေသန့်ကိုသာသောက်ပါ)

(၁) တညတာလုံးငြိမ်သက်နေတဲ့ ခန္ဒာကိုယ်တွင်း ကလီစာများကို ပြန်လည်တက်ကြွလာအောင် လှုံ့ဆော်ပေးဖို့ နံနက်အိပ်ယာ ထတာနဲ့ သောက်ရေ ၂-ခွက် သောက်ပေးရပါမယ်။

(၂) အစာကြေညက်စေဖို့ ထမင်းမစားခင် နာရီဝက်ကြိုတင်၍ ရေ ၁- ခွက် သောက်ပေးရပါမယ်။

(၃) သွေးခုန်နှုန်းမှန်စေရန်နဲ့ သွေးကျစေဖို့ ရေမချိုးခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။

(၄) လေဖြတ်/နှလုံးရောဂါတွေ မဖြစ်အောင် ညမအိပ်ခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။

(၅)အိပ်ပျော်နေစဉ် ခြေသလုံးကြွက်သားတွေ ကြွက်တက်ခြင်း မဖြစ်ရလေအောင် ညဘက်တရေးနိုးတဲ့အခါ ရေထသောက်ပေးပါ။

- ရေ(လုံးဝ) မသောက်သင့်ဆုံးအချိန်က ဘယ်အချိန်ဖြစ်ပါသလဲ ?
အမေရိကန် ကျန်းမာရေးသုတေသီတွေရဲ့ စစ်တမ်းများအရ ကမ္ဘာပေါ်မှာ တရုပ်နဲ့ ဂျပန်လူမျိုးတွေမှာ အူကင်ဆာရောဂါဖိစီးခံရမှု အနည်းဆုံး ဖြစ်ကြပါတယ်တဲ့။

အကြောင်းရင်းကတော့ ထိုလူမျိုးတွေက ထမင်းစားနေစဉ်မှာ ရေခဲရေ/ ရိုးရိုးရေအေး မသောက်ကြဘဲ၊ ရေနွေးဖြူ(သို့မဟုတ်)လ္ဘက်ရည်ကြမ်း ပူပူကိုသာ သောက်သုံးလေ့ရှိလို့ပါဘဲ။

အထူးသဖြင့် ထမင်းစားရင်း ရေခဲရေ အေးအေးသောက်တဲ့အခါ ဟင်းလျာထဲမှာပါရှိတဲ့အဆီအနှစ်တွေက(ဥပမာပြရရင် ရေခဲရေနဲ့ တွေ့တဲ့အခါ ဟင်းအဆီတွေက) အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရွံ့စေးအနယ်အနှစ်များသဖွယ် ခဲပျစ်သွားတတ်ကြပြီး၊ အစာကောင်းစွာ မချက်ပြုတ်နိုင်တော့ဘဲ အူကင်ဆာဖြစ်လာစေပါတယ်။
ဒါ့ပြင် ထမင်းဟင်း ပူပူစားရင်း ရေခဲရေအေးအေးသောက်လိုက်တဲ့ အခါများမှာလည်း၊ အပူအအေး တပြိုင်နက်တည်း တွေ့ လိုက်တာကြောင့် အစာအိမ်ကို ကသိကအောက်ဖြစ်စေပါတယ်။ အပူအအေး တန်ပြန်သက်ရောက်မှုက အစာအိမ် အက်ဆစ်ထွက်ရှိမှုကို ကမောက်ကမ ဖြစ်လာပြီး ဗိုက်နာဗိုက်အောင့်စေပါတော့တယ်။

ဒါကြောင့် ထမင်းစားနေစဉ်မှာ ရေခဲရေ/သောက်ရေအေးတို့ဖြင့် မျှောမချဘဲ ဟင်းချိုပူပူ(သို့မဟုတ်)ရေနွေးဖြူ(သို့မဟုတ်)ရေနွေးကြမ်းတို့ဖြင့်သာ ထမင်းလုပ် မနင်အောင်မျှောချကြပါရန်နှင့် ထမင်းစားပြီး အနည်းဆုံး နာရီဝက်ကျော်ကြာမှသာ သောက်ရေအေးသောက်ကြပါရန် အမေရိကန်ရှိ ကျမ္မာရေးသုတေသီများက Daily Health Tips (ခေါ်) အင်တာနက်သတင်းမှာ အကြံပေးဖော်ပြသွားခဲ့ပါတယ်။

သို့ပါ၍ ဤကျန်းမာရေးဆောင်းပါးကို ဖတ်ရှုပြီးနောက်၊ မိမိကိုယ်ကို ဆင်ခြင်ကြပြီး၊ မိသားစု/ဆွေမျိုး/မိတ်ဆွေများအားလုံးကိုလည်း ကျန်းမာရေးအသိပေး မျှဝေပေးခြင်းဖြင့် လူ ၁၀-ယောက်မှာ အနည်းဆုံး၁-ယောက်ကို အသက်ကို ကင်တင်နိုင်မှာ ဖြစ်ပါကြောင်း အသိပေးနှိုးဆော်လိုက်ရပါတယ်။


(မိတ်ဆွေများ ကျမ္မာသုတရစေဖို့ မျှဝေလိုက်ရပါတယ်)
post by နှင်းဆီဖူးလေးများ-Love BUDS

Miss Asean 2013 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ငွေနှင်းမှုန်နှင့် ၀မ်းသီရိဖြိုး ၀င်ရောက်ယှဉ်ပြိုင်မည်

Miss Asean 2013 ပြိုင်ပွဲကို မြန်မာနိုင်ငံက ငွေနှင်းမှုန်နှင့်ဝမ်းသီရိဖြိုးတို့ ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ် သည်။ ယင်းပြိုင်ပွဲကို ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကာ ယခုယှဉ်ပြိုင်ခြင်း သည် မြန်မာနိုင်ငံအနေဖြင့် တတိယအကြိမ်မြောက် ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း မော်ဒယ်ငွေနှင်း မှုန်က မဇ္ဈိမသို့ ပြောသည်။

“ညီမတို့ ဒီပြိုင်ပွဲမှာပါဖို့ ကြိုးစားထားပါတယ်။ အင်္ဂလိပ်စကားပြောကို အဓိကထား ပြင်ဆင်ထားသလို အားကစားပိုင်းကိုလည်း ပြင်ဆင်နေ ပါတယ်။ အစစအရာရာ အကုန်လုံး လေ့လာရပါတယ်။ နောက်ပြီး ခန္ဓာကိုယ်အလှတွေရော ဂရုစိုက်နေပါတယ်”ဟု ပြောသည်။

ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရန်အတွက် ပြိုင်ပွဲဝင်များသည် ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီတွင် TG-304 လေယာဉ်ဖြင့် မြန်မာနိုင်ငံက ထွက်ခွာမည်ဖြစ်သည်။ ယင်း Miss Asean 2013 ပြိုင်ပွဲကို Miss Asean Organization မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ chiang Rai (ချင်းယွိုင်) မြို့နှင့် Golden Tringle (ရွှေတြိဂံ)တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကာ ဒီဇင်ဘာ ၂၅ ရက်တွင် မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိကြမည် ဖြစ်သည်။ ယင်းပြိုင်ပွဲကို အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ တစ်နိုင်ငံလျှင် နှစ်ဦး ပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားခြင်း ဖြစ်သည်။

အဆိုပါပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်း မှ မော်ဒယ်အေဂျင်စီများနှင့်star & model int’l တို့ကို Miss Asaen Organization က အောက်တိုဘာလတွင် လာရောက် ချိတ်ဆက် ခြင်းဖြစ်ပြီး star & model အေဂျင်စီက မော်ဒယ် ၁၀ ဦး ၀င်ရောက်ယှဉ်ပြိုင် ခဲ့ခြင်း ဖြစ်ရာ ပွဲကျင်းပရေး ကော်မတီက ငွေနှင်းမှုန်နှင့် ၀မ်းသီရိဖြိုး တို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များ ၏ အလှပုံများ၊ အင်္ဂလိပ်စာ ကျွမ်းကျင်ပိုင်နိုင်မှုများ၊ နိုင်ငံတကာ ဗဟုသုတအတွေးခေါ်များ၊ ပညာအရည် အချင်းများ၊ ပြည်တွင်းအထွေထွေ ဗဟုသုတများကို ဗီဒီယိုဖိုင်များ ရိုက်ကူးပြီး ပြိုင်ပွဲကျင်းပရေးကော်မတီ ကို ပေးပို့ရခြင်း ဖြစ်သည်။

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့်သူများ၏ ကုန်ကျစရိတ်များကို ပွဲကျင်းပသည့် ကော်မတီက ကျခံပေး ခြင်းဖြစ်ပြီး Miss Asean 2013 ဘတ်တစ်သန်း၊ 1st runner up ဘတ်ငါးသိန်း၊ 2nd runner up ဘတ် နှစ်သိန်းနှင့် တခြားသောဆုများကိုလည်း ပေးအပ် ချီးမြှင့်မည် ဖြစ်သည်။

ယင်းပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ ဒီဇိုင်နာမျိုးမင်းစိုး(MDY)၊ ဂျိုကာ၊ ဖြိုးပြည့်အောင်၊ ဇော်ဇော်(MDY)၊ လက်ဝတ်ရတနာနှင့် ၀တ်စုံကို မေဦးမောင်(တော်ဝင်သူ)၊ လင်းလင်း (make-up artist) တို့က ပါဝင် ကူညီကြမည် ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့်Miss Asean ပြိုင်ပွဲကို ၂၀၀၅ ခုနှစ်တွင် စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အိရူပါဝင်းသည် Miss personality ဆုကို ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် နှင်းယမုံဦးနှင့် ခင်ရူပတို့ ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း ဆုမရရှိခဲ့ကြောင်း သိရသည်။

Mizzima - News in Burmese

My Blog List